Sunday, December 21, 2025
Home » “နေရာမရသောတြိဂံများ”

“နေရာမရသောတြိဂံများ”

0 71
71

“အစ်မအစ်မ ဒီအပေါ်ကိုထမိန်တင်လို့မရဘူးတဲ့”

ကလေးလေးတစ်ယောက်ကအမျိုးသမီးရဲဘော်တစ်ယောက်ကိုလာပြောတာနေတာတွေ့လိုက်ရပါတယ်။ထိုရဲဘော်လေးကရေချိုးဖို့ပြင်နေတာဖြစ်ပြီးရေချိုးဖို့ရိုက်ထားတဲ့ခုံလေးဘေးကအဝတ်တန်းမှာရေလဲလုံချည်ကိုတင်ထားတာဖြစ်တယ်။လူကြီးတစ်ယောက်ယောက်ကလာပြောခိုင်းလို့ထင်ပါတယ်။ ဒီဘက်အခြေ ခံဒေသရွာတွေမှာ စည်းရုံရေးဆင်းရင်ဖြစ်ဖြစ်လူထုလုပ်ငန်းလုပ်ရင်ဖြစ်ဖြစ်ကြုံနေကျပြဿနာနဲ့တူပါရဲ့။ထိုအမျိုးသမီးရဲဘော်လေးကဘာမှမပြောနေ​​ေတာ့​ဘဲ သူ့လုံချည်ကိုယူပြီးမြေကြီးပဲပစ်ချလိုက်ပြီးရေချိုးဖို့သာပြင်နေတော့တယ်။

ဒါသည်မိမိတို့ရွေးချယ်ခွင့်မရတဲ့အစစ်အမှန်အဖိနှိပ်ခံလူထုဆီရောက်နေတယ်တဲ့ဆိုတဲ့အတွေးနဲ့ပဲသူမပြောချင်တာတွေကိုမျိုသိပ်လိုက်တာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။တော်လှန်ရေးကာလမှာအခြေအနေအတော်များများနဲ့လုပ်ငန်းတာဝန်အားလုံးမှာရွေးချယ်ခွင့်ကမရှိသလောက်ရှားလှပါပါတယ်။ ကျရာဝန်ကိုအချိန်ကိုက်ဝင်ထမ်းရတဲ့အခါမျိုးမှာ ရဲဘော်ဘဝမှာတွေဝေဖို့အချိန်မရပါ။လုပ်သင့်လုပ်ထိုက်တာမှန်သမျှကို တဆင့်ပြီးတဆင့်လျင်မြန်တိကျအောင်အတက်နိုင်ဆုံးထမ်းရွက်ကြရတာဖြစ်ပါတယ်။အမျိုးသမီးရဲဘော်တွေလည်းထိုနည်း၄င်းပါပဲ။

တော်လှန်ရေးအစမှာဆန္ဒပြပွဲ၊သပိတ်တွေမှာပါဝင်ကြတယ်။ပြေးကြ၊လွှားကြ၊ရှောင်ကြ၊တိမ်းကြနဲ့ နိုင်ရာဝန်ကိုအစွမ်းကုန်ဝင်ထမ်းကြတယ်။လက်နက်ကိုင်တော်လှန်ရေးကိုကူးပြောင်းတဲ့ကာလမှာလည်းထိုအတိုင်းပါပဲ။စစ်ကြောင်းလျှောက်လို့ပဲ ဖြစ်ဖြစ်သင်တန်းတက်လို့ပဲဖြစ်ဖြစ် အမျိုးသားရဲဘော်တွေဒေါင်လိုက်တန်းစီပြီးအိပ်တဲ့အခါမှာသူတို့ခြေရင်းမှာကန့်လန့်ဖြတ်ခေါင်းတိုးဝင်အိပ်ရင်းတစ်ရက်တစ်ရက်ဖြတ်သန်းကြတာချည်းပါ။သို့ပေမယ့် နေရာဒေသကွာခြားပုံကိုလိုက်ပြီး တန်ဖိုးထားခံရမှုစံချိန်စံနှုန်းတွေမတူတဲ့အခါမှာလက်တွေ့ရင်ဆိုင်ရတဲ့သူများမှာကျဥ်းထဲ ကြပ်ထဲကျရောက်ပြီးနေရထိုင်ရခက်ခဲတတ်ပါတယ်။

ခုနကရေချိုးဖို့ပြင်နေတဲ့ရဲဘော်ရဲ့ ပြဿနာကရေချိုးပြီးမှပိုတောင်ကြီးထွားတာကိုရင်ဆိုင်ရတာဖြစ်ပါတယ်။ ယခုကာလဟာမိုးတွင်းကာလဖြစ်တာကြောင့်အဝတ်တွေကခြောက်ဖို့လုံးဝမလွယ်ကူပါဘူး။ဒေသအခြေနေပေါ်လိုက်ပြီးမိုးက၂ပတ်လောက်ကနေ၁လခွဲလောက်ထိကိုဆက်တိုက်ရွာသွန်းတတ်ပါတယ်။ဒီလိုအချိန်တွေမှာဝတ်စရာအဝတ်အစား(၁၀)စုံ မပြည့်တဲ့ရဲဘော်တွေဟာနေရောင်​မြင်တာနဲ့ သူ့ထက်ငါအပြိုင်အဆိုင်အဝတ်ခြောက်ဖို့ကြိုးစားကြပါတော့တယ်။

အရေးကြီးဆုံးကတော့အတွင်းခံတွေပဲဖြစ်ပါတယ်။အတွင်းခံတွေဟာမရှိမဖြစ်အလိုအပ်ဆုံးအရာထဲမှာပါသလို နေရောင်ကောင်းကောင်းရရှိပြီးခြောက်သွေ့သန့်ရှင်းနေဖို့လည်းလိုပြန်ပါတယ်။သို့ပေမယ့်လည်းစိုထိုင်းထိုင်းဖြစ်နေသောအတွင်းခံတွေနဲ့မှိုနံ့စွဲနေတဲ့အတွင်းခံတွေသာ သူတို့ရရှိခဲ့ပါတယ်။ရေချိုးပြီးထမိန်တန်း(အများအခေါ်)မှာအတွင်းခံလေးတွေအစီအရီထုတ်လှန်းပြီးမကြာခင်မှာပင် “အယ်တော်…ဒီလိုမလှန်းနဲ့လေ ထမိန်အောက်ကနေလှန်းပါအေ လူမြင်မကောင်းဘူး”ဆိုတဲ့အသံကြားလိုက်ရပြန်ပါတယ်။

အဖြေရှာကြည့်စရာမလိုလောက်အောင်ရှင်းလင်းနေသောအချက်ဖြစ်ပါတယ်။မိရိုးဖလာရှေးရိုးစွဲအမြင်တွေများစွာရဲ့ဖိအားအောက်ကအမျိုးသမီးတို့ရဲ့နေ့စဥ်ဘဝပေတည်း။ ရေချိုးအဝတ်လျှော်ပြီးအဝတ်လှန်းတဲ့အခါမှာအတွင်းခံတွေဟာ နေရောင်ကောင်းစွာရရှိတဲ့နေရာတွေမှာမလှန်းရတဲ့အပြင် လုံချည်အောက် သို့မဟုတ် အခြားသောအဝတ်အစားတွေအောက်မှာသာလှန်းခွင့်ရတာဖြစ်ပါတယ်။ဒါဆိုဘယ်သူတွေကလှန်းခွင့်မပေးတာဘာကြောင့်လှန်းခွင့်မရတာလဲဆိုတဲ့အကြောင်းအချက်တွေကိုလည်းတွေးကြည့်ကြဖို့လိုမယ်ထင်ပါတယ်။”ယောကျာ်းလေးတွေအကျီပုဆိုးလှန်းတဲ့နေရာမှာမိန်းကလေးအတွင်းခံတွေဘောင်းဘီတွေမလှန်းနဲ့ နင်တို့တပ်မှာရောအဲ့လိုပဲလား အဲ့လိုမလုပ်ရဘူး သူတို့ကဘုန်းကံမြင့်တယ်” အခြေခံဒေသရွာထဲကဘွားဘွားတစ်ယောက်ပြောသောစကားများဖြစ်ပါတယ်။

နေ့စဥ်နဲ့အမျှထမင်းစားရေသောက်လိုကြုံတွေ့နေရတဲ့ကိစ္စဖြစ်တာကြောင့်ဒီလိုအကြောင်းအရာမျိုးကိုထူးပြီးမဖော်ပြနေတော့တာလည်းရှိသေးသည်။အမျိုးသမီးရဲဘော်တစ်ဦးကတော့ပြောဖူးသည်။

“ကျွန်မတို့အတွင်းခံတွေခြောက်ဖို့လိုအပ်တယ်။ ဒီဟာတွေလှန်းဖို့ပြုဖို့နေရာကိုမရှိနေပါဘူးဗျာ”

ဟူ၍ဖြစ်သည်။နေ့စဥ်ကြုံတွေ့နေရတဲ့အခက်အခဲများစွာထဲကတစ်ခုဖြစ်သည်။သို့သော်လည်းဒီကိစ္စကိုအမိနိုင်ငံမှာစတင်မွေးဖွားချိန်ကနေယနေ့ထက်ထိကြုံတွေ့နေရတဲ့အမျိုးသမီးပေါင်းမနည်းပေ။

အတန်းပညာတတ်အသိုင်းအဝိုင်းနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှာသာလျှင် အမျိုးသမီးအရေး၊ဂျန်ဒါ(gender) အမျိုးမျိုးသောပုံစံနဲ့ပွဲတွေလုပ်ကြသင်တန်းတွေလုပ်ကြအခွင့်အရေး ဟူ၍အော်ဖို့ဟစ်ဖို့ကောင်းလှသည်။ယခုအချိန်ကာလမှာပိုမိုထင်ပေါ်လာသည့်အကြောင်းအချက်တစ်ချက်ကတော့ မြို့ပေါ်နေ ပွင့်လင်းလူ့အဖွဲ့အစည်းကနေလာတဲ့သူတွေဟာ ရှေးရိုးစွဲအယူအဆတွေများစွာရှိနေတဲ့လူ့အဖွဲ့အစည်းတွင်းမှာလုပ်ကိုင်ရသောကြောင့်လည်းကွာဟချက်ကြီးကြီးမားမားရှိပေသည်။


အခြားသောအခွင့်အရေးများစွာရှိသည့်အထဲမှအတွင်းခံလေးလှန်းရဖို့ရာကိုဘာကြောင့်အဓိကထားဖော်ပြနေရသလဲဆိုလျှင်အခြေခံကပင်မခိုင်၊တကယ့်လက်တွေ့နဲ့​မဝေးသွားလို၍ဖြစ်သည်။တကယ့်လက်တွေ့ဖြတ်သန်းရတဲ့သူတို့အဖို့မှာများစွာအခက်အခဲရှိပေသည်။ဒီအရာသည်တော်လှန်ရေးနှင့်အတူတိုက်စားသွားရမည့်အရာတွေဖြစ်တယ်။အမျိုးသမီးရဲဘော်များ၏အခက်ခဲကိုသာလျှင်အဓိကထားဖော်ပြထားပေမယ့်အမျိုးသမီးထုကြီးတစ်ရပ်လုံးနီးပါးကဒီအခက်အခဲကိုမွေးရာပါအားနည်းချက်လိုခံစားနေကြရတာပါ။အော်ကြဟစ်ကြတောင်းကြဆိုကြသည့် ကိစ္စများမှာလည်းအတိုင်းအတာတစ်ခုအထိ ထွန်းကားလာပေမယ့် ရာခိုင်နှုန်းအရတော့အင်မတန်နည်းပါးနေသေးသည်။

“ဒီလိုအပြောခံရရင်ပြန်ပြောပေါ့။ တော်လှန်ရေးကနင်တို့လုပ်နေကြတာမဟုတ်ဘူးလား။ နင်တို့အလုပ်ပဲလေ”

လို့တွေးစရာလည်းရှိပါတယ်။ နိုင်ငံ့ကျန်းမာရေး၊ပညာရေးဟာနိမ့်ပါးတယ်ဆိုထက်ပိုနိမ့်ပါးပြီးပိုဖိနှိပ်ခံရတဲ့ဒေသတွေရှိနေ​သည်ကအမှန်တရားပင်ဖြစ်သည်။တစ်နေ့ကိုထမင်း(၃)နပ်အပြည့်စားရဖို့ကုန်းရုန်းလုပ်ကိုင်နေရသည့်လူထုကိုနိုင်ငံရေးအရစည်းရုံးခြင်းမပြု၍မရပေ။အကျိုးစီးပွားနှင့်စည်းရုံးလျှင်ရေရှည်မှာဖျက်ဆီးခံလိုက်ရသောလူ့အဖွဲ့အစည်းကိုသာရရှိမည်။ယခုအခါKGတန်းကနေ၉တန်းထိရှိတဲ့ကျောင်းတစ်ကျောင်းမှာဆရာဆရာမ၂ယောက်သာရှိသည်။ယခင်ကဒိုင်နယ်ရွာသုံးလေးရွာပေါင်းမှကျောင်းတစ်ကျောင်းသာရှိသည်။လမ်းပမ်းဆက်သွယ်ရေးအင်မတန်ခက်ခဲသောဒေသများဖြစ်သည်။ဆေးရုံဆေးခန်းမဆိုထားနှင့်ဦးသားဖွားဆရာမပင်မပေါများပေ။

ဒီလိုဒေသများမှာတော်လှန်ရေးကာလတွင်တော်လှန်ရေးတပ်ဖွဲ့တွေအတော်များများခြေကုပ်ယူသောနေရာများဖြစ်လာသည်။စည်းရုံးရေးသည်ရေရှည်လုပ်ငန်းစဥ်ဖြစ်ပြီးလူထုတစ်ရပ်လုံးတော်လှန်ရေးမှာပါဝင်နိုင်ရေးအတွက်အသိမ်မွေ့ဆုံးသောလုပ်ငန်းစဥ်ဖြစ်သည်။ရွာက ဘိုးဘိုး၊ဘွားဘွား၊ကြီးကြီး၊ဒေါ်ဒေါ်များကလည်းဘူးဆိုရင်ဖရုံမသီးပေ။ထိုအခက်အခဲကိုလည်းနားထောင်၊ဆွေးနွေးခြင်းဖြင့်ချဥ်းကပ်နေကြသည်ကိုလည်းမြင်ရသည်။ထိပ်တိုက်ရင်ဆိုင်ရန်ချက်ချင်းမလိုအပ်သည့်ကိစ္စရပ်များကိုဖြေရှင်းရန်အ​ခွင့်အခါကောင်းအချိန်ကောင်းကိုစောင့်ကြရသည်မှာလည်းရဲဘော်များ၏တာဝန်တစ်ရပ်ဖြစ်နေပြန်သည်။ ယခုမှ ကောက်ခါငင်ကာထဖြစ်သည့်ကိစ္စရပ်များမဟုတ်။အရိုးစွဲနေသည့်ကိစ္စရပ်များဖြစ်သည့်အတွက်

” နေရာမရသောတြိဂံများ”ဘက်မှကြုံရင်ကြုံသလိုရပ်တည်ပေးဖို့ရာလိုသည်။အထူးသဖြင့်နေ့စဥ်နေ့တိုင်းဒီလိုတိုက်ပွဲငယ်တွေကိုတိုက်နေရတဲ့ အမျိုးသမီးရဲဘော်များနှင့်အမျိုးသမီးများကိုစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာအရဖေးမပေးဖို့ရာအထူးလိုအပ်သည်။တော်လှန်ရေးနှင့်အတူမသယ်ဆောင်သင့်သောအရာများအားတိုက်စားနိုင်ခဲ့ပြီး “နေရာမရသောတြိဂံများ”ဟာ နေရောင်ကောင်းကောင်းရတဲ့နေ့ရက်မှာ နေရာကောင်းကောင်းရရှိနိုင်ပါစေ။

Leave a Comment

Latest Post

Latest Post