Monday, December 22, 2025
Home » ဖားကန့်မြို့၊ ဗလခ ကျေးရွာကို စစ်ကောင်စီမှ မီးလောင်ဗုံးကြဲချပြီး တိုက်ခိုက်

ဖားကန့်မြို့၊ ဗလခ ကျေးရွာကို စစ်ကောင်စီမှ မီးလောင်ဗုံးကြဲချပြီး တိုက်ခိုက်

0 30
30

🟥 မီးလောင်တဲ့အိမ်ကို သွားရောက်ငြိမ်းသတ်ပေးတဲ့ ပြည်သူတွေကိုလည်း ဒရုန်းဖြင့်တိုက်ခိုက်တာကြောင့် ပြည်သူ၁ဦးဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ ဗလခ ကျေးရွာကို စစ်ကောင်စီမှ လေကြောင်းဖြင့်မီးလောင်ဗုံးများကြဲချတိုက်ခိုက်ခဲ့ပြီး ပြည်သူ့နေအိမ်တချို့ ပျက်ဆီးဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေထံမှသိရပါတယ်။

၂၀၂၅ခုနှစ်၊ ဇူလိုင်လ၁၈ရက်(ယမန်နေ့)ညနေ ၆နာရီပတ်ချာလည်မှာ စစ်ကောင်စီမှ ဂျက်ဖိုက်တာတစ်စီးဖြင့် ဖားကန့်မြို့အနီးရှိ ဗလခ ကျေးရွာကို မီးလောင်ဗုံး(၂)လုံးကြဲချခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

“မနေ့ညနေက ဂျက်ဖိုက်တာနဲ့မီလောင်ဗုံး(၂)လုံးလာချသွားတာ ရွာထဲကအိမ်တစ်လုံးတော့လောင်သွားတယ်။ ချခါစက ဘာသံမှမကြားတော့ ရိက္ခာထုပ်လာချတယ်လို့ပဲအစကထင်တာ။ ပြီးမှမီးလောင်ဗုံးဖြစ်နေတယ်”

ဟု ဒေသခံတစ်ဦးမှ BBM ကိုပြောပါတယ်။ အဆိုပါမီးလောင်ဗုံးလာချပြီးနောက် ညနေ၆နာရီအကျော်မှာလည်း လေကြောင်းမှဂျက်ဖိုက်တာဖြင့်နောက်တစ်ခေါက်လာရောက်ပျံသန်းကြည့်ရှုသွားသည့်အပြင် ၎င်းတို့အခြေချရာ ဖားကန့်ဗျုဟာကုန်းမှလည်း လက်နက်ကြီးဖြင့် ပစ်ခတ်တာတွေပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

မီးလောင်ဗုံးကြောင့် ရွာတွင်းရှိနေအိမ်တွေမီးစွဲလောင်သွားတာကြောင့် အနီးရှိ Unity ကုမ္ပဏီမှ ဝန်ထမ်းများနဲ့ ရွာတွင်းမှလူငယ်တချို့ဟာ မီးလောင်ရာနေအိမ်ကိုသွားရောက်ငြိမ်းသက်စဥ်မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေနဲ့ အဆိုပါမီးငြိမ်းသက်တဲ့လူငယ်များကို ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်တာတွေထပ်မံပြုလုပ်ခဲ့ပြီး လူငယ်တစ်ယောက် ပြင်းပြင်းထန်ထန်ရရှိခဲ့တယ်လို့လည်း သိရပါတယ်။

“မီးကိုအဲ့နားက ကုမ္ပဏီကဝန်ထမ်းတွေနဲ့ ရွာစောင့်တချို့သွားငြိမ်းတာရှိတယ်၊မငြိမ်းလို့လည်းမရဘူးလေ မငြိမ်းရင်တစ်ရွာလုံးကူးကုန်မှာ၊ အဲ့တာကို စကစ က ကင်းထောက်ဒရုန်းနဲ့စောင့်ကြည့်ပြီး ငြိမ်းတဲ့အဖွဲ့တွေကို ဒရုန်းဗုံးလာချတာ တစ်ယောက်ထိသွားတယ်၊ စိုးရိမ်ရတဲ့အနေအထားကိုထိတာ”

ဟု အဆိုပါဒေသခံမှဆက်ပြောပါတယ်။ စစ်ကောင်စီအနေနဲ့ ဖားကန့်မြို့နယ်အတွင်းရှိ ၎င်းတို့ဆုံးရှုံးထားတဲ့နယ်မြေဒေသတွေကို ပြန်လည်ရရှိရန်အတွက် ၂၀၂၅ခုနှစ် မေလမှစတင်ပြီး စစ်ကြောင်းထိုးတာတွေပြုလုပ်နေပြီး လမ်းတစ်လျှောက်ကပြည်သူတွေနဲ့ ပြည်သူပိုင်အဆောင်အအုံတွေကိုလည်း လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ မီးရှို့ဖျတ်ဆီးတာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

Leave a Comment

Latest Post

Latest Post