Sunday, December 21, 2025
Home » ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီ တွေ့ဆုံညှိနှိုင်းမှုတွေ လုပ်ဆောင်နေဟု AAPP ပြောကြား

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီ တွေ့ဆုံညှိနှိုင်းမှုတွေ လုပ်ဆောင်နေဟု AAPP ပြောကြား

0 30
30

🟥ဒေါ်‌အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့်အပါ နိုင်ကျဉ်းအားလုံး နွေဦးတော်လှန်ရေးနဲ့ တသားတည်းရှိနေဟု အသိပေး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက တွေ့ဆုံညှိနှိုင်းမှုတွေ လုပ်ဆောင်နေသော်လည်း ဘယ်အရာကိုမှ ညှိနှိုင်းမရတဲ့အတွက် လွှတ်မပေးတာဖြစ်ပြီး ဒေါ်‌အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့်အပါအဝင် နိုင်ကျဉ်းတွေအားလုံး နွေဦးတော်လှန်ရေးနဲ့ တသားတည်းရှိနေကြောင်း AAPPမှ ဦးအောင်မျိုးကျော်က BBM ကိုပြောပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့် တို့ရဲ့ အကျဉ်းချခံထားရမှု အခြေအနေ အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်ပြီး BBM က တွေ့ဆုံမေးမြန်းရာမှာ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPPမှ ဦးအောင်မျိုးကျော်က အခုလိုထည့်သွင်းပြောကြားခဲ့တာပါ။

“သူတို့လိုအပ်လာရင် ကျနော်တို့ ခေါင်းဆောင်တွေကို လွှတ်ပြီးတော့ ကစားတာမျိုးလုပ်မယ်၊ အခုလဲကျနော်တို့ ကြားသိသ‌လောက်က တောက်လျှောက်ညှိနေတာပဲ၊ ရာပြည့် သွားသွားပြီးတော့ တွေ့နေတယ်ဆိုတဲ့ သတင်းတွေက ကြားနေရတယ်၊ သူတို့လိုချင်တဲ့ အခြေအနေမျိုး သူတို့လိုချင်တဲ့ အတိုင်းအတာကို ဒေါ်အောင်ဆန်းစုကြည်ဘက်က လိုက်လျောတာ မရှိသေးတဲ့အတွက်ကြောင့် အခုအချိန်ထိ မလွှတ်သေးတာ”

လို့ ဦးအောင်မျိုးကျော်က BBM ကိုပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ညှိနှိုင်းပြီး လွှတ်ပေးခဲ့ပါက တော်လှန်ရေး ကပြောင်းကပြန်ဖြစ်နိုင်ပြီး တော်လှန်ရေး အား‌လျော့သွားနိုင်သလို တော်လှန်ရေးအင်အားစုတွေ အချင်းချင်းတွေကြားမှာလည်း ပြဿနာတွေ ဖြစ်ပေါ်လာနိုင်ကြောင်းကို သူက ဆက်လက်ပြောဆိုပါတယ်။

“သူတို့လိုချင်တဲ့ ပုံစံအတိုင်း ဒေါ်အောင်ဆန်းစုကြည်ဘက်က ဘာမှလက်မခံတဲ့အတွက်ကြောင့် အခုအချိန်ထိ မလွှတ်သေးတာ၊ နို့မို့ဆိုရင် လွှတ်ပြီးတော့ ကျနော်တို့ တော်လှန်ရေးကို ကပြောင်းကပြန်ဖြစ်အောင် လုပ်တော့မှာ၊ သေချာတယ် ဒေါ်အောင်ဆန်းစုကြည်သာ သူတို့နဲ့ ညှိနှိုင်းပြီးတော့ထွက်လာရင် ကျနော်တို့ တော်လှန်ရေးက တစုံတရာအားလျော့သွားနိုင်တယ်၊ လက်မခံတဲ့သူနဲ့ လက်ခံတဲ့သူနဲ့ အချင်းချင်းကြားထဲမှာကို ပြသနာတက်နိုင်တယ်၊ အခုအချိန်ထိတော့ ကျနော်တို့က ကျနော်တို့ ခေါင်းဆောင်ကို ယုံတယ်၊ စစ်အုပ်စုဘက်က ညှိနှိုင်းတဲ့ကိစ္စတွေကို ကျနော်တို့ ခေါင်းဆောင်ဘက်က ဘာတခုမှ လက်မခံသေးဘူးဆိုတာကို ကျနော်တို့ ယုံကြည်တယ်၊ ဒါကြောင့်မို့ သူတို့ မလွှတ်သေးတာ”

လို့ သုံးသပ်ပြောဆိုခဲ့ပါတယ်။ လက်ရှိအကျဉ်းထောင်ထဲမှာရှိနေတဲ့ ဒေါ်‌အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့် အပါအဝင် နိုင်ငံ‌ရေးအကျဉ်းသားတွေအားလုံးဟာ နွေဦးတော်လှန်ရေးထဲမှာ တသားတည်းရှိနေပြီး ထောင်ထဲမှာ နေနေတာကိုက နွေဦးတော်လှန်ရေးနဲ့ အတူရပ်တည်နေတာဖြစ်သလို နွေဦးတော်လှန်ရေးအတွက် တိုက်ပွဲဝင်နေတာလည်းဖြစ်တယ်လို့ AAPP မှ ဦးအောင်မျိုးကျော်က ထောက်ပြပြောဆိုခဲ့တာ ဖြစ်ပါတယ်။

Leave a Comment

Latest Post

Latest Post