🟥 သေဆုံးတဲ့အထဲ ကျောင်းဆင်းခါစ အရာရှိများပင်ပါဝင်
ချင်းပြည်နယ်မြောက်ပိုင်း၊ ကလေး -သိုင်းငင်းလမ်းပေါရှိ မွှာလ်ပီးကျေးရွာ သိမ်းတိုက်ပွဲအတွင်း
တစ်ရက်အတွင်းမှာပင် စစ်ကောင်စီဘက်မှ အယောက်၂၀ ဝန်းကျင်ခန့်သေဆုံးပြီး စစ်လက်နက်ပစ္စည်းတွေများစွာလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ မြေပြင်စစ်ရေး သတင်းရင်းမြစ်တွေအရ သိရပါတယ်။
စစ်ကောင်စီအနေနဲ့ ချင်းပြည်နယ်ကို စစ်အင်အားအလုံးအရင်းဖြင့် ၂၀၂၅ ခုနှစ် မေလ ၁၈ရက်နေ့က စစ်ကြောင်းထိုးလာတာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် ရှေ့မဆက်နိုင်ဘဲ ကလေးမြို့မှ ၁၇ မိုင်အကွာ ကလေး-သိုင်းငင်းလမ်းပေါ်ရှိ မွှာလ်ပီးကျေးရွာမှာ တပ်စွဲနေခဲ့ကြတယ်လို့သိရပါတယ်။
အဆိုပါ မွှာလ်ပီးကျေးရွာမှာရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို တော်လှန်ရေးအင်အားစုတွေက ၂၀၂၅ခုနှစ် ဇူလိုင်လ၅ရက်နေ့ မနက်၆နာရီလောက်ကစတင်တိုက်ခိုက်ခဲ့ပြီး တစ်နေ့တာတိုက်ပွဲအတွင်း စကစ ဘက်မှ ၂၀ ဝန်းကျင်အထိသေဆုံးကာ မွှာလ်ပီးကျေးရွာမှ ဆုတ်ခွါထွက်ပြေးသွားခဲ့တယ်လို့လည်း သိရပါတယ်။
“၅ရက်နေ့ မနက်၆ ကစတိုက်တာ ညနေ၅နာရီမထိုးခင် အပြီးသတ်သိမ်းနိုင်တယ်၊တစ်ရက်
အတွင်း စကစဘက်က ၂၀ လောက်သေမယ်ဗျ ၊ အလောင်းရထားတာတော့ ၁၀ လောင်းလောက်တော့ရှိနေပါပြီ”
ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးမှ BBM ကိုပြောပါတယ်။ လက်ရှိအချိန်ထိ တော်လှန်ရေးအင်အားစုတွေအနေနဲ့ အဆိုပါကျေးရွာအနီးတစ်ဝိုက်ကို နယ်မြေရှင်းလင်းမှုတွေဆက်လက်ဆောင်ရွက်နေပြီး ခဲယမ်းလက်နက်အမြောက်အများလည်း သိမ်းဆည်းရရှိထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် အဆိုပါတိုက်ပွဲအတွင်း ကျောင်းဆင်းခါစ ဒုဗိုလ်(၂)ဦးသေဆုံးပြီး၊ ဗိုလ်အဆင့်ရှိသူတစ်ဦးလည်း ပျောက်ဆုံးနေတယ်လို့ တပ်တွင်းရင်းမြစ်တစ်ဦးမှလည်း BBM ကိုပြောပါတယ်။
“မွှာလ်ပီးတိုက်ပွဲမှာ ခုမှကျောင်းဆင်းခါစ အရာရှိတွေလည်းသေတယ်လို့ကြားတယ်၊ ပျောက်တဲ့အရာရှိငယ်တွေလည်း ပျောက်နေတုန်းပဲ”
လို့ဆက်လက်ပြောကြားပါတယ်။ စစ်ကောင်စီအနေနဲ့ အဆိုပါတိုက်ပွဲဖြစ်ပွါးပြီးနောက် ကလေးမြို့ ၉ မိုင်အရပ်မှ လက်နက်ကြီးပစ်ကူပေးတာတွေ၊ စစ်ကူစစ်ကြောင်းပို့လွှတ်တာတွေ ဆောင်ရွက်ပေးခဲ့တယ်လို့လည်း သိရပါတယ်။
