Tuesday, December 23, 2025
Home » ကျောက်ဖြူတွင် တရုတ်ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ စစ်ကောင်စီရဲ့ ခရိုင်တိုင်းဦးစီးမှူးတို့ တရုတ်စီမံကိန်း အထူးစီးပွားရေးဇုန်နဲ့ ရေနက်ဆိပ်ကမ်း စီမံကိန်းလုပ်ကွက်ကို ကွင်းဆင်းစစ်ဆေး

ကျောက်ဖြူတွင် တရုတ်ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ စစ်ကောင်စီရဲ့ ခရိုင်တိုင်းဦးစီးမှူးတို့ တရုတ်စီမံကိန်း အထူးစီးပွားရေးဇုန်နဲ့ ရေနက်ဆိပ်ကမ်း စီမံကိန်းလုပ်ကွက်ကို ကွင်းဆင်းစစ်ဆေး

0 79
79

🟥ကျောက်ဖြူမြို့ လုံခြုံရေးအတွက် တရုတ်လုပ်သားတွေကိုပါ အသုံးပြုနေ

တရုတ်စီမံကိန်းများတည်ရှိရာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် မဒေးကျွန်းရှိ အထူးစီးပွားရေးဇုန်နဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်းတည်ရှိတဲ့ လုပ်ကွက်အတွင်းကို တရုတ် စီမံကိန်းရေးရာထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ စစ်ကောင်စီရဲ့ ကျောက်ဖြူခရိုင်တိုင်းဦးစီးမှူးတို့က စီမံကိန်းများ ပြီးမြောက်မှုအခြေအနေကို   လာရောက်ကြည့်ရှုစစ်ဆေးခဲ့လို့ သိရပါတယ်။ 

ဇူလိုင်၃ရက်နေ့က ကျောက်ဖြူအထူးစီးပွားရေးဇုန်နဲ့ ရေနက်ဆိပ်ကမ်း စီမံကိန်းတွေ လက်ရှိ ပြီးမြောက်မှုအခြေအနေ၊ လုပ်သားများလုပ်ငန်းလည်ပတ်မှုအခြေအနေနဲ့ လုံခြုံရေးအခြေအနေတွေကို အဓိကစစ်ဆေးမေးမြန်းခဲ့တယ်လို့လည်း မဒေးကျွန်းဒေသခံတွေဆီက သိရပါတယ်။ 

“တရုတ်က စီမံကိန်းထိပ်ပိုင်းခေါင်း ဆောင်တွေပါတယ်။ စစ်တပ်ကတော့ ခရိုင်တိုင်းဦးစီးမှူးတွေပါတယ်။အဓိကကတော့ ကျောက်ဖြူမှာ တိုက်ပွဲတွေဖြစ်ပွားနေတော့ စီမံကိန်းပြီးစီးမှု အခြေအနေတွေ၊ ဝန်ထမ်းလုံခြုံရေးတွေကို လာကြည့်တာဖြစ်တယ်”

လို့ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းနဲ့ နီးစပ်တဲ့ မဒေးကျွန်းဒေသခံတစ်ဦးက ဆက်ပြောပါတယ်။

ရေနက်ဆိပ်ကမ်း စီမံကိန်းကို တရုတ်ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ကျောက်ဖြူတိုင်းဦးစီးမှူးတို့ လာရောက်ကြည့်ရှုစဥ်အတွင်း စီမံကိန်းတစ်လျှောက်နေရာတွေမှာ စစ်ကောင်စီတပ်က လုံခြုံရေးအပြည့်နေရာယူထားတယ်လို့လည်း သိရပါတယ်။ 

လက်ရှိ ကျောက်ဖြူမြို့နဲ့ ၄ မိုင်အကွာမှာရှိတဲ့ အမှတ် ၃၂ ရဲတပ်ရင်းအနီးမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA တို့ တိုက်ပွဲတွေ ပြင်းထန်နေပေမဲ့လည်း တရုတ်နဲ့ စစ်ကောင်စီတို့ဟာ ကျောက်ဖြူအထူးစီပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းကို ပြီးမြောက်အောင် လုပ်ဆောင်မဲ့သဘော ရှိတယ်လို့လည်း ကျောက်ဖြူဒေသခံတစ်ဦးက ဆိုပါတယ်။ 

“ဒီစီမံကိန်းတွေက တရုတ်အတွက်ရော့၊ စစ်ကောင်စီအတွက်ပါ အကျိုးအမြတ်တွေ အများကြီးရလာမှာဆိုတော့ စီမံကိန်းကို ပြီးစီးအောင်လုပ်မဲ့သဘောရှိတယ်။ နောက်ပြီး AA ကိုလည်း စစ်ကောင်စီက တရုတ်ဖိအားတွေနဲ့ ဒီစီမံကိန်းတွေကို အကြောင်းပြပြီး ဖိအားပေးလာနိုင်တယ် ”

လို့ ကျောက်ဖြူ စီမံကိန်းအခြေအနေကို သိရှိတဲ့ မဒေးကျွန်းဒေသခံ နောက်တစ်ဦးက ဆက်ပြောပါတယ်။ 

တစ်ဖက်မှာလည်း ကျောက်ဖြူမြို့သိမ်း တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် စစ်ကောင်စီဟာ ကျောက်ဖြူမြို့ပေါ်က တရုတ်လုပ်သားတွေကို စစ်ရေးလုံခြုံရာ စီမံကိန်းတွေရှိတဲ့ မဒေးကျွန်းကို ပို့ထားရတယ်လို့လည်း သိရပါတယ်။ 

ကျောက်ဖြူစီမံကိန်းတွေဟာ တရုတ်အစိုးရရဲ့ စီးပွားရေး မဟာဗျူဟာ စီမံကိန်းတစ်ခုဖြစ်ပြီး Belt and Road Initiative (BRI) ခေါင်းစဥ်အောက်မှာ ရှိပြီးတော့ အမေရိကန် ဒေါ်လာ ၇ ဘီလီယံကျော် တန်ဖိုးရှိတဲ့ စီမံကိန်းတွေဖြစ်ပါတယ်။ 

ကျောက်ဖြူအထူးစီးပွားရေးဇုန်နဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်း မူဘောင်သဘောတူညီချက်စာချုပ်ကို တရုတ်ကုမ္ပဏီ (CITIC) နဲ့ မြန်မာအစိုးရတို့က ၂၀၁၈ ခုနှစ်က ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ် (Concession Agreement) ကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၅ ရက်နေ့မှာ ချုပ်ဆိုခဲ့တာလည်း ဖြစ်ပါတယ်။

Leave a Comment

Latest Post

Latest Post