တောင်ခမ်းမှလာတဲ့ စကစ စစ်ကြောင်းအချို့လည်း ဂုတ်ထိပ်အထိရောက်ရှိနေတယ်လို့သိရ
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့အဝင်မှ ၂ မိုင်အကွာရှိ TNLAနဲ့တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ခမရ(၁၁၄)အနီးအနားထိပင်စစ်ကောင်စီစစ်ကြောင်းများရောက်ရှိနေကာ တိုက်ပွဲလည်း ပြင်းထန်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေထံမှသိရပါတယ်။
TNLA ဦးဆောင်တဲ့တော်လှန်ရေးမဟာမိတ်အင်အားစုတွေက နောင်ချိုမြို့ကို ၁၀၂၇စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်းဖြစ်တဲ့ ၂၀၂၅ခုနှစ် ဇူလိုင်လမှာ အပြီး သတ်သိမ်းယူနိုင်ခဲ့တာဖြစ်ပြီး မြို့နယ်အတွင်းအုပ်ချုပ်ရေးယန္တရာများလည်ပတ်အောင် ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီအနေနဲ့ ၎င်းတို့လက်လွှတ်လိုက်ရတဲ့နောင်ချိုမြို့ကို ပြန်လည်ရရှိရန်အတွက် ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလမှစတင်ကာ တောင်ခမ်းကျေးရွာနဲ့ ပြင်ဦးလွင်မြို့နယ်တို့ဘက်မှ ပင်မစစ်ကြောင်း(၂)ကြောင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လာတာဖြစ်ပြီး အခုချိန်မှာတော့ နောင်ချိုမြို့အဝင် ၂မိုင်အထိရောက်ရှိလာနေပြီလို့ သိရပါတယ်။
“ပြင်ဦးလွင်ဘက်ကလာတဲ့စစ်ကြောင်းတွေက ခမရ(၁၁၄)နားထိရောက်နေပြီ အကုန်တော့မရသေးဘူး၊(၁၁၄)ဆိုတာ မြို့နဲ့ (၂)မိုင် လောက်ပဲရှိမယ်ခင်ဗျ၊ အဲ့တာကျော်ရင် မြို့နဲ့ကပ်နေပြီခင်ဗျာ”ဟု နောင်ချိုမြို့မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးမှ BBM ကိုပြောပါတယ်။
ပြင်ဦးလွင်ဘက်မှတက်လာတဲ့အဆိုပါစစ်ကြောင်းဟာ နောင်ချိုတောင်ရပ်ကွက်အစပ်၊ကျောက်ကြမ်းကျေးရွာ၊ခမရ(၁၁၄)ပတ်ချာလည်၊ သပြေရေကျေးရွာ၊ ရေလင့်ကျေးရွာတစ်ဝိုက်တွေထိ တိုးကပ်လာနေတယ်လို့လည်း သိရပါတယ်။
ဒါ့အပြင်တောင်ခမ်းဘက်မှလာတဲ့ စစ်ကြောင်းတွေကလည်း နောင်ချိုမြို့အစပ်နားထိပင်ရောက်ရှိနေပြီး အဆိုပါစစ်ကြောင်းထဲမှခွဲထွက်လာတဲ့ တချို့စစ်ကြောင်းတွေကလည်း နောင်ချိုမြို့ဂုတ်ထိပ်တံတားအနီးကို အတင်းတိုးနေတယ်လို့ အဆိုပါစစ်ရေးသတင်းရင်းမြစ်မှဆက်ပြောပါတယ်။
“ပြင်ဦးလွင် ဘက်ကဆို၂မိုင်အကွာ၊ တောင်းခမ်းဘက်ဆို မြို့အစပ်ရောက်နေတာပါခင်ဗျာ၊ နောင်ချိုကြီးကလာတဲ့စကစ စစ်ကြောင်းက ဂုတ်ထိပ်ထိရောက်သွားလို့ ဂုတ်တွင်းအခြေအနေပါစိုးရိမ်ရတယ်ခင်ဗျ”
စစ်ကောင်စီအနေနဲ့နောင်ချိုမြို့ပြန်လည်ရရှိရေးအတွက် စစ်သည်အင်အားထောင်ဂဏန်းကျော်အထိမြေပြင်မှာအသုံးပြုနေပြီး ဒရုန်း၊လက်နက်ကြီးနဲ့ အတွဲလိုက်ဒုံးတွေသာမက လေကြောင်းကိုပါဖောဖောသီသီအသုံးပြုတိုက်ခိုက်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေအရ သိရပါတယ်။