အာရက္ခတပ်တော် AA လက်ချက်နဲ့ ညောင်ကျိုးစစ်မျက်နှာအတွင်း စကခ(၁၀) စကခမှူး ဗိုလ်မှူးချုပ် ဟန်လင်းအောင် သေဆုံးပြီးနောက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ညောင်ကျိုးစစ်မြေပြင်ကို တိုက်ရိုက်ကွပ်ကဲရတဲ့ တိုင်းမှူးနဲ့ စကခမှူး၊ တပ်မမှူးများ၊ လေ့ကျင့်ရေးအရာရှိချုပ်၊ စစ်တပ်တက္ကသိုလ်တွေရဲ့ ကျောင်းအုပ်နေရာတွေများစွာကို အချိန်အပြောင်းပြုလုပ်ခဲ့တယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
ယခုရက်ပိုင်းအတွင်းမှာ မင်းအောင်လှိုင်ဟာ စကခ (၁၀) စကခမှူး သေဆုံးခဲ့တဲ့ ညောင်ကျိုးဒေသဘက်မှ ကွပ်ကဲနေတဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တပခ တိုင်မှူး၊ ဗိုလ်ချုပ် ကြည်သိုက် (DSA 39)ကို နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ပြောင်းလဲခန့်ထားခဲ့တယ်လို့ သိရပါတယ်။
ဗိုလ်ချုပ် ကြည်သိုက်နဲ့ ဗိုလ်လောင်းအမှတ်စဉ်တူသူ အရင်က နေပြည်တော်တိုင်းမှူး ဗိုလ်ချုပ် စိုးမင်းကိုတော့ လေ့ကျင့်ရေးအရာရှိချုပ်အဖြစ် တိုးမြှင့်ခန့်ထားခဲ့တယ်လို့ သိရပါတယ်။
လက်ရှိ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီးကို လစ်လပ်သွားတဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် အစားထိုး ပြောင်းလဲခန့်ထားခဲ့တယ်လို့ သိရပါတယ်။
ဒါတင်မက တိုက်ခိုက်ရေးတပ်မတွေဖြစ်တဲ့ တပ်မ ၁၀၁ တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မင်းထက်ကို တပ်မတော်နည်းပညာတက္ကသိုလ် DSTA ကျောင်းအုပ်ကြီး၊ စကခ(၁၈) စကခမှူး ဗိုလ်မှူးချုပ် သန့်လွင်စိုးကို တပ်မ(၁၀၁)တပ်မမှူး၊ စကခ(၁၄) စကခမှူး ဗိုလ်မှူးချုပ် တင်ထွန်းအောင်ကို စကခ(၁၀) စကခမှူးအဖြစ် နေရာအပြောင်းအလဲတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒီလို တိုက်ခိုက်ရေးတပ်မမှူးအပြောင်းအလဲ၊ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီးတွေရဲ့ အပြောင်းအလဲနဲ့ တိုင်းမှူး အပြောင်းအလဲတွေသာမက အရေးကြီးတဲ့ ဒုတိယတပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်နေရာကို ဗိုလ်မှူးချုပ် စိုးညွှန့်ကိုပေးကာ စစ်ဦးစီးတက္ကသိုလ်ကျောင်းအုပ်ကြီးနေရာကိုတော့ စကခ(၆)စကမှူး စစ်ဦးစီးဗိုလ်ချုပ်ကို ပေးခဲ့တယ်လို့ သိရပါတယ်။
ယခုကဲ့သို့ မြေပြင်တိုက်ပွဲတွေကို ဆုံးဖြတ်လုပ်ကိုင်ခွင့်ရှိတဲ့ တပ်မမှူး၊ တိုင်းမှူးတွေ များစွာကို အပြောင်းအလဲတွေ ဆက်တိုက်လုပ်ဆောင်လာခဲ့တာနဲ့ပတ်သတ်ပြီး CDM အရာရှိ ဗိုလ်မှူးတစ်ဦးကလည်း အခုလို သုံးသပ်ပါတယ်။
“ဒီရက်ပိုင်းထဲမှာကို တပ်မမှူးအဆင့်၊ တိုင်းမှူး အဆင့် အချိန်းအပြောင်းတွေ အများကြီးလုပ်လာတာကိုတွေ့ရတယ်၊ ဒါ ပဲခူး-ရခိုင်နယ်စပ်မှာ စကခ(၁၀) စကခမှူး သေဆုံးခြင်းရဲ့ အကျိုးဆက်ပဲ” လို့ BBM ကိုပြောပါတယ်။
မင်းအောင်လှိုင်အနေနဲ့ မြေပြင်အရေးကြီး စစ်ခေါင်းဆောင်တွေများစွာကို အပြောင်းအလဲပြုလုပ်ရုံတင်မကဘဲ ရွေးကောက်ပွဲ ပထမအဆင့်အပြီးမှာ နိုင်ငံကြီးတွေဖြစ်တဲ့ အမေရိကန်၊ ရုရှား၊ တရုတ် နိုင်ငံတွေရဲ့ သံအမတ်တွေအဖြစ်ခန့်အပ်ဖို့အတွက်လည်း သူယုံကြည်စိတ်ချရတဲ့ ဗိုလ်ချုပ်အချို့ကို တာဝန်မှအနားပေးပြီး ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေထံမှ သိရပါတယ်။
Photo – တပခ တိုင်းမှူးဟောင်း ဗိုလ်ချုပ် ကြည်သိုက်၊ ညောင်ကျိုးတိုက်ပွဲမှာ သေဆုံးခဲ့သူ စကခ(၁၀)မှူး ဟန်လင်းအောင်

