စစ်ဘေးရှောင်ပြည်သူတွေကိုပါ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်နေ
တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ စဥ့်ကူးမြို့ကို စစ်ကောင်စီတပ်က ပြန်လည်သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီးနောက် မြို့ပေါ်နဲ့ မြို့အနီးရှိ ကျေးရွာတွေမှ ဒေသခံတွေဟာ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်မှုတွေရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်ဟာ စဥ့်ကူးမြို့ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၇ ရက်နေ့၊ ညနေပိုင်းမှာ မြေပြင်စစ်ကြောင်းတွေ၊ လေကြောင်းပစ်ကူတွေနဲ့အတူ ချီတက်ပြီး ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒါကြောင့် မြို့ပေါ်နဲ့ အနီးအနားရှိ ကျေးရွာတွေမှ ဒေသခံတွေဟာ ဘေးလွတ်ရာနေရာတွေနဲ့ ဧရာဝတီမြစ်တစ်ဘက်ခြမ်းတွေမှာ စစ်ဘေးတိမ်းရှောင်နေကြရပြီး အဲဒီနေရာတွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်တာ၊ ဒရုန်းတွေ ပစ်ခတ်တာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။
“ကျနော်သိရသလောက်တော့ စကစ စဥ့်ကူးကို ထိန်းချုပ်သွားနိုင်ပါပြီ၊ အဲဒီဘက်က စစ်ရှောင်တွေ တော်တော်များများ စစ်ဘေးတိမ်းရှောင်နေကြရပါတယ်၊ ကားတွေပါတွေနဲ့ တိမ်းရှောင်သွားကြတဲ့သူတွေကိုလည်း စကစဘက်က ဂျက်ဖိုက်တာတွေနဲ့ ပစ်ခတ်နေတယ်လို့တော့ သိရပါတယ်၊ သူတို့မှာ အခက်အခဲတွေကတော့ အများကြီးရှိပါတယ်” လို့ စဥ့်ကူးဒေသခံ သတင်းရင်းမြစ်တစ်ဦးက BBM ကို ပြောပါတယ်။
အလားတူ စစ်ကောင်စီတပ်ဟာ စဥ့်ကူးမြို့နယ်ရဲ့ အရှေ့ဘက်ခြမ်းမှ စီးပွားရေးအချက်အချာကျတဲ့ လက်ပံလှကျေးရွာကိုလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၈ ရက်မှာ ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ အင်အားအများအပြားနဲ့ အဲဒီကျေးရွာအတွင်းကို စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်တွေကိုလည်း မီးရှိုဖျက်ဆီးနေတဲ့အပြင် ဒေသခံတွေကိုပါ ဖမ်းဆီးမှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီတပ် ဝင်ရောက်လာမှုကြောင့် စဥ့်ကူးမြို့အနီးရှိ ကျေးရွာတွေမှ ဒေသခံထောင်နဲ့ချီဟာ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတာလည်း ဖြစ်ပါတယ်။
စဥ့်ကူးမြို့အတွင်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီက အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတာ၊ လေကြောင်းပစ်ကူတွေပါ အလွန်အကျွံပြုလုပ်လာတာကြောင့် မြို့ပေါ်မှာတပ်စွဲထားတဲ့ တော်လှန်းရေးတပ်တွေဟလည်း နောက်ဆုတ်ပေးလိုက်ရတာ ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
တော်လှန်ရေးပူးပေါင်းတပ်တွေဟာ စဥ့်ကူးမြို့နဲ့ စဥ့်ကူး – မန္တလေး – မိုးကုတ်လမ်းပိုင်းတွေကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်းမှာ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပြီး တစ်နှစ်ကျော်အကြာမှာတော့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ပြန်လည် လက်လွှတ်လိုက်ရတာလည်း ဖြစ်ပါတယ်။