Friday, January 30, 2026
Home » ပြည်ထဲမှာ အရေးမသာတာမို့ မတည်မြဲကြတဲ့ ပြည်ထဲရေးဝန်ကြီးများ

ပြည်ထဲမှာ အရေးမသာတာမို့ မတည်မြဲကြတဲ့ ပြည်ထဲရေးဝန်ကြီးများ

0 7
7

မြန်မာပြည်တဝှမ်းမှာ နွေဦးတော်လှန်ရေး စတင်လိုက်ကတည်းက တိုင်းရေးပြည်ရေး ကဏ္ဍအလုံးစုံကို တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ခြင်းမရှိတော့တဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ စစ်အာဏာသိမ်းကာလ ၅ နှစ်တာအတွင်း ပြည်ထဲရေးဝန်ကြီးနေရာကို ၄ ဦးအထိ ပြောင်းလဲခဲ့တာကို တွေ့ရပါတယ်။

နိုင်ငံတော်အာဏာကို မတရားသိမ်းယူဖို့ ကြိုးပမ်းခဲ့တဲ့ ကာလအစမှာ ပြည်ထဲရေးဝန်ကြီးက ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် သူ့နောက်မှာ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နဲ့ အခုနောက်ဆုံး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်တို့ ဖြစ်ကြပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ဟာ ဗိုလ်မှူးချုပ် လွန်းမောင်ရဲ့ သားဖြစ်ပါတယ်။ ဗိုလ်မှူးချုပ် လွန်းမောင်ဟာ ၂၀၀၁ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး တင်ဦးရဲ့ ရဟတ်ယာဉ် မတော်တဆမှုမှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် စစ်တပ်အနေနဲ့ အစဉ်အလာအရ စောင့်ရှောက်ပေးရမဲ့သူတစ်ဦးအနေနဲ့ ရာထူးအဆင့်ဆင့်ရလာခဲ့သူ ဖြစ်ပါတယ်။

NLD အစိုးရလက်ထက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးကပ်တဲ့ဆက်ဆံရေး တည်ဆောက်နိုင်ခဲ့တဲ့ ပြည် ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေကို အမြင်ကတ်ပုဒ်မနဲ့ အနားပေးလိုက်တဲ့အခါ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ဟာ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ စရခချုပ်(တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်)ကနေ ပြည်ထဲရေးဝန်ကြီး ဖြစ်လာခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းယူပြီးတဲ့နောက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ကို ပြည်ထဲရေးဝန်ကြီးအဖြစ် ဆက်ထားခဲ့ပါတယ်။ NLD အစိုးရလက်ထက် ပြည်ထောင်စုဝန်ကြီးတွေအနေနဲ့ တစ်ဦးတည်းကျန်ရှိတဲ့ ဝန်ကြီးလည်း ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့မှာ စစ်ကောင်စီကို ပြင်ဆင်ဖွဲ့စည်းရာမှာ ဝန်ကြီးရာထူးအပြင် ဒုတိယဝန်ကြီးချုပ် အဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။ ဒုတိယဝန်ကြီးချုပ်အဖြစ် (၅)ဦး အထိ ရှိလာခဲ့ပါတယ်။
၂၀၂၃ ခုနှစ် ဩဂုတ်လ ၃ ရက်မှာတော့ ဒုတိယဝန်ကြီးချုပ်နဲ့ ပြည်ထဲရေးဝန်ကြီး အဖြစ်ကနေ ဖယ်ရှားခံရပြီး အစိုးရအဖွဲ့ ရုံးဝန်ကြီးဌာန (၁) ဝန်ကြီး ဖြစ်လာခဲ့ပါတယ်။ ဒါဟာ အမှုစစ်ဆေးဖို့အတွက် သူ့ကို နေရာ ရွှေ့ပြောင်းတာ ဖြစ်ပါတယ်။ ဩဂုတ်လ မတိုင်ခင်ကတည်းက သူ့မိသားစုကို တိုင်ကြားထားတဲ့ သတင်း တွေထွက်ပေါ်ခဲ့တာပါ။ ၅၄ ရက်သာ အစိုးရအဖွဲ့ရုံးဝန်ကြီးလုပ်ခဲ့ရပြီး ၂၀၂၃ စက်တင်ဘာလ ၂၅ ရက် မှာတော့ ရာထူးကနေ ဖယ်ရှားခံခဲ့ရပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး(ဟောင်း) စိုးထွဋ်ဟာ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး တာဝန်ထမ်း ဆောင်ခဲ့စဉ် Green Channel စနစ်နဲ့ မြန်မာနိုင်ငံကူးလက်မှတ် ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ဖို့အတွက် ကုမ္ပဏီတွေက အကူအညီတောင်းခံခဲ့မှုအပေါ် သူ့ရဲ့ ရာထူးနဲ့ လုပ်ပိုင်ခွင့်ကို မလျော်ဩဇာအသုံးပြုပြီး နိုင်ငံကူးလက်မှတ်များ ခွင့်ပြုပေးဖို့ ညွှန်ကြားခဲ့ခြင်း၊ တံစိုးလက်ဆောင် လက်ခံရယူခဲ့ခြင်း၊ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဝန်ထမ်းသက်သာချောင်ချိရေး ရန်ပုံငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနဲ့ ညီညွတ်မှုမရှိတဲ့ ဆောင်ရွက်မှုတွေအပေါ် ထိန်းသိမ်းကြပ်မတ်ကွပ်ကဲရန် ပျက်ကွက်ခဲ့ခြင်းတို့ကို ကျူးလွန်ခဲ့ တယ် လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခဲ့ပြီး စစ်တရားရုံးနဲ့ စစ်ဆေးစီရင်ပြီး ထောင်ဒဏ် (၅)နှစ် ချမှတ်ခဲ့ပါတယ်။

ဒါကတော့ အာဏာမသိမ်းခင်ကတည်းက ဝန်ကြီးဖြစ်ခဲ့ပြီး အာဏာသိမ်းကာလ ရှားရှားပါးပါး ပါလာခဲ့တဲ့ ပြည်ထဲရေးဝန်ကြီးတစ်ဦးရဲ့ နိဂုံးဖြစ်ပါတယ်။ သူ့နောက်မှာတော့ စစ်ခေါင်းဆောင်ဟာ သက်တော်ရှည် ဒုဗိုလ်ချုပ်ကြီးဖြစ်တဲ့ ရာပြည့်ကို ပြည်ထဲရေးဝန်ကြီးခန့်ခဲ့ပါတယ်။

စစ်တပ်ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု ကော်မတီမှာ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့တာကြောင့် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စတွေနဲ့အတူ ပြည်ထဲရေးကို ကိုင်ခိုင်းထားခဲ့တာပါ။ ဒါပေမယ့် တရုတ်အကူအညီနဲ့ အပစ်ရပ်ဖို့ ကိစ္စတွေလိုလာတော့ မနိုင်မနင်းဖြစ်လာတဲ့ ရာပြည့်ကို သာယာတဲ့ နယ်စပ်ရေးရာကို ပေးကိုင်ခဲ့ပြီး ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စတွေခိုင်းခဲ့ပါတယ်။ သူ့အလုပ်နဲ့ ဝန်ကြီးဌာန ကိုက်အောင်ပေးတာမျိုးပါ။

အဲဒီတော့ နယ်စပ်ရေးရာကိုင်နေတဲ့ ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ကို ပြည်ထဲရေးပေးကိုင်လိုက်ရတာပေါ့။ စစ်အာဏာသိမ်းကာလမှာ ကစထမှူး(ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ စစ်ဆင်ရေးအထူးအဖွဲ့မှူး)ကနေ ဝန်ကြီးဖြစ်လာတဲ့ ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ဟာ မူဝါဒကို လိုက်အကောင်အထည်ဖော်ရုံကလွဲရင် မလုပ်မရှုပ်မပြုတ်နေတဲ့သူပါပဲ။

လတ်တလော ကျားဖြန့်ကိစ္စ ရှမ်းမြောက်က မူးယစ်ဆေးဝါးထုတ်တဲ့နေရာတွေနဲ့ ပတ်သက်ပြီး စစ်တပ်က ဝါဒဖြန့်သတင်းစာရှင်းလင်းပွဲတွေမှာ အ ထစ် အ ထစ် ဖြစ်နေတဲ့ ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် တစ်ယောက် မူလစစ်ဘက်တာဝန်ပြန်ပေးခံရပြန်ပါတော့တယ်။

သူ့နေရာကို ဝင်လာတာက ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်ပါ အာဏာမသိမ်းခင် နယ်စပ်ရေးရာဒုဝန်ကြီး ဗိုလ်ချုပ် ဘဝနဲ့ ခရီးဆုံးမယ့် အခြေအနေကနေ ပြန်လည်တောက်ပလာသူပါ။ ဒုဝန်ကြီးကနေ ကစထမှူး ဒုဗိုလ်ချုပ်ကြီးဖြစ်လာခဲ့ပြီး ဧရာဝတီဒေသ အာရက္ခတပ်တော် AA နဲ့ စစ်ဆင်ရေးတွေမှာ မရှုမလှဖြစ်စေခဲ့သူလည်း ဖြစ်ပါတယ်။

ဒုဗိုလ်ချုပ်ကြီး ဖုန်းမြတ်ဟာ တိုင်းမှူးဘဝကလည်း AA ကြောင့် ဒုဝန်ကြီးနေရာရောက်ခဲ့ရပါသေးတယ်။ စစ်အာဏာသိမ်းမှုကြောင့် ကစထမှူးကနေ စစ်ရေးချုပ်ဖြစ်ခဲ့ပြီး အခုတော့ပြည်ထဲရေးဝန်ကြီးဖြစ်ခဲ့ပါပြီ။

သူ့ကို ဝန်ကြီးအဖြစ်မခန့်ခင်က ရက်ပိုင်းမှာပဲ စစ်ခေါင်းဆောင်ဟာ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခတွေကို ထိန်းသိမ်းရမဲ့ တာဝန်ဟာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ တာဝန်သာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အဲဒီလိုပြောပြီး ရက်ပိုင်းအတွင်းမှာ ပြည်ထဲရေးဝန်ကြီးအပြောင်းအလဲကို ထပ်မံပြုလုပ်လိုက်ပြီး
ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်ကို ဝန်ကြီးသစ်အဖြစ် အစားထိုးခန့်အပ်လိုက်ခြင်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၅ ရက်နေ့က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် မန္တလေးမှာ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံပွဲမှာ ပြည်တွင်းစစ်ကို ရဲတပ်ဖွဲ့က တာဝန်ယူရမှာဖြစ်ပြီး စစ်တပ်ကတော့ ပြည်ပရန်ကာကွယ်ရေးအတွက်သာ စွမ်းရည်မြှင့်တင်ရမယ်လို့ စစ်ခေါင်းဆောင်က ပြောဆိုခဲ့တာဖြစ်ပါတယ်။ အဲ့ဒီလို ပြောဆိုမှုဟာ စစ်မျက်နှာအသီးသီးတွင် ကြုံတွေ့နေရတဲ့ စစ်ရေးရှုံးနိမ့်မှုတွေအတွက် ရဲတပ်ဖွဲ့အပေါ် ပုံချလိုက်ခြင်းဖြစ်ကြောင်း ဝေဖန်မှုများ ထွက်ပေါ် ခဲ့ပါတယ်။

လက်ရှိမှာ ပြည်ထဲရေးဝန်ကြီးသစ် ဖြစ်လာသူ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်ဟာ ဗိုလ်သင်တန်းကျောင်း (OTS) အပတ်စဉ် ၇၃ မှဆင်းသူဖြစ်ပြီး အနားပေးခံရတဲ့ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ဟာ အရန်အင်အားစာရင်းဝင်လောက်သာ ဖြစ်ဖို့လည်းများပါတယ်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်က စစ်အုပ်စု တဖက်သတ်ပြုလုပ်ခဲ့တဲ့ အတုအယောင်ရွေးကောက်ပွဲ ပထမပိုင်းအပြီးမှာလည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အမေရိကန်၊ ရုရှားနဲ့ တရုတ် နိုင်ငံတွေဆိုင်ရာ သံအမတ်တွေကို သူ့ရဲ့ လူယုံတွေဖြစ်တဲ့ စစ်ဗိုလ်ချုပ်တွေကို စစ်ဘက်အဆင့်ရာထူးတွေကနေ အနားပေးပြီး ပြင်ဆင်ခန့်အပ်တာတွေ ရှိခဲ့ပါသေးတယ်။

ဒါတင်မကသေးပါဘူး၊ ရှမ်းမြောက်က ၁၀၂၇ စစ်ဆင်ရေး၊ ရခိုင်ပြည်စစ်ဆင်ရေးတွေမှာ စစ်ကောင်စီရဲ့ စစ်ဘက်အရာရှိကြီးပိုင်းတွေ ဖြစ်တဲ့ ဗိုလ်မှူးကြီး၊ ဗိုလ်မှူးချုပ် အဆင့်တွေအထိပါ သေဆုံးတာ၊ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရတာတွေ စတဲ့ကြီးမားတဲ့ ပြုန်းတီးမှုတွေလည်း ရှိခဲ့တာဖြစ်ပါတယ်။

မကြာသေးခင်က ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးဒေသအတွင်း အာရက္ခတပ်တော် AA ရဲ့ လက်ချက်နဲ့ စကခမှူး ဗိုလ်မှူးချုပ် ဟန်လင်းအောင် သေဆုံးခဲ့ပြီးနောက် စစ်ဘက်က တိုင်းမှူးနဲ့ စကခမှူး၊ တပ်မမှူးများ၊ လေ့ကျင့်ရေးအရာရှိချုပ်၊ စစ်တပ် တက္ကသိုလ်တွေရဲ့ ကျောင်းအုပ်ကြီး နေရာတွေ အများအပြားကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အပြောင်းအလဲလုပ်ခဲ့ပါတယ်။

ဒီလို ပြည်ထဲရေးဝန်ကြီး ၄ ကြိမ်အပါအဝင် မထင်ရင်မထင်သလို စစ်ဘက်ရော အရပ်ဘက်ပါ မင်းအောင်လှိုင်ရဲ့ ရသေ့စိတ်ဖြေ နေရာပြောင်းလဲမှုတွေကိုကြည့်ရင် စစ်ရေးအရ ရှုံးနိမ့်မှုတွေ၊ နိုင်ငံရေး၊ ပြည်တွင်းရေး မတည်ငြိမ်မှုတွေကို မြေကြီးလက်ခတ်မလွဲ အထင်းသား သိမြင်နိုင်ပါတယ်။

Leave a Comment

Latest Post

Latest Post