AA က အသာစီးရနေပြီးတော့ စစ်ကောင်စီက ဒဏ်ရာရ တပ်သားတွေကို ရန်ကုန်သို့ ပို့ဆောင်နေရ
တရုတ်စီမံကိန်းတွေများစွာရှိတဲ့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ နေရာ ၃ ခုမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး တိုက်ပွဲအတွင်း အာရက္ခတပ်တော် AA က အသာစီးရရှိနေပြီး စစ်ကောင်စီက ဒဏ်ရာပြင်းထန်စွာရရှိတဲ့ တပ်ဖွဲ့ဝင်တွေကို ရန်ကုန်ကိုဆေးကုသဖို့အတွက် ပို့ဆောင်နေရတယ်လို့ ကျောက်ဖြူစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ကျောက်ဖြူမြို့ရှိ မလကျွန်း၊ ပြိုင်းစေ့ကေ ( အမှတ် ၃၂ ရဲတပ်ရင်းအနီး)နဲ့ ကပ်သပြေကျေးရွာအနီးရှိ ကာကင်းစခန်းတွေကို အာရက္ခတပ်တော် AA ပြီးခဲ့တဲ့ ဇူလိုင်လ ပထမအပတ်ကတည်းကပင် ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး အခုရက်ပိုင်းအတွင်းမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတယ်လို့လည်း AA စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“AA ကတော့ မြို့ပေါ်က တပ်ရင်းတွေကို တိုက်ခိုက်သိမ်းပိုက်ဖို့အတွက် ကြိုးပမ်းနေတာကိုတွေ့ရတယ်။ အမှတ် ၃၂ ရဲတပ်ရင်းကို သိမ်းပိုက်ပြီးရင် ခမရ ၅၄၂၊ ၅၄၃ တပ်ရင်းတွေကို ဝင်သိမ်းမဲ့အစီအစဥ်ရှိတယ်။ တိုက်ပွဲကတော့ ဒီရက်ပိုင်းမှာ ပိုပြီးတော့ ပြင်းထန်နေပါတယ်။ ဓညဝတီရေတပ်စခန်းကို ထိုးဖောက်ဝင်ရောက်ဖို့လည်း ကြိုးစားနေပါတယ် ”
လို့ အဆိုပါစစ်ရေးသတင်းရင်းမြစ်က ဆက်ပြောပါတယ်။ လက်ရှိ အာရက္ခတပ်တော် AA ဟာ ကျောက်ဖြူမြို့ပေါ်ကို ထိုးဖောက်ဝင်ရောက်နိုင်ဖို့အတွက် ပြိုင်းစေ့ကေ ကျေးရွာအနီးရှိ အမှတ် ၃၂ ရဲတပ်ရင်းကို အင်အားအများအပြားနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အင်အားဖြည့်တင်းနေတဲ့ ဓညဝတီရေတပ်စခန်းက ထောက်ပို့လမ်းကြောင်းတွေကိုလည်း ပြတ်တောက်တိုက်ခိုက်မှုတွေ ရှိနေတယ်လို့ BBM က စုံစမ်းသိရှိရပါတယ်။
ဒါ့အပြင် တရုတ်စီမံကိန်း သဘာဝဓာတ်ငွေ့သိုလှောင် ပို့ဆောင်ရုံ (OGT) အနီးရှိ မလကျွန်းကျေးရွာအနီးက ကာကင်းစခန်းတွေကိုလည်း AAက လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေရှိနေတယ်လို့လည်း သိရပါတယ်။
ဓညဝတီရေတပ်စခန်းကနေ လက်ရှိတိုက်ပွဲ ပြင်းထန်နေတဲ့ နေရာတွေကို စစ်ကောင်စီက အင်အား ရာနဲ့ချီ အဆက်မပြတ် ပို့ဆောင်နေတာဖြစ်ပြီးတော့ အဲဒီရေတပ်စခန်းကို ပြတ်တောက်ဖို့အတွက် AA က ထိုးစစ်ဆင်မှုတွေ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။
“တိုက်ပွဲကတော့ အခုရက်ပိုင်းနေ့တိုင်းဆိုသလိုရှိပါတယ်။ စကစဖက်က စစ်ကြောင်းထိုးလာရင် AA က ပစ်ခတ်တာတွေရှိတော့ သေဆုံးသူတွေလည်းရှိပါတယ်။ နောက်ပြီးသူတို့က ထွက်ပြေးကြတာပိုများပါတယ်။ လက်နက်သံတွေကြားရင် သူတို့ကထွက်ပြေးကြပြီ။ အခုတော့ ဓညဝတီရေတပ်စခန်းကိုလည်း ဦးတည်နေပါတယ်။ အဲဒီရေတပ်အရှေ့မှာရှိတဲ့ ကပ်သပြေကာကင်းစခန်းတွေကို အဓိကတိုက်ခိုက်နေတယ် ”
လို့ ကျောက်ဖြူမြို့ရှိ AA နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ လက်ရှိတိုက်ပွဲ ဖြစ်ပွားနေတဲ့ နေရာ ၃ မှာ အာရက္ခတပ်တော် AA က အသာစီးရရှိနေပြီး စစ်ကောင်စီဟာ စစ်ကြောင်းထိုးတာမျိုးမလုပ်တော့ဘဲ နည်းပညာမြင့် ဒရုန်းတွေကိုသာ အဓိကဦးစားပေးပြီး တိုက်ခိုက်နေတယ်လို့လည်း သိရပါတယ်။
ကျောက်ဖြူမြို့ရှိ တစ်ပတ်တာ ပြင်းထန်နေတဲ့ စစ်ရေးအတွင်းမှာ စစ်ကောင်စီက အကျဆုံးတွေများစွာရှိပြီးတော့ ဒဏ်ရာရရှိတဲ့ တပ်ဖွဲ့ဝင်တစ်ချို့ကို ကျောက်ဖြူပြည်သူ့ဆေးရုံကနေ ရန်ကုန်သို့ ပို့ဆောင်မှုတွေရှိတယ်လို့လည်း BBM က စုံစမ်းသိရှိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၂ ရက်နေ့ကလည်း ခမရ ၅၄၂၊ ခမရ ၅၄၃ တပ်ရင်းကနေ အမှတ် ၃၂ ရဲတပ်ရင်းကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်ရင်းတစ်ခုကို ကျောက်ဖြူတောင် ဘုရားရှေ့အနီးကိုရောက်တဲ့အခါ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ AA လို့ထင်မှတ်ကာ တပ်ဖွဲ့ဝင်အချင်းချင်း အသေခံဒရုန်းဗုံးကြဲချမှုကြောင့် စစ်ကောင်စီတပ်သား ၁၀ ကျော်သေဆုံးကာ ၂၀ ကျော်ထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။
အဆိုပါဒဏ်ရာရရှိသူတွေနဲ့ လက်ရှိတိုက်ပွဲအတွင်း ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိတဲ့ စစ်ကောင်စီတပ်သားတွေကို လေယာဥ်နဲ့ ရန်ကုန်ကို ပို့ဆောင်ကာ ဆေးကုသမှု ခံယူနေရတယ်လို့လည်း သိရပါတယ်။
“မြို့ပေါ်ကတော့ လက်နက်ကြီး၊ လက်နက်ငယ်သံတွေကြားရတာကတော့ တစ်ပတ်လောက်ရှိပါပြီ။ တိုက်ပွဲတွေပြင်းထန်နေတာပါ။ စကစကလည်း အကျအဆုံးတွေရှိတော့ ဆေးရုံကိုရောက်ကြတာလည်း များပါတယ်။ ဒီမှာကုသလို့မရတဲ့ လူနာတွေကို လေယာဥ်နဲ့ ရန်ကုန်ကို ဆေးကုသဖို့ခေါ်သွားလည်း ရှိပါတယ်”
လို့ ကျောက်ဖြူဒေသခံတစ်ဦးက ပြောပါတယ်။ အာရက္ခတပ်တော် AA ဟာ အခုနှစ်မကုန်မီ ကျောက်ဖြူမြို့ အလုံးစုံထိန်းချုပ်နိုင်ရေးအတွက် ထိုးစစ်ဆင်တိုက်ခိုက်နေပြီးတော့ လက်ရှိစစ်ရေးပြင်းထန်နေတဲ့ အမှတ် ၃၂ ရဲတပ်ရင်းကို သိမ်းပိုက်နိုင်ပါက မြို့ထဲကို ဝင်ရောက်လာနိုင်မှာဖြစ်ပြီး ကပ်သပြေကျေးရွာက ကာကင်းစခန်းများကို တိုက်ခိုက်သိမ်းပိုက်နိုင်ပါက ဓညဝတီရေတပ်စခန်းကို ခြိမ်းခြောက်လာနိုင်မှာလည်း ဖြစ်ပါတယ်။
ကျောက်ဖြူမြို့မှာ ဓညဝတီရေတပ်ဌာနချုပ်၊ ခလရ ၃၄၊ ခမရ ၅၄၂၊ ခမရ ၅၄၃၊ အမှတ် ၃၂ ရဲတပ်ရင်း၊ တောင်မော်ကြီး ရေတပ်စခန်း၊ အုံးကျွိန်ရေတပ်ဌာနခွဲ တို့ရှိပြီး ရေတပ်အင်အားကောင်းတဲ့မြို့နယ်တစ်ခုဖြစ်တဲ့အပြင် တရုတ်စီမံကိန်းများစွာတည်ရှိနေတဲ့ မြို့တစ်ခုလည်း ဖြစ်ပါတယ်။
ဒါကြောင့် စစ်ကောင်စီဟာ ကျောက်ဖြူမြို့မကျရေးအတွက် ရေတပ်အင်အားကို တို့ချဲ့ထားသလို့ နည်းပညာမြင့် တရုတ်ဒရုန်းတွေနဲ့ စစ်သားတွေကိုလည်း ထပ်မံအားဖြည့်ထားတယ်လို့ သိရပါတယ်။