ဒီရက်ထဲ တော်လှန်ရေးအင်အားစုတွေကြား ကျေနပ်စရာအောင်ပွဲကြီးတစ်ခုရခဲ့ပြီး ပြည်သူတွေ၊ တော်လှန်ရေးရဲဘော်တွေ အကြီးအကျယ်အောင်ပွဲခံခဲ့ကြတဲ့ Video fileနဲ့ post တွေကို Social Media ပေါ်မှာ တော်တော်လေးတွေ့ခဲ့ရပါတယ်။ အဆိုပါအောင်ပွဲကတော့ အားလုံးသိကြတဲ့ KNU တပ်မဟာ(၆)နယ်မြေအတွင်းမှာရှိတဲ့ ထိုင်း-မြန်မာနယ်စပ်အနီးက ဥကရစ်ထစခန်းကုန်းကို KNLAနဲ့ PDF တပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့တဲ့အောင်ပွဲပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးစဖြစ်ကတည်းက စစ်ကောင်စီရဲ့တပ်စခန်းတွေ၊ မြို့တွေ၊ တပ်ရင်းတွေများစွာကို တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ခဲ့ဖူးပြီး အောင်မြင်မှုအကြီးအကျယ်ရရှိခဲ့ဖူးပေမဲ့ ဘာကြောင့် ဒီစခန်းကျမှ တောင်ပိုင်းကတော်လှန်ရေးတပ်ဖွဲ့တွေသာမက၊ တစ်နိုင်ငံလုံးကတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူတွေက အကြီးအကျယ်အောင်ပွဲခံနေကြတာလည်းဆိုပြီးမေးစရာရှိနေပါတယ်။
ဒီအဖြေကို ဖြေရမယ်ဆိုရင်တော့ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်နိုင်ခဲ့တဲ့ စခန်းဟာ “ဥကရစ်ထ” စခန်းဖြစ်နေလို့ကို ခုလောက်ထိ အောင်ပွဲခံနေကြခြင်းပဲ ဖြစ်ပါတယ်။ ဥကရစ်ထစခန်းဆိုတာဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က စစ်တပ်ရဲ့ ၇၉ နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် ၎င်းရဲ့ စစ်သားတွေစိတ်အားတက်ကြွစေဖို့ ဝါဒဖြန့်ချီရေးအတွက် ရ်ုက်ကူးခဲ့တဲ့ “သက်ရှိစည်းရိုး”အမည်ရ ဇာတ်ကားရဲ့ ဇာတ်အိမ်တည်ရာ စခန်းပဲ ဖြစ်ပါတယ်။
တိတိကျကျပြောရမယ်ဆိုရင် အဆိုပါ ဥကရစ်ထ စခန်းကို တော်လှန်ရေးတိုက်ပွဲတွေအရှိန်မြင့်ရာ ၂၀၂၂ ခုနှစ် ဇွန်လတုန်းက PDF တွေနဲ့ KNLA တပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ဖို့ကြိုးစားခဲ့ဖူးပေမဲ့ စစ်ကောင်စီရဲ့ လေကြောင်းပစ်အား၊ လက်နက်၊ရိက္ခာ၊စစ်ကူ ဖြည့်တင်းထားနိုင်မှုအခြေအနေတွေကြောင့် စစ်ဆင်ရေးမအောင်မြင်ဘဲ တပ်ပြန်ဆုတ်ခဲ့ရဖူးပါတယ်။ အဲ့ဒီနောက် တစ်နိုင်ငံလုံး စစ်ပတ်ရှုံးနေတဲ့ အကြမ်းဖက်စစ်တပ်အနေဖြင့် ၎င်းလက်အောက်က စစ်သားတွေနဲ့ တပ်ထောက်ခံသူတွေကို တစ်ဖန်စိတ်အားတက်ကြွလာစေရေးအတွက် ရှုံးနိမ့်မှုတွေများစွာထဲကမှ ရှားရှားပါးပါး ခံချနိုင်ခဲ့တဲ့ အဆိုပါ ဥကရစ်ထ တိုက်ပွဲအကြောင်းကို ဆွဲထုတ်ကာ ရုပ်ရှင်ရိုက်ခဲ့ကြပါတယ်။
အဆိုပါ ဝါဒဖြန့်ရုပ်ရှင်အတွင်း တော်လှန်ရေးကိုပုံဖျတ်ထားတဲ့ အကြောင်းအရာတွေကိုထည့်သွင်းရိုက်ပြထားသလို PDFနဲ့ KNLAအင်အားစုတွေကြား သွေးကွဲရန်အတွက်လည်း ကြိုးစားပုံဖော်ထားတာတွေတွေ့ရပါတယ်။ ဒါတင်မကသေးဘဲ ဒေသခံပြည်သူတွေက စစ်တပ်ကိုကြည်ဖြူသလို၊ စစ်တပ်ကရဲဘော်တွေကလည်း စွန့်လွှတ်စွန့်စားစိတ်အပြည့်နဲ့ အမှန်တရားအတွက် တိုက်ပွဲဝင်တွေကြောင်းကို ဝေဝေဆာဆာနဲ့ ပုံဖော် ရိုက်ကူးထားပါသေးတယ်။
ဒါ့အပြင် “သက်ရှိစည်းရိုး” ဆိုတဲ့ ဇာတ်ကားနဲ့အတူ ထိုဇာတ်ကားထဲမှာ သရုပ်ဆောင်ခဲ့တဲ့ ခန့်စည်သူရဲ့”လောလောဆယ် ကျန်နေတာကတော့ ၊မင်းတို့ ငါတို့လို့ သက်ရှိစည်းရိုးတွေပဲ၊ ငါပြိုလဲသွားရင် ရန်သူတွေဒီစခန်းထဲဝင်မလာနိုင်အောင် ၊အသက်စွန့်ပြီးတိုက်ကြ၊ ဘယ်တော့မှအရှုံးမပေးနဲ့”ဆိုတဲ့ ဒိုင်ယာလော့(Dialogue)ဟာလည်း ၎င်းတို့ စစ်အုပ်စုအကြား အတော်လေးရေပန်းစားခဲ့ပြီး စခန်းမကျစေရေးအတွက် ဘယ်လိုတွေခုခံခဲ့တယ်၊ နိုင်ငံတော်ကို ဘယ်လိုတွေကာကွယ်နေတယ်ဆိုကာ မဟုတ်တာတွေပြောပြီး အတော်လေးဂုဏ်ဆာခဲ့ကြပါတယ်။
စစ်တပ်အသိုင်းအဝိုင်းရဲ့ အဲ့ဒီလိုမဟုတ်တာတွေပြောပြီး ဂုဏ်ဆာခဲ့ခြင်းနဲ့ တော်လှန်ရေးအင်အားစုတွေကို ပုံဖျတ်ထားတဲ့ အဆိုပါဇာတ်ကားကြောင့်ပဲ ထိုစဥ်က တောင်ပိုင်းမှရဲဘော်တွေအားလုံးဟာ ဥကရစ်ထစခန်းကို ရအောင်သိမ်းပြီး စစ်တပ်ရဲ့ ဂုဏ်ဆာမှုကို ရိုက်ချိုးပြမယ်ဆိုပြီး တေးမှတ်ထားခဲ့ကြပါတယ်။ ပြန်လည်ကြားသိရတဲ့ သတင်းတွေအရဆိုရင်လည်း ယခုသိမ်းပိုက်ရရှိခဲ့တဲ့ ဥကရစ်ထစခန်းကုန်းသိမ်းတိုက်ပွဲမှာ တော်လှန်ရေးရဲဘော်တွေအနေနဲ့ အခြားသောတိုက်ပွဲတွေထက် ပိုမိုအားစိုက်ထုတ်ခဲ့ပြီး စခန်းသိမ်းတိုက်ပွဲအတွင်းမပါရမှာကိုတောင် စိတ်ပူခဲ့ကြတယ်လို့တောင် သိရပါတယ်။
အဆိုပါ ဥကရစ်ထစခန်းကို ပထမအကြိမ်တိုက်ပြီး ၃ နှစ်အကြာ ၂၀၂၅ ခုနှစ် ဇွန်လ မှာပဲ တော်လှန်ရေးပူးပေါင်းတပ်တွေက ပိတ်ဆို့ဖြတ်တောက်တာတွေပြုလုပ်ပြီး စခန်းသိမ်းအတွက် စတင်ပြင်ဆင်ခဲ့ပါတယ်။ စစ်ကောင်စီအနေနဲ့ကလည်း ၎င်းတို့ ဂုဏ်ယူဝံ့ကြွားစွာနဲ့ ဝါဒဖြန့်ချီခဲ့တဲ့ စခန်းဖြစ်တာကြောင့်ပဲ အခြားသော စခန်းကုန်းတွေထက်ပိုမိုကာ ခံစစ်အနေအထား၊ လက်နက်ခဲယမ်းဖြည့်တင်းမှုအနေအထားနဲ့ ရိက္ခာ၊ လက်နက်ကြီးတွေကိုပါ ပြင်ဆင်ပြီး စခန်းမကျစေရေးအတွက် တော်တော်လေးအာရုံစိုက်ပြင်ဆင်ခဲ့တယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ၂၀၂၂ ခုနှစ်တုန်းကထက်ပိုတဲ့ စစ်ရေးအတွေ့အကြုံ၊ တပ်ပေါင်းစုသဏ္ဍန်ညီညွှတ်မှုတွေနဲ့ ပြည့်စုံနေတဲ့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ စစ်ကောင်စီဂုဏ်ဆာရာအဆိုပါစခန်းကို ပိတ်ဆို့ပြီး ရက်သတ္တပတ်အကြာမှာပဲ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေရိုက်ကူးထားတဲ့ တိုက်ပွဲအတွင်းက Video မှတ်တမ်းတွေအရဆိုရင် စစ်ကောင်စီရဲ့ ဝါဒဖြန့်စစ်ကားတွေကြည့်ပြီး ကိုယ့်ဟာကိုယ် “သက်ရှိစည်းရိုး” ဆိုပြီး သွေးနထင်ရောက်နေတဲ့ ဥကရစ်ထစခန်းထဲက စစ်
ကောင်စီတပ်သား ၁၀၀ နီးပါးဟာ အပြီးသတ်ချေမှုန်းရေးစပြီး သိပ်မကြာခင်မှာပဲ အနီးဆုံးထိုင်းနိုင်ငံထဲကို သိက္ခာပင်မဆယ်နိုင်ဘဲ
အလုအယက်ပြေးဝင်ဖြတ်ကူးမှုတွေ ပြုလုပ်တာတွေကို မြင်တွေ့ခဲ့ရပါတယ်။ တစ်ချို့စကစ စစ်သားတွေဆို ၎င်းတို့အသက်မသေရေးအတွက် ပုဆိုးတွေ ဘောင်းဘီတွေတောင်မပါဘဲ အောက်ပိုင်းကိုယ်လုံးတီးနဲ့ လွတ်ရင်ပြီးရောဆိုပြီးထွက်ပြေးနေကြတဲ့ ပုံတွေကိုလည်း တွေ့ရပါတယ်။ ဒါတင်မက
ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ဒီမြင်ကွင်းနဲ့ ဥကရစ်ထစခန်းကျဆုံးမှု သတင်းဟာ တော်လှန်ရေးဘက်တော်သားတွေအတွက်တော့ တကယ်ကိုချိုမြိန်လွန်းလှပြီး နိုင်ငံတော်ကိုကာကွယ်နေပါတယ်ဆိုတဲ့ မြန်မာစစ်တပ်ရဲ့” သက်ရှိစည်းရိုး” ဆိုတာတွေဟာ ၎င်းတို့ရိုက်ကူးထားတဲ့ ဝါဒဖြန့်စစ်ကားတွေထဲမှာသာသူရဲကောင်းကြီးသဏ္ဍန်ရှိနေပေမဲ့ ပြည်သူလူထုထောက်ခံမှုမရှိတဲ့အပြင်လောကမှာတော့ စစ်ကောင်စီတပ်သားတွေအနေနဲ့ ကျည်ဖောက်သံစကြားကတည်းက မာရသွန်ပြိုင်ပွဲသဖွယ်သဘောထားပြီး ထိုင်းထဲဝင်ပြေးဖို့သာချောင်းနေတယ်လို့သာ ဆိုချင်ပါတော့တယ်။
1 comment
👍👍