လမောင်ကုန်းကိုရောက်ဖို့ စစ်ကြောင်း(၂) ကြောင်းခွဲချီတက်လာပြီး လမ်းတစ်လျှောက်မှာတော်လှန်ရေးအင်အားစုတွေနဲ့တိုက်ပွဲဖြစ်
ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ KIAနဲ့KPDFများ သိမ်းပိုက်တပ်စွဲထားတဲ့ စစ်ရေးအရအချက်အချာကျရာ လမောင်ကုန်းကို ပြန်လည်ရရှိရန် အတွက် စစ်ကောင်စီအနေနဲ့ အင်အား ၁၀၀၀ ခန့်အသုံးပြုကာ စစ်ကြောင်းထိုး ချီတက်နေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေအရသိရပါတယ်။
ဖားကန့်မြို့နယ် အေးမြသာယာအုပ်စုအတွင်းရှိ လမောင်စစ်စခန်းကုန်းကို တော်လှန်ရေးအင်အားစုတွေက ၂၀၂၄ခုနှစ်အစောပိုင်းအတွင်း သိမ်းပိုက်ရရှိခဲ့တာဖြစ်ပြီး အဆိုပါစခန်းဟာ ဖားကန့်တစ်ကြောလုံးကိုသာမက စစ်ကောင်စီလက်နက်ကြီးတွေတပ်ဆင်ထားတဲ့ ဖားကန့်ဗျူဟာကုန်းနဲ့ လုံးခင်း(ယမ်းချက်)စစ်စခန်းတွေကိုပါ စိုးမိုးထားတဲ့ အချက်အချာကျတဲ့ စိုးမိုးကုန်းဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီအနေနဲ့ အဆိုပါ လမောင်ကုန်းကို ရရှိဖို့အတွက် ဖားကန့်ဗျုဟာကုန်းမှ တဆင့် မှော်ဝမ်းလေး-မှော်ဝမ်းကြီး-မှော်မောင်းလျှံ-တောင်ပြို-ဗလခ ကျေးရွာလမ်းကြောင်းနဲ့ အမှိုက်ပုံ-အင်မိုင်းယန်ကျေးရွာလမ်းကြောင်းဆိုပြီး စစ်ကြောင်း(၂)ကြောင်းခွဲကာ စစ်ကြောင်းထိုးလာနေတယ်လို့ သိရပါတယ်။
“လမောင်ကုန်းကိုပြန်ရဖို့ စစ်တပ်က ဖားကန့်ဗျူဟာကနေ စစ်ကြောင်း(၂)ကြောင်းခွဲပြီး လာနေတာကိုတွေ့ရတယ်၊၊ အဓိက စစ်မြှားဦးကတော့ လမောင်ကုန်းကိုဦးတည်နေတယ်။ လမောင်ကုန်းက ဖားကန့်ကိုစိုးမိုးနိုင်ဖို့ဆိုရင် တော်တော်အရေးပါတဲ့ကုန်းပဲ”
ဟု ဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးမှ BBM ကိုပြောပါတယ်။ KIAဦးဆောင်တဲ့တော်လှန်ရေးအင်အားစုတွေအနေနဲ့ ၂၀၂၄ခုနှစ်အစောပိုင်းမှာ ဖားကန့်မြို့နယ်အတွင်း စစ်ရေးအရှိန်မြင့်တင်ပြီး ထိုစဥ်ကစစ်ကောင်စီတပ်စွဲထားရာ တာမခန်း၊ ဆယ်ဇင်း၊ဝေပါ၊ လမောင်ကုန်း၊မှော်မောင်းကုန်းနဲ့အခြားတပ်စခန်းများစွာကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
စစ်ကောင်စီအနေနဲ့ ကလည်း ဖားကန့်မြို့နယ်အတွင်းရှိ ၎င်းတို့လက်လွှတ်ခဲ့ရတဲ့ စခန်းတွေကို ပြန်လည်သိမ်းပိုက်နိုင်ဖို့အတွက် ၂၀၂၅ခုနှစ် မေလမှစတင်ပြီး တပ်မ(၃၃)အဓိကပါဝင်တဲ့ စစ်အင်အားတွေဖြင့် ကာမိုင်-လုံခင်း လမ်းကြောင်းအတိုင်း စစ်ကြောင်းထိုးလာတာဖြစ်ပြီး လမ်းတစ်လျှောက်ရှိ ၎င်းတို့ပြန်လည်သိမ်းပိုက်နိုင်ခဲ့တဲ့ စစ်စခန်းတွေမှာလည်း အင်အားတချို့ချန်ရစ်နေရာယူတာတွေပြုလုပ်ပြီး ဖားကန့်ဗျုအတွက် အရေးကြီးဆုံးဖြစ်တဲ့ လမောင်ကုန်းဆီ ဆက်လက်စစ်ကြောင်းထိုးလာတယ်လို့သိရပါတယ်။
စစ်ကောင်စီစစ်ကြောင်းထိုးရာလမ်းတစ်လျှောက်ကို တော်လှန်ရေးအင်အားစုတွေအနေနဲ့ ဟန့်တားတိုက်ခိုက်တာတွေပြုလုပ်နေပြီး နေ့စဥ်တိုက်ပွဲဖြစ်ပွါးကာ ဒေသခံတွေအနေနဲ့ စစ်ဘေးရှောင်နေရတယ်လို့လည်း သိရပါတယ်။
” စစ်ကြောင်းထိုးတဲ့တစ်လျှောက်ကိုတော့ KIAကော၊ KPDF ကောက ဟန့်တားပိတ်ဆို့တာတွေရှိတယ်၊ လမ်းတစ်လျှောက်က မှော်ဝမ်းကြီး၊ မှော်ဝမ်းလေးတို့ အမှိုက်ပုံတို့ဘက်က ပြည်သူတွေကတော့ စစ်ရှောင်နေကြရတယ်”
ဟု အဆိုပါဒေသခံမှ ဆက်ပြောပါတယ်။ အဆိုပါ စစ်ကြောင်းတွေအနေနဲ့ လမောင်ကုန်းကိုစစ်ကြောင်းထိုးရာလမ်းတစ်လျှောက်မှာ ဒေသခံပြည်သူတွေကို လူသားဒိုင်သဖွယ် အကာအကွယ် ယူတာတွေပြုလုပ်နေသလို ဖားကန့်ဗျူဟာကုန်းမှလည်း လက်နက်ကြီး၊ဒရုန်းများ ပစ်ခတ်တိုက်ခိုက်တာတွေပြုလုပ်ပေးနေတယ်လို့လည်း သိရပါတယ်။