Wednesday, August 27, 2025
Home » တော်လှန်ရေးဘက်တော်သားများကို အနားမရအောင်လုပ်နေတဲ့ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှု

တော်လှန်ရေးဘက်တော်သားများကို အနားမရအောင်လုပ်နေတဲ့ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှု

1 12
12

အခုနောက်ပိုင်းမှာ စစ်တပ်က တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့မြို့တွေ ဒါမှမဟုတ် တော်လှန်ရေးတပ်ဖွဲ့တွေအားကောင်းရာ ဒေသတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ခပ်စိပ်စိပ်ပြုလုပ်နေတာမျိုးကိုတွေ့ရပါတယ်။ စစ်တပ်ရဲ့ လေကြောင်းဗုံးကျဲမှုပုံစံတွေဟာ တိုက်ပွဲဖြစ်ပွါးတဲ့နေရာတွေ၊ စစ်ရေးအရ သတင်းပေါက်ကြားထားတဲ့နေရာတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရှိရာ နေရာတွေကိုသာမကဘဲ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ထိန်းချုပ်နယ်မြေတွေအတွင်းက ပြည်သူသီးသန့်ရှိတာထင်ရှားပါတယ်ဆိုတဲ့နေရာတွေကိုတောင် ကျဲချတိုက်ခိုက်နေတာမျိုးတွေ့ရပါတယ်။ ဟိုအရင်ကလည်း စစ်တပ်အနေနဲ့ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပစ်မှတ်တွေ အစုလိုက်အပြုံလိုက်သေအောင် လေကြောင်းဖြင့် ဗုံးကြဲချတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ဖူးတယ်ဆိုပေမဲ့ အဲ့ဒီအခြေအနေတွေတုန်းက သတင်းအတိအကျ၊ နေရာအတိအကျနဲ့ကို လာရောက်ကြဲချခြင်းမျိုးဖြစ်ပါတယ်။

ဆိုလိုတာက ရှေ့ပိုင်းနှစ်တွေတုန်းက စစ်တပ်ဟာ သတင်းအတိအကျနဲ့ရည်ရွယ်ချက်ရှိရှိကို စစ်
ရှောင်တွေ၊ ဒုက္ခသည်စခန်းတွေနဲ့ ပြည်သူတွေကို တိုက်ခိုက်ခဲ့ခြင်းမျိုးဖြစ်ပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာတော့ စစ်တပ်ရဲ့လေကြောင်းဗုံးကျဲမှုအခြေအနေတွေဟာ သတင်းအတိအကျနဲ့လာရောက်ကြဲချတာတွေရှိသလို တစ်ခါတစ်ရံ ပြည်သူတွေနေထိုင်ရာ နေရာဆိုရင်ပြီးရော ရောက်တက်ရာရာ လေကြောင်းဗုံးကြဲချမှုတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ မြင်မိပါတယ်။ ဒါ့အပြင် စစ်ရေးပစ်မှတ်တွေထက် ပြည်သူနေထိုင်ရာနေရာတွေကို ပိုမိုပစ်မှတ်ထားပြီး ခပ်
စိပ်စိပ်ကြဲချလာတာမျိုးဖြစ်ပါတယ်။

မှတ်မိသလောက်ဆိုရင်ကို သြဂုတ်လ ၁ ရက်နေ့မှ ဒီနေ့အထိ မိုးကုတ်မြို့တစ်ခုတည်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၄ကြိမ်ထက်မနည်းပြုလုပ်ထားပြီး ပြည်သူသေဆုံးမှုတွေရှိနေပါတယ်။ အလားတူ ကရင်နီပြည်နယ်၊ ကချင်ပြည်နယ်နဲ့ အညာဒေသတွေမှာလည်း တော်လှန်ရေးတပ်ဖွဲ့တွေကြီးစိုးရာဒေသက လူနေအိမ်တွေပေါ်ကို ဗုံးကြဲချ တိုက်ခိုက်တာမျိုးတွေ ရှိပါသေးတယ်။

စစ်တပ်ရဲ့ ဒီလို လုပ်ဆောင်နေတာနဲ့ ပတ်သတ်ပြီး မြင်မိသလောက်ဆိုရင် အဓိက ရည်ရွယ်ချက်(၂)ချက်ရှိပုံရပါတယ်။ ပထမရည်ရွယ်ချက်ကတော့ ပြည်သူနဲ့တော်လှန်ရေးကို ထိုးခွဲခြင်တဲ့ပုံစံမျိုးပါ။ တော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ရာဒေသက မြို့တွေ၊ ပြည်သူတွေကို လေကြောင်းကဗုံးကြဲပြီးတာနဲ့တစ်ပြိုင်နက် ၎င်းတို့ရဲ့ Telegramတွေ ဝါဒဖြန့်ချီရေးလက်အောက်မှာရှိတဲ့အကောင့်တွေများစွာနဲ့ ဒါဟာ သူပုန်ကမြို့ထဲမှာရှိလို့ လုပ်ရတာ၊ သူပုန်သာမရှိရင် ဘာမှလေကြောင်းကြဲစရာမလိုဘူး ဆိုတဲ့ ပုံစံမျိုးနဲ့အားကောင်းမောင်းသန် social mediaတွေပေါ်မှာ လိုက်လံဝါဒဖြန့်နေတာမျိုးတွေ တွေ့ရပါတယ်။ ဒီလိုပုံစံမျိုးကို ဆက်တိုက်ဆိုသလို ရည်ရွယ်ချက်ရှိရှိ အားကောင်းမောင်သန်ပြုလုပ်လာတဲ့အခါမှာ တစ်ချို့သောပြည်သူတွေရဲ့အတွေးမှာ သူတို့တွေးစေချင်သလိုအတွေးမျိုးတွေ တွေးခေါ်လာတာကိုလည်း တွေ့ရပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေဟာ ပြည်သူ့အားနဲ့ရှေ့ဆက်နေရတာဖြစ်တာကြောင့် ပြည်သူတစ်ယောက်ပဲထောက်ခံမှုလျော့သွားပါစေ စစ်တပ်အတွက်တော့အမြတ်ပါပဲ။ ဒါကြောင့်မို့လည်း ဒီလိုစိတ်ကြိုက်လေယာဥ်နဲ့ဗုံးကြဲပြီးတိုင်း ဝါဒဖြန့်မှုမျိုးကို ၂၀၂၁ခုနှစ်အစကနေ ဒီနေ့အထိ တစ်စိုက်မက်မက် စစ်တပ်က ပြုလုပ်နေခြင်းပဲ ဖြစ်ပါတယ်။

နောက်ထပ် ပြည်သူအိုးအိမ်တွေပါမကျန် ထိထိ မထိထိ ပုံစံနဲ့ တော်လှန်ရေးအင်အားစုတွေထိန်းသိမ်းရာမြို့တွေကို ခပ်စိပ်စိပ်လေကြောင်းက ဗုံးကြဲလာတဲ့ရည်ရွယ်ချက်တစ်ခုကတော့ ပြည်သူကော တော်လှန်ရေးတပ်ဖွဲ့တွေကိုပါ စစ်ပန်းနေအောင်၊ နောက်တန်းမှာနေသည့်တိုင်အောင် အနားမရနေအောင် ပြုလုပ်နေခြင်းလို့ ယူဆမိတယ်။ ဒါနဲ့ပတ်သတ်ပြီး ပြောရမယ်ဆိုရင် တရုတ်စစ်ကားတစ်ကားထဲက ဇာတ်ဝင်ခန်းတစ်ခုကို ဥပမာပေးပြီးပြောချင်ပါတယ်။ တရုတ်ပြည်ထဲက စစ်တပ်နှစ်ခု စစ်တပ်ရာမှာ ပထမစစ်တပ်က ဘာတိုက်ပွဲမှ မစခင်ကတည်းက တစ်ပတ်လောက်ကြိုပြီး ညတိုင်း ဒုတိယစစ်တပ်ရဲ့မလှမ်းမကမ်းထိသွားကာ အိုးစည်ဗုံမောင်းတီးခတ်တာတွေပြုလုပ်ခဲ့ပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ စစ်ပွဲမှာအဓိကအသုံးပြုရတဲ့ ရန်သူ့မြင်းတွေကို နေကောညပါ ကောင်းကောင်းမအိပ်ရဘဲ အားအင်ချည်နဲ့အောင် လုပ်ဆောင်လိုက်ခြင်းပဲ ဖြစ်ပါတယ်။ တကယ့်တကယ်လည်းတိုက်ပွဲဝင်တော့ ဒုတိယစစ်တပ်ရဲ့မြင်းတွေဟာ လုံလောက်တဲ့အားအင်မျိုးမရှိဘဲ အလွယ်တကူရှုံးနိမ့်ခဲ့ရပါတယ်။

အခုရန်သူစစ်ကောင်စီဟာလည်း နောက်တန်းမှာရှိနေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ၊ ပြည်သူတွေကို အနားမရအောင်၊ စိတ်လုံခြုံမှုမရှိရအောင် လေကြောင်းဗုံးကျဲတာတွေကို ခပ်စိပ်စိပ်
ပြုလုပ်ပြပြီး ရည်ရွယ်ချက်ရှိရှိနဲ့စစ်ပန်းအောင်လုပ်နေတာလည်းဖြစ်ပါတယ်။ နိုင်ငံတကာက လေယာဥ်ဆီအပါ၊ ခဲယမ်းပစ္စည်းတွေကို ဘယ်လောက်ပဲ ပိတ်ဆို့နေပါတယ်ပြောပြော တိုင်းပြည်ဘဏ္ဍာကိုသူခိုးစျေးနဲ့ရောင်းပြီး စစ်တပ်ထောက်ခံတဲ့နိုင်ငံအချို့ကနေ နည်းမျိုးစုံနဲ့ဝယ်ယူကာ ပြည်သူကို ဒုက္ခပေးနေတာဖြစ်ပြီး ဆက်ပြီး ဒုက္ခပေးဦးမှာဆိုတာလည်းသေချာပါတယ်။

1 comment

Anonymous August 26, 2025 - 3:07 pm

👍

Reply

Leave a Comment

Latest Post

Latest Post