Saturday, December 20, 2025
Home » ပြည်သူကိုဗုံးကြဲပြီး ဖိအားပေးတဲ့ စစ်တပ်ဗျူဟာရခိုင်မှာကော အသုံးဝင်နိုင်မလား

ပြည်သူကိုဗုံးကြဲပြီး ဖိအားပေးတဲ့ စစ်တပ်ဗျူဟာရခိုင်မှာကော အသုံးဝင်နိုင်မလား

0 16
16

ဆောင်းပါးကဏ္ဍ

ဒီဇင်ဘာလ ဒုတိယအပတ်ထဲ မြောက်ဦးကို စစ်တပ်က ဗုံးကြဲလိုက်လို့ ပြည်သူ၃၀ကျော်သေဆုံးပြီး ၇၀ ကျော်ဒဏ်ရာရခဲ့တယ်ဆိုတဲ့ သတင်းက နိုင်ငံတကာမှာကော ပြည်တွင်းထဲမှာပါ အတော်လေး လူပြောများခဲ့ပါတယ်။ ဒီလိုသတင်းဟာ နိုင်ငံတကာအတွက်တော့ အရမ်းကိုထူးဆန်းတဲ့သတင်းဖြစ်ပေမဲ့လည်း အာဏာသိမ်းပြီးနောက်ပိုင်း နေ့စဥ်ဗုံးကြဲခံရ၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံနေရတဲ့ ကျွန်တော်တို့နိုင်ငံအတွက်တော့ စစ်တပ်ရဲ့ စိတ်နာစရာလုပ်ရပ်နောက်တစ်ခုထပ်တိုးတယ်လို့သာဆိုချင်ပါတယ်။

ဒီနေရာမှာ စစ်တပ်ရဲ့ လုပ်ဆောင်ပုံတွေနဲ့ပတ်
သတ်ပြီး မြင်မိတာကို အနည်းငယ်ပြောချင်ပါတယ်။ စစ်တပ်ဟာ ဘယ်လောက်ပဲ ငြင်းဆန်နေပါစေ၊ ဘယ်လောက်ပဲ ဖုံးကွယ်နေပါစေ ရခိုင်စစ်မျက်နှာမှာ အထိနာနေတယ်ဆိုတာကတော့ သေချာပါတယ်။ ၁၀၂၇ ရဲ့ နောက်ဆက်တွဲ ရိုက်ခတ်မှုအနေနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း ပလက်ဝမြို့သိမ်းကနေ စလိုက်ပြီး ယခုနောက်ဆုံး ပဲခူး၊ မကွေး နဲ့ ဧရာဝတီဝင်ပေါက်ဖြစ်တဲ့ ဒေသတွေထဲက တိုက်ပွဲတွေအထိ စစ်ကောင်စီရဲ့ တပ်ရင်းမှူး၊ ဗျူဟာမှူးတွေ အမြောက်အများသေဆုံး လက်နက်ချခဲ့ရသလို ဖမ်းဆီးခံထားရတဲ့ ဗိုလ်ချုပ်အဆင့် မြေပြင်တပ်မမှူးတွေ၊ စကခ မှူးတွေလည်း အများအပြားရှိနေပါတယ်။

တွေ့ရှိလို့ရသလောက် စုဆောင်းမိတဲ့အချက်အလက်တွေအရဆိုရင် ရခိုင့်တပ်တော်ဟာ ရခိုင်ပြည်နယ်သိမ်းစစ်ဆင်ရေးရဲ့ ပထမဆုံးအောင်ပွဲဖြစ်တဲ့ ပလက်ဝမြို့သိမ်းတိုက်ပွဲမှာတင် ပလက်ဝ အတွက် အဓိကခံစစ်ဖြစ်တဲ့ နှူးဘူးဗျူဟာမှ ဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး ဗညားပိုင်စိုးကို AAက အရှင်ဖမ်းမိခဲ့သလို စကခ ၁၉ တပ်မှူး ဗိုလ်မှူးချုပ် ဇင်မျိုးဆွေကလည်း အဲ့ဒီတိုက်ပွဲထဲမှာပဲ ပျောက်ဆုံးခဲ့ပါတယ်။

အဲ့ဒီ ပလက်ဝမြို့သိမ်းတိုက်ပွဲကနေစပြီး ကျောက်တော်၊ မင်းပြား၊ မြောက်ဦးကနေ တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ အမ်း မြို့အထိ စစ်တပ်ရဲ့ တပ်ရင်းပေါင်းမြောက်များစွာကို ရခိုင့်တပ်တော်ဟာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သလို ရခိုင်ပြည်မှာ အခြေစိုက်ထားတဲ့ အင်အား၊လက်နက် အပြည့်အစုံရှိတဲ့ စစ်တပ်ရဲ့ စကခ(၉)၊ စကခ(၅)၊ စကခ(၁၅)နဲ့ နပခ တိုင်းစစ်ဌာနချုပ်တွေအကုန်လုံးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ရခိုင့်တပ်တော်ရဲ့ထုတ်ပြန်ချက်နဲ့နီးစပ်ရာသတင်းတွေအရဆိုရင်လည်း ရခိုင်စစ်မြေပြင်တစ်ခုတည်းမှာတင် စစ်တပ်အနေနဲ့ နပခ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်း အပါ ၎င်းတို့ရဲ့ အဆင့်မြင့်အရာရှိကြီးတွေဖြစ်တဲ့ ဗိုလ်မှူးကြီး၊ ဗိုလ်မှူးချုပ် အဆင့်(၃၀)ထက်မနည်း ဖမ်းဆီး၊ သေဆုံးခဲ့ရတဲ့ အဖြစ်အပျက်မျိုးနဲ့ ကြုံတွေ့ခဲ့ရတယ်လို့လည်း သိရပါတယ်။

ဒါတင်မကသေးဘဲ စကခ ဌာနချုပ်(၃)ခု ၊ တိုင်းစစ်ဌာနချုပ် (၁)ခုနဲ့ ရဲတပ်ရင်းတွေပါ သိမ်းပိုက်ခံထားရတဲ့ဖြစ်စဥ်အတွင်း စစ်ကောင်စီအောက်ခြေတပ်သား အမြောက်အများသေဆုံးခဲ့ရသလို ထောင်နဲ့ချီတဲ့ အင်အားတွေလည်း သုံ့ပန်းအဖြစ်ဖမ်းဆီးခံထားရတယ်ဆိုတာကို Social media ပေါ်မှာ ကောင်းကောင်းကြီးမြင်နိုင်ပါတယ်။ ဒီတိုက်ပွဲ ဒီအခြေအနေတွေနဲ့ပတ်သတ်ပြီး စစ်တပ်ဘက်က ဘယ်လောက်ဘဲ ဖုံးကွယ်ထားပြီး ဝါဒဖြန့်နေပါစေ ရခိုင်စစ်မျက်နှာမှာ နလံမထူနိုင်အောင် စစ်ရှုံးခဲ့တယ်ဆိုတာကတော့ စစ်ခေါင်းဆောင်တွေကိုယ်တိုင် ကောင်းကောင်းကြီးသိရှိကြပါတယ်။

ဒါကြောင့်မို့လဲ ဗိုလ်ချုပ်ဇော်မင်းထွန်းကအစ စစ်တပ်ရဲ့ဝါဒဖြန့်ချီရေးကို ဆောင်ရွက်နေသူတွေအားလုံးအဆုံး AA နဲ့ပတ်သတ်လာရင် သတင်း
မှားတွေဖြင့်အပုပ်ချကာ မကြာခဏထိုးနှက်
တိုက်ခိုက်လေ့ရှိတာကို တွေ့ရပါတယ်။ အထူးသဖြင့် အွန်လိုင်းမီဒီယာပေါ်မှာ အမြဲတမ်းလိုလိုပင် AAတပ်ဖွဲ့ဝင်တွေကို မူးယစ်ဆေးဝါးတန်နဲ့ချီအောင် ဖမ်းမိတယ်ဆိုတဲ့သတင်းမျိုးလွှင့်ခဲ့ပြီး နိုင်ငံတကာနဲ့ပြည်တွင်းကသူတွေကို AA ဟာ မူးယစ်ဆေးဝါးနဲ့ပတ်သတ်တယ်တယ်ဆိုတဲ့ အမြင်မျိုးရှိလာအောင် ဦးစားပေးလုပ်ဆောင်နေတာကိုလည်းတွေ့ရပါတယ်။

အလားတူတစ်ခြားတစ်ဖက်မှာလည်း မြေပြင်စစ်ပွဲတွေမှာ AAကို ဘယ်လိုမှယှဥ်လို့မရတော့ဘူးဆိုတာသေချာနေတဲ့အတွက် ရှမ်းမြောက်မှာ ၎င်းတို့အောင်မြင်ခဲ့တဲ့ စစ်ဆင်ရေးတစ်ရပ်ပုံစံဖြစ်တဲ့ လွတ်မြောက်နယ်မြေ(ဒါမှမဟုတ်) တော်လှန်ရေးတပ်ဖွဲ့တွေရှိတဲ့ ထိန်းချုပ်နယ်မြေက ပြည်သူလူထုကို ၎င်းတို့အားသာရာ လေကြောင်းအားကိုးနဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ပြကာ အသာစီးဖြင့် အပစ်အခတ်ရပ်ဆဲရေးလမ်းကြောင်းပေါ်ရောက်လာအောင် ဆောင်ရွက်နေတာကိုလည်း တွေ့လာရပါတယ်။ ဒီနည်းကို TNLAနဲ့ တိုက်ခဲ့တဲ့ စစ်ပွဲတွေ၊ အညာဒေသက ၎င်းတို့အထိနာခဲ့တဲ့ တိုက်ပွဲတွေမှာ အသုံးပြုခဲ့ပြီး အတိုင်းအတာတစ်ခုအထိ စစ်တပ်ဘက်က အကျိုးအမြတ်ရခဲ့တယ်လို့ဆိုနိုင်ပါတယ်။

ဒါပေမဲ့လည်း အာရက္ခတပ်တော်(AA) ဟာ ယခုမှသာ စစ်တပ်ကို အနိုင်ရထားတဲ့တပ်ဖွဲ့မဟုတ်ဘဲ စစ်တပ်အားအကောင်းဆုံးကာလဖြစ်တဲ့ လွန်ခဲ့တဲ့ ၂၀၁၈-၁၉ ပတ်ချာလည်လောက်ကတည်းကကြည်း၊ရေ၊လေ ပေါင်းပြီးရခိုင်ကိုထိုးစစ်ဆင်လာတဲ့ မင်းအောင်လှိုင်စစ်တပ်ကို စစ်ကြောင်းလိုက်ပြုတ်အောင်အထိ တိုက်ခိုက်ထားနိုင်တဲ့အဖွဲ့လည်းဖြစ်တာမို့ စစ်တပ်ရဲ့အားနည်းချက်အားသာချက်တွေကိုကောင်းကောင်းကြီးသိရှိထားကာ လိုအပ်ရင်လိုအပ်သလို ဗျူဟာပြောင်းလဲကျင့်သုံးနိုင်ဖွယ်လည်း ရှိပါတယ်။ဒါကြောင့်လည်း စစ်ရေးအကျိုးအမြတ်ရဖို့ ပြည်သူလူထုကို ပစ်မှတ်ထားလေကြောင်းကနေဗုံးကြဲတိုက်ခိုက်တဲ့ စစ်တပ်ရဲ့ဗျူဟာဟာ ရခိုင်မှာကော အသုံးဝင်ပါ့မလားဆိုတာတော့ ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

Leave a Comment

Latest Post

Latest Post