ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံကို ပိုင်းခြားထားတဲ့ သောင်ရင်းမြစ်(မိုအီမြစ်)ရဲ့ တိတ်ဆိတ်ငြိမ်သက်နေတဲ့ ညနေခင်းတစ်ခုဟာ မိုးကြိုးပစ်သံ သုံးကြိမ်ကြောင့် ပျက်ပြယ်သွားခဲ့ပါတယ်။
ကရင်တိုင်းရင်းသား မိသားစုတွေဟာ ရေကစားနေကြပြီး သူတို့နောက်ကွယ်ရှိ သစ်ပင်တွေကြားမှ မီးခိုးမည်းမည်းတွေ တက်လာချိန်မှာ မြစ်ကမ်းပါးကို ကြောက်လန့်တကြား ပြေးသွားကြပါတယ်။
၅ နှစ်နီးပါးကြာလာပြီဖြစ်တဲ့ စစ်ကောင်စီရဲ့ အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေဟာ နယ်စပ်ကို ပြန်လည်ရောက်ရှိလာပါပြီ။
ဒါပေမယ့် ဒီတစ်ခါတိုက်ပွဲတွေဟာ တရုတ်ရာဇဝတ်ဂိုဏ်းတွေက ဦးဆောင်တဲ့ လိမ်လည်မှုအဖွဲ့တွေ(ကျားဖြန့်တွေ)နဲ့ ဆက်စပ်နေပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း ကရင်ပြည်နယ်မှာ ပျံ့နှံ့လာခဲ့တာပဲဖြစ်ပါတယ်။
“အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေကို အမြစ်ကနေ လုံးဝဖယ်ရှားဖို့ ကျွန်တော်တို့ လုပ်ဆောင်နေပါတယ်” လို့ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ကြီး ဇော်မင်းထွန်းက ပြောပါတယ်။
ဒါပေမယ့် စစ်ကောင်စီရဲ့ ပြောဆိုချက်တွေအပေါ် သံသယဝင်စရာ အကြောင်းပြချက်ကောင်းတွေ ရှိပါတယ်။
အခုတော့ မြန်မာနိုင်ငံရဲ့ ရှည်လျားတဲ့ ပြည်တွင်းစစ်နဲ့ လိမ်လည်မှုအကျပ်အတည်းဟာ ပထမဆုံးအကြိမ်အဖြစ် ဆက်စပ်လာနေပါတယ်။
နိုင်ငံရဲ့ ဧရိယာတော်တော်များများကို တော်လှန်ရေးတပ်ဖွဲ့တွေဆီကို ဆုံးရှုံးပြီးနောက် အခုနှစ်မှာ စစ်ေကာင်စီဟာ တန်ပြန်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး ရုရှားနဲ့ တရုတ်နိုင်ငံမှ ထောက်ပံ့ပေးတဲ့ ဒရုန်းလို ပစ္စည်းကိရိယာတွေ၊ မတရား စစ်မှုထမ်းတပ်သားတွေနဲ့ အားဖြည့်ခဲ့ပါတယ်။

KNU ဆိုတာလွန်ခဲ့တဲ့ ဆယ်စုနှစ် ၈ခုကြာထဲက တိုက်ပွဲဝင်နေခဲ့ပြီး အာဏာသိမ်းမှုကို အခိုင်မာဆုံး ဆန့်ကျင်သူတွေထဲက တစ်စုဖြစ်ပါတယ်။
ရုတ်တရက် အောက်တိုဘာလကုန်မှာ စစ်ကောင်စီဟာ ကရင်ပြည်နယ်ရှိ အကြီးဆုံးနဲ့ အဆိုးရွားဆုံး ကျားဖြန့် စင်တာတွေထဲက တစ်ခုဖြစ်တဲ့ KK Park ကို ဝင်ရောက်စီးနင်းခဲ့ပြီး အွန်လိုင်းလိမ်လည်မှုလုပ်ငန်း လုပ်ဆောင်နေတဲ့ နိုင်ငံခြားသားထောင်ပေါင်းများစွာကို မောင်းထုတ်ခဲ့ပါတယ်။
အချို့မှာ မိမိသဘောအတိုင်း ကျားဖြန့်လုပ်ဆောင်ကြပြီး အချို့မှာ လှည့်စားခံရတာနဲ့ လူကုန်ကူးခံရပြီး အတင်းအကြပ် အလုပ်စေခိုင်းခံရတဲ့သူတွေပဲ ဖြစ်ပါတယ်။
စစ်ကောင်စီဟာ Elon Musk ရဲ့ Starlink ဝန်ဆောင်မှုမှ မိုဘိုင်းဖုန်း၊ ကွန်ပျူတာနဲ့ ဂြိုလ်တုဗန်း ထောင်ပေါင်းများစွာကို သိမ်းဆည်းနေတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ ဗီဒီယိုတွေကို တင်ခဲ့ပါတယ်။
ဒါ့အပြင် ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေနဲ့ အဆောက်အအုံတွေကို ဖြိုဖျက်ခဲ့ကြပါတယ်။
ဒါဟာ သိသာတဲ့ အပြောင်းအလဲတစ်ခု ဖြစ်ပါတယ်။
နှစ်ပေါင်းများစွာကြာအောင် စစ်ကောင်စီဟာ ထိုင်းနိုင်ငံနဲ့ နယ်စပ်တစ်လျှောက် အလျင်အမြန် တိုးချဲ့နေတဲ့ ဒေါ်လာဘီလီယံပေါင်းများစွာတန် လိမ်လည်မှုလုပ်ငန်းကို မျက်ကွယ်ပြုထားခဲ့ပါတယ်။
စစ်ကောင်စီနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ ဒေသခံစစ်ခေါင်းဆောင်တွေဟာ တရုတ်လိမ်လည်မှုခေါင်းဆောင်တွေကို အဓိကကာကွယ်သူတွေနဲ့ စီးပွားရေးလုပ်ဖော်ကိုင်ဖက်တွေဖြစ်ပြီး အလွန်ချမ်းသာလာကြပါတယ်။
ကျားဖြန့်ကရတဲ့ ငွေအချို့ဟာ စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ ဘဏ္ဍာတိုက်ထဲကို ရောက်ရှိသွားခဲ့ပါတယ်။
စစ်ကောင်စီဟာ လိမ်လည်မှုတွေအတွက် KNU ကို အပြစ်တင်ဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။
အခြား ကရင်လက်နက်ကိုင်အဖွဲ့တွေနဲ့မတူဘဲ KNU ဟာ ကျားဖြန့် စီးပွားရေးလုပ်ငန်းနဲ့ ခပ်ဝေးဝေးနေခဲ့ပါတယ်။
ကမ္ဘာတစ်ဝှမ်းက အချစ်ဇာတ်လမ်းလိမ်လည်မှုတွေရဲ့ သားကောင်တွေ၊ အမြန်ချမ်းသာလာစေဖို့ crypto အစီအစဉ်တွေကို လှည့်စားခံရသူတွေနဲ့ သက်ကြီးရွယ်အိုတွေရဲ့ ပင်စင်ငွေကို အတုအယောင်ရန်ပုံငွေတွေပြပြီး ရင်းနှီးမြှုပ်နှံအောင် ဆွဲဆောင်တာတွေကြောင့် ဒေါ်လာဘီလီယံပေါင်းများစွာ ဆုံးရှုံးခဲ့ရတဲ့ ဖြစ်ရပ်အများစုမှာ အဆိုပါ ကျားဖြန့်စင်တာတွေက ဆင်းသက်လာတာပဲဖြစ်ပါတယ်။
အဲ့ဒီလုပ်ငန်းရဲ့ အမှောင်ဆုံးဘက်ခြမ်းကို အရှေ့တောင်အာရှမှာ ခံစားရပြီး ကျားဖြန့်ကြောင့် လူကုန်ကူးမှု၊ ငွေကြေးခဝါချမှုနဲ့ ကြီးမားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ဆက်စပ်နေလျက်ရှိပါတယ်။
အဆိုပါ ဘေးဒုက္ခကို တိုက်ဖျက်ဖို့ အတွက် နိုင်ငံတကာရဲ့ စိုးရိမ်ပူပန်မှုနဲ့ ဥပဒေစိုးမိုးရေးအေဂျင်စီတွေအကြား ပူးပေါင်းဆောင်ရွက်မှုတွေ တိုးပွားလာနေပါတယ်။
အမေရိကန်က အေဂျင်စီပေါင်းစုံပါဝင်တဲ့ လိမ်လည်မှုတိုက်ဖျက်ရေးအဖွဲ့ကို ဖွဲ့စည်းထားပါတယ်။
စစ်ကောင်စီရဲ့ အနီးကပ်ဆုံးမဟာမိတ်တွေထဲမှ တစ်ခုဖြစ်တဲ့ တရုတ်နိုင်ငံကလည်း အွန်လိုင်းလိမ်လည်မှု၊ လူကုန်ကူးခံရမှုကို စတင်ဖိအားပေးနေပါတယ်။
KK Parkက စစ်တပ်ရဲ့ လုပ်ဆောင်ချက်တွေကို မြန်မာနိုင်ငံပိုင် မီဒီယာတွေမှာ ဖော်ပြထားတဲ့ သတင်းတွေအရ အဆိုပါဖိအားဟာ နောက်ဆုံးမှာ အလုပ်ဖြစ်ပုံရပါတယ်။
ဒါပေမဲ့ KK Park က အဆောက်အအုံတွေကို ဖျက်စီးတာ အံ့ဩစရာကောင်းပေမဲ့ အခြေခံအဆောက်အအုံတွေကိုတော့ ဖျက်စီးပုံ မရသေးပါဘူး။
စစ်ကောင်စီရဲ့ စစ်ဆင်ရေးတွေဟာ KK Parkတစ်ခုတည်းမှာပဲ အာရုံစိုက်ခဲ့ပြီး တခြားနေရာတွေလည်း ဒါဇင်နဲ့ချီရှိပါသေးတယ်။

ရွှေကုက္ကိုမြို့ရဲ့ ကျားဖြန့်မြို့တော်ကို ဝင်ရောက်စီးနင်းခဲ့ပေမယ့် အဆောက်အအုံအနည်းငယ်ကိုသာ ဝင်ရောက်ခဲ့ပြီး ဒီနေ့အထိ အဆောက်အအုံတစ်ခုသာ ဖြိုဖျက်ပြခဲ့ပါတယ်။
နိုင်ငံခြားလိမ်လည်လှည့်ဖြားသူ အလုပ်သမားထောင်ပေါင်းများစွာဟာ KK Park နဲ့ Shwe Kokko မှ ထွက်ခွာပြီး သောင်ရင်းမြစ်ကိုဖြတ်ကာ ထိုင်းနိုင်ငံထဲကို သွားရောက်ခဲ့ကြပ့တယ်။
အချို့ကတော့ သယ်ယူပို့ဆောင်ရေးခက်ခဲပြီး စျေးကြီးတဲ့ နေရာအမျိုးမျိုးကို ရွှေ့ပြောင်းသွားခဲ့ကြပါတယ်။
ကားတစ်စီးဘွတ်ကင်လုပ်ရုံနဲ့ ယွမ် ၅၀၀၀ (ဒေါ်လာ ၇၀၀ (ပေါင် ၅၂၀) ခန့်) ကုန်ကျပါတယ်။
အဓိကကျတဲ့ ကျားဖြန့် ခေါင်းဆောင်တွေဟာ သူတို့ရဲ့လုပ်ငန်းတွေကို မြန်မာနိုင်ငံရဲ့ တောင်ဘက်နယ်စပ်ရှိ ပိုမိုဝေးလံပြီး မမြင်သာသောတဲ့နေရာတွေကို ရွှေ့ပြောင်းသွားခဲ့တယ်လို့ ယူဆရပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့လက မင်းလက်ပန်ရွာအနီးက ကျားဖြန့်လုပ်နဲ့လူတစ်စုဟာ ရွှန်းဒါးနဲ့ ဘာအိုလီ လို့လူသိများတဲ့ ကျားဖြန့်ခြံဝင်းနှစ်ခုမှာ ပိတ်မိနေခဲ့ကြပါတယ်။
အဆိုပါနေရာကို လွန်ခဲ့တဲ့ ၂နှစ်အတွင်း သောင်ရင်းမြစ်ဘေးမှာ ဆောက်လုပ်ခဲ့တာပဲဖြစ်ပါတယ်။
အဆိုပါနေရာဟာ စစ်အစိုးရနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ လက်နက်ကိုင်အဖွဲ့တွေထဲက တစ်ခုဖြစ်တဲ့ DKBA မှ ထိန်းချုပ်ထားတဲ့ ဧရိယာမှာ ရှိနေပါတယ်။
နိုဝင်ဘာ ၂၁ ရက်နေ့မှာ KNU ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သူတို့ရဲ့ တိုက်ခိုက်ရေးသမားတွေဟာ မင်းလက်ပန်မှာ စစ်ကောင်စီနဲ့ တိုက်ပွဲတစ်ခုအတွင်း DKBAက စစ်ကောင်စီဘက်က ကူပြီးပစ်ခတ်ခဲ့တာကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
KNU နဲ့ KNLAတပ်တို့က DKBA ကို မောင်းထုတ်ခဲ့ပြီး မမျှော်လင့်ဘဲ ကျားဖြန့်၀င်း၂ခုနဲ့ အဲ့ဒီနေရာမှာ အလုပ်လုပ်နေတဲ့ နိုင်ငံခြားသားထောင်ပေါင်းများစွာကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ဆိုပါတယ်။
KNU ဟာ သိမ်းဆည်းရမိတဲ့ ခြံဝင်းတွေကို ကြည့်ရှုဖို့ သတင်းထောက်တွေနဲ့ နိုင်ငံတကာ ဥပဒေစိုးမိုးရေးအေဂျင်စီတွေကို ဖိတ်ခေါ်ပြီး ပြသလိုကြောင်း ကြေညာခဲ့ပါတယ်။
KK Park မှာ စစ်တပ်က လုပ်ဆောင်ခဲ့သလို အထောက်အထားတွေကို ဖျက်ဆီးမယ့်အစား လိမ်လည်မှုလုပ်ငန်းတွေ ဘယ်လိုလုပ်ဆောင်လဲဆိုတာကို ဖော်ထုတ်ဖို့ ဓာတ်ပုံတွေနဲ့ စာရွက်စာတမ်းတွေကို ဖြန့်ဝေခဲ့ပါတယ်။
အဲ့ဒီက အလုပ်သမားရာပေါင်းများစွာကို မြစ်ကိုဖြတ်ပြီး ထိုင်းနိုင်ငံကို စေလွှတ်ခဲ့ပေမဲ့ အများစုမှာ တရုတ်နိုင်ငံသားဖြစ်တဲ့အတွက် အလုပ်သမား ၁၀၀၀ ခန့်ဟာ ထွက်ခွာဖို့ ငြင်းဆိုခဲ့ကြပြီး တရုတ်နိုင်ငံကို ပြန်သွားပါက တရားစွဲဆိုခံရမှာကို စိုးရိမ်တာကြောင့် ဖြစ်နိုင်ပါတယ်။
ဒါပေမဲ့ အဆိုပါနေရာကို သတင်းထောက်အနည်းငယ်မှလွဲပြီး
နိုင်ငံတကာရဲ့ စိတ်ဝင်စားမှုမှာ အားရစရာမကောင်းဘဲ စစ်အစိုးရတပ်ဖွဲ့တွေက ခြံဝင်းတွေကို ပြန်လည်သိမ်းပိုက်ဖို့ အဲ့ဒီဒေသကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
အဲ့ဒီအချက်ကို ထိုင်းဘက်မှ ကျွန်တော်တို့ ကြားသိခဲ့ရပါတယ်။
ကျန်ရှိနေတဲ့ လိမ်လည်မှုလုပ်သားများစွာဟာ အခုအခါမှာ မြန်မာနိုင်ငံရှိ အခြားနေရာတွေကို ထွက်ပြေးသွားကြပြီဖြစ်ပေမဲ့ ရာနဲ့ချီတဲ့ သူတွေဟာ မြစ်ကမ်းနံဘေးရှိ ပါးလွှာတဲ့ တာလပတ်တွေအောက်မှာ စခန်းချနေထိုင်ကြပြီး ဒေသခံရာပေါင်းများစွာဟာ အမြောက်ပစ်ခတ်မှုတွေကို ရှောင်ရှားဖို့ မျှော်လင့်နေကြပါတယ်။
ဒီဇာတ်လမ်းအားလုံးဟာ တစ်ခုတည်းသောအရာကြောင့်ပါ။
ဒီလကုန်မှာ ရွေးကောက်ပွဲကျင်းပဖို့ စီဏဉ်ထားတဲ့ စစ်ကောင်စီရဲ့ ဝေဖန်မှုတွေ များလွန်းတဲ့ အစီအစဉ်ပါပဲ။
အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ ပြည်တွင်းစစ်ဟာ နိုင်ငံကို ဖျက်ဆီးနေပါတယ်။
စစ်အုပ်ချုပ်ရေးကို မြန်မာနိုင်ငံက ပြည်သူအများစုက မုန်းတီးကြပြီး နိုင်ငံတကာက ပယ်ချခံရသလို ဆက်ဆံကြပါတယ်။
စစ်ဗိုလ်ချုပ်ကြီးတွေဟာ တရားဝင်မှုပုံစံကို အသွင်ယူပြီး သူတို့ရဲ့ပြိုင်ဘက်တွေထဲက တချို့ကို အနိုင်ယူနိုင်မယ့် လမ်းကြောင်းတစ်ခုကို ရှာဖွေနေကြပါတယ်။
အဲ့ဒီရွေးကောက်ပွဲဆိုတာ ပြိုင်ဘက်ပါတီတွေကို ဖျက်သိမ်းပြီး လွတ်လပ်ပြီး တရားမျှတမှုလုံး၀မရှိပါဘူး။
ဒါကြောင့် စစ်ကောင်စီဟာ ရွေးကောက်ပွဲမတိုင်ခင် တော်လှန်ရေးတပ်ဖွဲ့ တွေဆီကနေ နယ်မြေတွေကို ပြန်လည်ရယူဖို့ ဦးစားပေးလုပ်ဆောင်ခဲ့ပါတယ်။
ကျားဖြန့်အဖွဲ့တွေကို နှိမ်နင်းပြပြီး သူတို့ရဲ့ပုံရိပ်ကို သန့်ရှင်းအောင် ကြိုးစားနေပါတယ်။
ဒါဟာ အထူးသဖြင့် နိုင်ငံတကာမှာ အင်အားအကြီးဆုံး မဟာမိတ် တရုတ်နိုင်ငံအတွက် အရေးကြီးပါတယ်။
နယ်စပ်မှာ ရှိနေတုန်းက အဆောက်အဦးတွေ ဖြိုဖျက်ခံရတာနဲ့အမျှ KK Park အပေါ်မှာ ဖုန်မှုန့်တွေ တက်လာတာကို မြင်တွေ့ခဲ့ရပါတယ်။
အဲဒီမှာရှိတဲ့ အကြီးဆုံး အဆောက်အဦးတွေထဲက တချို့ဟာ ကွေးညွှတ်နေပြီး ပြတင်းပေါက်တွေလည်း ကွဲအက်နေပါတယ်။
တခြားနံရံတွေကို တူးဖော်စက်တွေနဲ့ ဖြိုဖျက်နေကြတယ်။
ဒါပေမယ့် အဆောက်အဦးတော်တော်များများက မပျက်စီးသေးပါဘူး။
တချို့အဆောက်အဦးတွေရဲ့ အမိုးပေါ်မှာ အဖြူရောင်စတုရန်းပုံတွေ ရှိနေပြီး Starlink ဂြိုလ်တုပန်းကန်တွေလို့ ယူဆရတာကြောင့် ကျားဖြန့်တွေ ရှိနေနိုင်တယ်ဆိုတာ ညွှန်ပြနေပါတယ်။
ထိုင်းနိုင်ငံမှာ တောင်ဘက်ကို တစ်နာရီခွဲလောက် မောင်းသွားရင် မြန်မာလို ဝေါလေး လို့ခေါ်တဲ့ တိတ်ဆိတ်ငြိမ်သက်တဲ့ နယ်စပ်ဖြတ်ကျော်ဂိတ်တစ်ခုကို ရောက်ပါတယ်။
မြစ်က အရမ်းကျဉ်းတဲ့အတွက် ချောင်းလေးတစ်ခုလိုပါပဲ။
သံတံခါးတစ်ခုကနေတစ်ဆင့် မြန်မာနိုင်ငံကို ဖြတ်သွားပြီး အပြာရောင်သစ်သားတံတားလေးတစ်ခုကို ဖြတ်သွားတဲ့အခါ ကရင်အလံတွေနဲ့ ကြိုဆိုနေပါတယ်။
ဒါပေမယ့် ဝေါလေ ပတ်ဝန်းကျင်က နယ်မြေဟာ KNU က ဒီနှစ်အစောပိုင်းမှာ စစ်စခန်းအတော်များများကို သိမ်းပိုက်ထားတာကြောင့် ပြင်းထန်တဲ့ အငြင်းပွားမှုတွေ ကြုံတွေ့နေရပေမယ့် အဲဒီဖြတ်ကျော်ဂိတ်ကိုတော့ DKBA က ထိန်းချုပ်ထားပါတယ်။
ထိုင်းဘက်ခြမ်းမှာတော့ လိမ်လည်မှုစင်တာတွေအတွက် အလုပ်လုပ်ဖို့ ဆွဲဆောင်ခံရနိုင်ခြေကို သတိပေးတဲ့ ဆိုင်းဘုတ်ကြီးတွေ ရှိပါတယ်။
ဒါပေမယ့် မီတာအနည်းငယ်အကွာမှမှာ ဝါယာကြိုးတွေနဲ့ ကာထားတဲ့ ခြံဝင်းတစ်ခုကို မြစ်ဘေးမှာ တည်ဆောက်ထားပါတယ်။
ဒါကို Hengsheng 3 လို့ လူသိများပါတယ်။
နံရံရဲ့ တစ်ဖက်မှာ ဂျင်နရေတာတွေ လည်ပတ်နေတာနဲ့ လုံခြုံရေးအစောင့်တွေ စကားပြောနေတာကို ကြားရပါတယ်။
ပြတင်းပေါက်တွေမှာ သံမဏိတံခါးတွေနဲ့ အမိုးပေါ်မှာ Starlink ဗန်းတွေ ရှိတယ်။
စောင့်ကြည့်ရေးအဖွဲ့တွေက ဝေါလေ အနီးတဝိုက်မှာ ဒီအဆောက်အဦးနဲ့ တခြားအဆောက်အဦအသစ်တွေ အတော်များများကို ဖော်ထုတ်နိုင်ခဲ့တယ်။
နောက်ထပ် ဂိုဏ်းအများအပြားကလည်း ဘုရားသုံးဆူနယ်စပ်ဂိတ်အနီးက ဘုရားသုံးဆူကို တောင်ဘက်ကို ရွှေ့ပြောင်းလာကြတယ်။
KK Park နဲ့ ရွှေကုက္ကိုလ် လို လူသိများတဲ့ လိမ်လည်မှု ရှုပ်ထွေးမှုတွေရဲ့ အနာဂတ်က တကယ်ပိတ်သိမ်းခံရမလားဆိုတာ ဆုံးဖြတ်ဖို့ စောလွန်းသေးတယ်။
လိမ်လည်မှုလုပ်ငန်းက မြန်မာနိုင်ငံမှာ ရှင်သန်နေဆဲပါ။
Reference-BBC, Johnathan Head and LuLu Luo
Translator-Richard
1 comment
သတင်းတွေဝင်ဖတ်ရတာအဆင်ပြေ