Thursday, August 28, 2025
Home » စစ်ပွဲပြီးဆုံးသွားခဲ့ပေမဲ့ စကားနိုင်လုနေကြဆဲဖြစ်တဲ့ အစ္စရေးနဲ့ အီရန်

စစ်ပွဲပြီးဆုံးသွားခဲ့ပေမဲ့ စကားနိုင်လုနေကြဆဲဖြစ်တဲ့ အစ္စရေးနဲ့ အီရန်

0 22
22

ဇွန်လအတွင်းက ၁၂ရက်ကြာဖြစ်ပွားခဲ့တဲ့ အစ္စရေး-အီရန်စစ်ပွဲမှာ ဘယ်သူရှုံးပြီး ဘယ်သူ အမြတ်ထွက်ခဲ့တာပါလဲ။
အမေရိကန်ကရော တကယ်ပဲ အီရန်ရဲ့ နျူကလီးယားစက်ရုံတွေကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့တာလား။ အနာဂတ်မှာ အီရန်ရဲ့ နောက်ကွယ်ကနေ တရုတ်၊ရုရှားတို့အပြင် မြောက်ကိုရီးယားကရော ပေါ်ပေါ်ထင်ထင်ပါ၀င်လာနိုင်သလား။ ဒါဟာ ၂နိုင်ငံစစ်ပွဲဆိုတာထက် ကမ္ဘာတစ်ဝှမ်းကလူတွေ ခန့်မှန်းထားကြသလို တတိယကမ္ဘာစစ်ရဲ့ မီးအစ ဖြစ်နိုင်သလား ဆိုတာတွေကို တစ်ချက်လောက်ကြည့်ရအောင်ပါ။

အစ္စရေးကတော့ သူတို့ရဲ့ ရည်မှန်းချက်တွေ အောင်မြင်ခဲ့တာကြောင့် အပစ်အခတ်ရပ်စဲရေးကို သဘောတူခဲ့တယ်လို့ ‌အစ္စရေး၀န်ကြီးချုပ်ဘန်ဂျမင် နေတန်ရာဟုက ဆိုပါတယ်။

အီရန်အနှိုင်းမဲ့ခေါင်းဆောင် အလီခါမီနီကတော့ အမေရိကန်နဲ့ အစ္စရေးတို့ပြောနေသလို ထိခိုက်ပျက်စီးသွားတာတွေမရှိဘူးလို့ ဇွန်လ၂၆ရက် ကြာသပတေးနေ့က သူရဲ့တတ်ယမြောက် မိန့်ခွန်းဗီဒီယိုမှာ ပြောခဲ့ပါတယ်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ အမေရိကန်လေတပ်ချုပ် ဗိုလ်ချုပ်ကြီး ဒန်ကိန်းတို့ကတော့ အီရန်တော်တော်လေးအထိနာသွားတယ်လို့ မိန့်ခွန်းတွေမှာ ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့လည်း အမေရိကန်ရဲ့အစိုးရ အုပ်စုတွေ ထဲမှာပင် စကားသံမျိုးစုံကြားနေရ ပြန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အမေရိကန်စုံစမ်းထောက်လှမ်းရေးအဖွဲ့က ထရမ့်နဲ့ ဒန်ကိန်းတို့ ပြောသလို အီရန်ရဲ့ နျူးကလီးယား စီမံကိန်းဟာ အကြီးအကျယ် ထိခိုက်ပျက်စီးသွားတာမျိုးမဟုတ်ဘဲ လအနည်းငယ်လောက်သာ နောက်ဆုတ်သွားတာသာ ဖြစ်တယ်လို့ အစောပိုင်းအစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။စုံစမ်းထောက်လှမ်းရေးအဖွဲ့က အခုလို ပြောဆိုတာဟာ အကြောင်းတစ်ခုတော့ ရှိပါတယ်။ အောက်မှာ ဆက်လက်ကြည့်ရအောင်ပါ။

အစ္စရေး-အီရန် စစ်ပွဲအစောပိုင်းဖြစ်တဲ့ ဇွန်လ၁၃ရက်နေ့နဲ့ ၁၈နေ့မှာ ထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုတွေမှာတွေ့ရတဲ့ အလီခါမီနီရဲ့မာန်တွေဟန်တွေ အသံနေအသံထားတွေဟာ ဇွန်၂၆ရက်နေ့ကထုတ်ပြန်တဲ့မိန့်ခွန်းမှာတော့ လုံး၀မတွေ့ရတော့ပါဘူး။

‌အစောပိုင်းက အီရန်ဟာ အစ္စရေးကို အမှုန့်ချေပစ်မယ်တို့ စက္ကန့်တိုင်းဟာ အစ္စရေးကျရှုံးဖို့ နီးလာပြီတို့ဆိုတာ အိပ်မက်ထဲက စကားလုံးသာသာတွေသာ ဖြစ်သွားပါတော့တယ်။

လက်တွေ့မှာတော့ အစ္စရေးနဲ့ အမေရိကန်ရဲ့တိုက်ခိုက်မှုတွေကြောင့် အီရန်ဘက်ကစစ်ဗိုလ်ချုပ်ကြီးတွေ အပါအ၀င် စစ်ဘက်ရေးရာနဲ့သက်ဆိုင်တဲ့ အရာရှိ အနည်းဆုံး ၂၁၀ကျော် သေဆုံးခဲ့ပြီး နျူးကလီးယားပညာရှင်တွေလည်းသေဆုံးခဲ့တယ်လို့သိရပါတယ်။ အရပ်သားသေဆုံးမှုဟာလည်း ၆၀၀နဲ့ ၁၀၀၀ကြားခဲ့ပြီး ဒဏ်ရာရရှိသူ၃၀၀၀နဲ့အထက်ရှိတယ်လို့ အီရန်အစိုးရရဲ့ထုတ်ပြန်ချက်တွေနဲ့ အီရန် လူအခွင့်အရေးအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

အစ္စရေးဘက်တော့ အရပ်သား၃၀၀န်းကျင်ခန့်သေဆုံးခဲ့ပြီး ၂၅၀၀ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ လက်တွေ့မှာတော့ ဒီ့ထက်များနိုင်ပါတယ်။

နှစ်နိုင်ငံစစ်ပွဲရဲ့ ၁၀ရက်မြောက်နေ့ဖြစ်တဲ့ ဇွန်လ၂၃ရက်နေ့ညမှာ‌တော့ အီရန်က အရှေ့အလယ်ပိုင်း ကာတာနိုင်ငံမှာရှိတဲ့ အမေရိကန် အကြီးဆုံး လေတပ်ဌာနချုပ်ကို တိုက်ခိုက်ခဲ့တာကြောင့် စစ်ပွဲဟာ ဒီထက်မက ပိုမိုပြင်းထန်လာနိုင်တယ်လို့ သုံးသပ်ခဲ့ကြပါတယ်။ အမေရိကန်ဘက်ကတော့ သူ့နိုင်ငံသားတွေကို အရှေ့ရက်ပိုင်းတွေကတည်းက လုံခြုံတဲ့နေရာတွေကို ရွှေ့ပြောင်းဖို့ မှာကြားထားခဲ့တာပါ။ ဒါကြောင့် သေကြေထိခိုက်မှုမရှိခဲ့ဘူးလို့ ထရမ့်က ပြောပါတယ်။

အီရန်ရဲ့ပြန်လည်တိုက်ခိုက်မှုဟာ အမေရိကန်ရဲ့ B2လေယာဉ်တွေနဲ့ ရေငုပ်သင်္ဘောတွေက အီရန်ရဲ့နျူးကလီးယား ဆိုက်တွေဖြစ်တဲ့ ဖော်ဒိုး၊ နတန့်စ်နဲ့ အစ္စတန်ဖာတို့ကို တိုက်ခိုက်အပြီး ၄၂နာရီအကြာမှာ ဖြစ်ခဲ့တာပါ။

ကာတာနိုင်ငံကတော့ အီရန်ရဲ့တိုက်ခိုက်မှု မစတင်ခင် ၃နာရီအလိုကတည်းက သူရဲ့လေပိုင်နက်ကို ပိတ်ခဲ့တာပါ။အီရန်ဘက်ကတော့ ကာတာအစိုးကို ၎င်းတို့ပိုင်နက်မှာရှိတဲ့ အမေရိကန်လေတပ်စခန်းကို တိုက်ခိုက်မှာဖြစ်တယ်လို့ ကြိုတင်အကြောင်းကြားထားခဲ့တာပါ။

ကာတာဟာ အီရန်နဲ့ အစ္စရေးနှစ်နိုင်ငံစတင် စစ်ပွဲဖြစ်ကတည်းက ကြားဝင်စေ့စပ်မှုတွေလုပ်ဆောင်ပေးတဲ့နိုင်ငံလည်းဖြစ်ပါတယ်။ အီရန်နဲ့ ကာတာတို့ဟာ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတဲ့ နိုင်ငံတွေလည်းဖြစ်ပါတယ်။

ဒါကြောင့် အီရန်က အခုလို ကာတာနိုင်ငံထဲမှာအခြေစိုက်ထားတဲ့ အမေရိကန်ရဲ့ လေတပ်စခန်း‌ကို တိုက်ခိုက်တာဟာ ကာတာနိုင်ငံ နဲ့ နိုင်ငံအတွင်းရှိ ပြည်သူတွေကို ထိခိုက်စေလိုတဲ့ရည်ရွယ်ချက်မရှိပါဘူးလို့ ပြောခဲ့ပါသေးတယ်။

ဒါကြောင့်လည်း လူနေအဆောက်အအုံတွေနဲ့ဝေးရာမှာ တည်ဆောက်ထားတဲ့ လွင်ပြင်ခေါင်တီးမှာ တည်ဆောက်ထားတဲ့ အမေရိကန်ရဲ့ အခြေစိုက်စခန်းကို တိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။
ကာတာဘက်ကလည်း အဲ့ဒီတိုက်ခိုက်မှုကို လက်တုံ့ပြန်သွားမှာ မဟုတ်ဘူးလို့ ပြန်‌လည်ထုတ်ပြန်ထားပါတယ်။

ကဲဒါဆိုအစ္စရေး-အီရန်တို့က စခဲ့တဲ့စစ်ပွဲမှာ အမေရိကန်က အစ္စရေးဘက်က ၀င်ပါလာတာကြောင့် အီရန်ဘက်ကလည်း ဘယ်လို မဟာမိတ်တွေနဲ့ သွားရောက်တွေ့ဆုံခဲ့ပါသေးလဲ။ တစ်ချက်လောက်ကြည့်ရအောင်ပါ။

အမေရိကန်ရဲ့ B2လေယာဉ်တွေ ဗုံးကြဲတိုက်ခိုက်မှုအပြီး နောက်တစ်ရက်မှာပဲ အီရန်နိုင်ငံခြားရေး၀န်ကြီးက ရုရှားနိုင်ငံကိုသွားရောက်ခဲ့တယ်။နောက်ရက်မှာပဲ ကာတာမှာရှိတဲ့ အမေရိကန်လေတပ်စခန်းဌာနချုပ်ကို တိုက်ခိုက်ခဲ့တာပါ။ဆိုလိုတာကတော့ အီရန်အနောက်မှာ ရုရှားက မားမားမတ်ရပ်တည်နေတယ်ဆိုတာပါပဲ။ နောက်ထပ် ကလေးဆိုးကြီးတစ်ယောက်လည်းရှိပါသေးတယ်။
ဟုတ်ပါတယ်။ မြောက်ကိုရီးယားပါ။ မြောက်ကိုရီးယားဟာ ၁၉၈၀ခုနှစ်ကတည်းက အီရန်ကို စစ်ဘက်ရေးရာ နဲ့ပက်သက်လို့ အစစအရာရာ ထောက်ပံ့ပေးခဲ့တာပါ။ အခုလည်း ပြီးခဲ့တဲ့ ဇွန်လ၂၅ရက်နေ့က အီရန်ဘက်ကနေ ၀မ်းနည်းကြောင်း ပြောခဲ့ပါသေးတယ်။ နောက်တစ်နိုင်ငံကျန်ပါသေးတယ်။ အများက Pooh ၀က်ဝံကာတွန်းဇာတ်ကောင်လေးနဲ့တူတယ်ဆိုပြီး အမြဲMeme လုပ်ခံနေရတဲ့ တရုတ်သမ္မတ ရှီကျင်းဖျင်ပါ။ သူကတော့ ပေါ်ပေါ်ထင်ထင်ပြောဆို ကူညီတာမျိုးမရှိပေမဲ့ သေချာပေါက်ထောက်ပံ့ပေးနေမှာပါ။

ဆိုတော့ အနှစ်ချုပ်အနေနဲ့ အစ္စရေး-အီရန် ၁၂ရက်စစ်ပွဲဟာ ဒီမိုကရေစီကိုလိုလားတဲ့ နိုင်ငံတွေနဲ့ တစ်ဖက်သတ်ဆန်ဆန် အုပ်ချုပ်အစိုးရလုပ်တတ်တဲ့ နိုင်ငံတွေ အားပြိုင်ခဲ့ကြတာပါပဲဖြစ်ပါတယ်။ အပစ်အခတ်ရပ်ဆဲကြပြီလို့ ခေါင်းစဉ်တပ်ထားကြပေမဲ့ အစ္စရေးရော အီရန်ရောက သူစချရင် ငါလည်းငြိမ်နေမှာမဟုတ်ဘူးဆိုတဲ့ အ‌ခြေအနေမျိုးမှာသာ ရှိနေသေးကြောင်း ပြောကြားရင် အဆုံးသတ်ပါရစေ။

Leave a Comment

Latest Post

Latest Post