ပြီးခဲ့တဲ့ ရက်ပိုင်းက Nurembergဆိုတဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ ဇာတ်ကားကြည့်ဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်အလွန်က ဂျာမဏီနိုင်ငံ ဘာဗေးရီးယားပြည်နယ်ရှိ Nuremberg မြို့မှာ နာဇီဂျာမဏီတွေကို Nuremberg Trials နူရင်ဘက် တရားခွင် (နာဇီခေါင်းဆောင်တွေကို တရားစီရင်ခဲ့တဲ့ တရားခွင်)အကြောင်း ရိုက်ကူးထားတဲ့ ဇာတ်ကားပါ။
ဒီအမှုတွေက နိုင်ငံတကာဥပဒေနဲ့ လူ့အခွင့်အရေး သမိုင်းမှာ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအမှုနောက်ပိုင်းမှာ International Court of Justice, ICJ လို့ လူသိများတဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံးပေါ်ပေါက်လာလို့ပါ။
Nuremberg Trials ဆိုတာကို ရှင်းပြရရင် ဒုတိယကမ္ဘာစစ်ပြီးဆုံးပြီးနောက် (1945–1946) နာဇီဂျာမနီ အကြီးအကဲတွေကို စစ်ရာဇဝတ်မှုတွေအတွက် တရားစီရင်ခဲ့တဲ့ နိုင်ငံတကာ တရားစီရင်ရေး ခုံရုံးပဲ ဖြစ်ပါတယ်။
အဆိုပါ တရားခွင်မှာ ဒုတိယကမ္ဘာစစ်မှာ အနိုင်ရခဲ့တဲ့ မဟာမိတ်နိုင်ငံ ၄ နိုင်ငံက တရားသူကြီးတွေ ပါဝင်ပါတယ်။ အဲ့ဒီ မဟာမိတ်နိုင်ငံတွေကတော့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဆိုဗီယက်ယူနီယံ တို့ပါ။ အဆိုပါ မဟာမိတ်နိုင်ငံတွေ ပူးပေါင်းပြီး အပြည်ပြည်ဆိုင်ရာ စစ်ဘက်ဆိုင်ရာ ခုံရုံး (International Military Tribunal, IMT) ကို ဖွဲ့စည်းခဲ့ပါတယ်။
အဲ့ဒီ ခုံရုံးမှာ နာဇီအစိုးရရဲ့ အမြင့်ဆုံးခေါင်းဆောင် ၂၄ ယောက် ကို တရားစွဲခဲ့ပါတယ်။
အဲ့ဒီထဲနာမည်ကြီးတဲ့သူတွေကတော့ ဟစ်တလာရဲ့ လူယုံ ဖြစ်တဲ့ ရိုက်မာရှယ် Hermann Göring(ဟာမန်ဂိုရင်း) ရူဒေါ့ဖ် ဟက်စ်(Rudolf Hess)၊ နိုင်ငံခြားရေး ၀န်ကြီးဖြစ်တဲ့ ဂျိုအာချင် ဗွန် ရစ်ဘက်တန် (Joachim von Ribbentrop)နဲ့ အဒေါ့ဖ် ဟစ်ဆလာတို့ (Adolf Hitler)တို့ပါ၀င်ပါတယ်။
ဒါပေမဲ့ ဟစ်တလာ ကတော့ စစ်ကြီးမတိုင်ခင်ကတည်းက သေဆုံးသွားခဲ့လို့ မပါဝင်ခဲ့ပါဘူး။ နာဇီတွေဟာ ဂျူးလူမျိုးတွေအပေါ် လူမျိုးတုန်း သတ်ဖြတ်ခဲ့တဲ့အပေါ် ဖော်ပြပါ အချက် ၄ချက်နဲ့ တရားစွဲဆိုခံခဲ့ရတာပါ။
Crimes against Peace (ငြိမ်းချမ်းရေးကို ဆန့်ကျင်တဲ့ ရာဇ၀တ်မှုတွေ)၊ War Crimes( စစ်ပွဲအတွင်း အရပ်သားတွေကို သတ်ဖြတ်ခြင်း၊ စစ်သုံ့ပန်းတွေကို အပြင်းအထန် နှိပ်စက်ခြင်း)၊ Crimes against Humanity(လူမျိုးစု သတ်ဖြတ်မှု (Holocaust)နဲ့ လူနည်းစုကို စနစ်တကျ သတ်ဖြတ်ခြင်း)၊ Conspiracy (အထက်ပါအမှုတွေကို အဖွဲ့အစည်းနဲ့ စီမံကိန်းရေးဆွဲပြီး စနစ်တကျလုပ်ဆောင်ခြင်း)တို့ပဲ ဖြစ်ပါတယ်။
အဲ့ဒီ အချက် ၄ချက်နဲ့ တရားစွဲဆိုခံရတဲ့ Nuremberg တရားခွင်ဟာ သမိုင်းမှာ အတော်လေးအရေးကြီးပါတယ်။
“အမိန့်အတိုင်းလုပ်တာပါ” ဆိုတဲ့ အကြောင်းပြချက်နဲ့ မလွတ်နိုင်ပါဘူး။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို နိုင်ငံတကာအဆင့် မှာ တရားစီရင်နိုင်ပါတယ်။ နောက်ပိုင်း International Criminal Court (ICC) စတဲ့ တရားရုံးတွေ ပေါ်ပေါက်လာဖို့အတွက် အုတ်မြစ်ပဲဖြစ်ပါတယ်။

ဒါ့ကြောင့်လည်း အခုလက်ရှိ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ အောက်က အဖွဲ့၀င်တွေဟာလည်း အမိန့်ပေးလို့ လုပ်ရပါတယ်ဆိုရုံနဲ့ မလွတ်ကင်းနိုင်ပါဘူး။
နောက်ဆုံး Nuremberg တရားရုံးရဲ့ နောက်ဆုံး စီရင်ချက်အရ ၁၂ ယောက် သေဒဏ်ပေးခံရပြီး၊ ၃ ယောက်မှာ ထောင်ဒဏ်တစ်သက်တစ်ကျွန်း၊
၄ ယောက်မှာ ထောင်ဒဏ်နဲ့ ၃ ယောက်မှာ အပြစ်မရှိဘဲ လွတ်မြောက်သွားပါတယ်။ အဆိုပါ စီရင်ချက်ကို သဘောမတွေ့တဲ့နိုင်ငံတွေလည်းရှိပါတယ်။
တကယ့်တကယ် ပြစ်မှုကျူးလွန်တဲ့ နာဇီအဖွဲ့၀င် အရေအတွက်ဟာ ဒီံထက်အများကြီး ပိုပါတယ်။ တကယ့်ပြစ်ဒဏ်ချခံရတဲ့သူတွေက အထက်ပိုင်းအရာရှိတွေပဲ ဖြစ်နေလို့ပါ။
ကဲထားပါတော့လေ
ဇန်နဝါရီလ ၃ရက်နေ့ကနေ ၂၉ရက်နေ့အထိ အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ)မှာ ဂမ်ဘီယာနိုင်ငံက မြန်မာစစ်ကောင်စီတပ်ကို တရားစွဲဆိုထားတဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်တဲ့အမှုကို ကြားနာနေကြပါတယ်။

မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ဦးကိုကိုလှိုင်၊ ဒေါ်သီတာဦးတို့က ဦးဆောင်ပြီး ရှေ့နေ၈ဦးပါ အဖွဲ့ကို စစ်ကောင်စီက စေလွှတ်ထားပါတယ်။
လက်ရှိမှာ စစ်ကောင်စီရဲ့ ရှေ့နေတွေက ဂမ်ဘီယာနိုင်ငံရဲ့ စွပ်စွဲချက်တွေကို အခြေအမြစ်မရှိဘူးလို့ငြင်းဆိုထားခြင်း၊ ဂမ်ဘီယာက တင်ပြထားတဲ့ UN Fact-Finding Mission (FFM) reports နဲ့ အထောက်အထားတွဟာ
“ICJ မှာ တင်သွင်းရလောက်တဲ့အထိ အဆင့်မမှီဘူးလို့ ငြင်းဆိုထားပါတယ်။
ဒါ့အပြင် ၂၀၁၆-၂၀၁၇တုန်းက မြန်မာစစ်တပ်ပြုလုပ်ခဲ့တဲ့ တိုက်ခိုက်မှုတွေဟာ အကြမ်းဖက်နှိမ်နှင်းရေးသာ ဖြစ်ကြောင်းလည်း ငြင်းဆိုထားပါတယ်။
ကြားနာပွဲပထမရက်မှာ ဂမ်ဘီယာနိုင်ငံရဲ့ ရှေ့နေ အာဆလန် ဆူလီမန်က ၂၀၁၆ခုနှစ်တုန်းက မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာ နှိမ်နှင်းရေး ပထမလှိုင်းမှာ ရခိုင်ပြည်နယ် မြောက်ပိုင်းက ကျပ်ပြင်နဲ့ စေတီပြင်ရွာတွေကို နယ်မြေရှင်းလင်းရေး ခေါင်းစဉ်တပ်ပြီး ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်ခဲ့တယ်လို့ တင်သွင်းခဲ့ပါတယ်။
ဒါ့အပြင် အဆိုပါ ကိစ္စရပ်တွေရဲ့ နောက်ကွယ်မှာ စစ်တပ်လက်ကိုင်တုတ် ဘုန်းကြီးတွေဖြစ်ကြတဲ့ ဝီရသူ၊ သီတဂူနဲ့ အစွန်းရောက် မဘသ ဘုန်းကြီးတွေလည်းရှိကြောင်း ပြောကြားထားပါတယ်။
၂၀၁၆ ခုနှစ် ရိုဟင်ဂျာတွေကို စတင်သတ်ဖြတ်တဲ့ ပထမပိုင်းမှာ ဝီရသူဟာ ဗိုလ်ချုပ် မင်းအောင်လှိုင်ရဲ့ အကူအညီနဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက စစ်တပ်အရာရှိတွေနဲ့ တွေ့ဆုံပြီး ရသေ့တောင်ရှိ ကျပ်ပြင်နဲ့ စေတီပြင်ကို နယ်မြေရှင်းလင်းရေးခေါင်းစဉ်တပ်ပြီး လူမျိုးတုန်းသတ်ဖြတ်မှုတွေ လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ပါတယ်၊ ဒါ့အပြင် ရိုဟင်ဂျာတွေကို မြက်ပင်ပေါင်းပင်တွေလို ခိုင်းနှိုင်းခဲ့ပြီး အပြတ်ရှင်းမှရမယ်၊ မဟုတ်ရင် ထိန်းမနိုင်သိမ်းမရ ပေါက်ဖွားလာလိမ့်မယ်ဟု ဝီရသူက ပြောဆိုခဲ့တယ်” လို့ ရှေ့နေအာဆလန်က တင်ပြခဲ့ပါတယ်။
ဒါ့ကြောင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့က စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံတော်အတွက် အကျိုးပြုလုပ်ငန်းတွေ လုပ်ဆောင်တယ်လို့ဆိုကာ ဝီရသူကို သီရိပျံချီ ဘွဲ့ အပ်နှင်းခဲ့ကြောင်းကိုလည်း အာဆလန်က တင်ပြခဲ့ပါသေးတယ်။
“ဒီ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့က တပ်မတော်က ဝီရသူရဲ့စကားကို Facebookမှာ တင်ခဲ့ပါသေးတယ်၊ အဲ့စကားကတော့ ‘မြန်မာအမျိုးသမီးတွေအနေနဲ့ ခွေးနဲ့ ကုလား ဘယ်ဟာကိုရွေးမလဲဆိုရင် ကုလားကိုမရွေးနဲ့၊ ခွေးထက်ပိုအမျိုးယုတ်တယ်၊ ခွေးသာယူကြ’ဆိုတဲ့ စကားပါ၊ ဒါဟာ လူ့အခွင့်အရေးချိုးဖောက်တဲ့ စကားတွေပါ၊ ဒါ့အပြင် ဝီရသူက ရိုဟင်ဂျာတွေကို ခွေးရူး၊ မြွေ၊ အမျိုးယုတ်၊ ဝံပုလွေ စတဲ့ ရိုင်းစိုင်းတဲ့အသုံးအနှုန်းတွေနဲ့ ပြောဆိုခဲ့ပါသေးတယ်”လို့ အာဆလန်က တင်ပြခဲ့ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ထိပ်တန်းဘုန်းကြီးတပါးဖြစ်တဲ့ သီတဂူကလည်း ဗုဒ္ဓဘာသာမဟုတ်သူတွေကို သတ်ဖြတ်ရင် ပြစ်မှုကျူးလွန်တာမဟုတ်ဘဲ၊ ဗုဒ္ဓဘာသာမဟုတ်သူတွေကို သတ်ဖြတ်တာဟာ အကုသိုလ်မမြောက်ကြောင်း ဟောပြောချက်ကိုလည်း အာဆလန်က တင်ပြခဲ့ပါတယ်။
“ဗုဒ္ဓဘာသာ မဟုတ်တဲ့ မကောင်းဆိုးဝါး စစ်သည် ငါးသိန်းဟာ စစ်ပွဲမှာ သေဆုံးခဲ့ပါတယ်၊ ဒါကြောင့် ဘုရင်ကြီးဟာ ညဘက်တွေမှာ အိပ်မပျော်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ ဗုဒ္ဓဘာသာအရ လူတွေကိုသတ်တာဟာ အပြစ်တော်တော်ကြီးတာကြောင့်ပါ၊ ဒါကိုရဟန်း ၈ ပါးက ဘုရင်ကြီးကို အရှင်မင်းကြီး စိတ်မပူနဲ့၊ ဘုရင်ကြီးသတ်တဲ့အထဲမှာ ဗုဒ္ဓဘာသာဝင် တစ်ယောက်မှ မပါပါဘူး၊ သူတို့က ဗုဒ္ဓရဲ့အဆုံးအမတွေကို မလိုက်နာကြလို့ ဘာကောင်းလဲ၊ ဘာဆိုးလဲမသိကြပါဘူး၊ ဒါကြောင့် တိရိစ္ဆာန်သာသာပဲ ဖြစ်ပါတယ်၊ ဘုရင်ကြီးသတ်ခဲ့တဲ့ လူ ၅ သိန်းကျော်ထဲမှာ ၁ ယောက်ခွဲလောက်ပဲ လူသားဖြစ်ဖို့ ထိုက်တန်တယ်၊ ဒါကြောင့် ဒါဟာ သေးငယ်တဲ့အပြစ်ဖြစ်ပြီး ဘုရင်ကြီး စိုးရိမ်စရာမလိုပါဘူး” ဆိုတဲ့ သီတဂူဘုန်းကြီးရဲ့ ဟောပြောချက်ကို တင်ပြခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ရိုဟင်ဂျာတွေကို သတ်ဖြတ်မှုအတွင်း မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ် မျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက်ကို ဖောက်ဖျက်ခဲ့ကြောင်း ICJ တရားရုံးမှာ မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုခဲ့တာပဲ ဖြစ်ပါတယ်။
အဆိုပါ ရုံးတင်စစ်ဆေးမှုဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်အတွင်း ICJ မှ အပြည့်အဝကိုင်တွယ်ခဲ့တဲ့ ပထမဆုံးလူမျိုးတုံးသတ်ဖြတ်တဲ့အမှုဖြစ်သလို ရလဒ်ဟာ မြန်မာနိုင်ငံပြင်ပမှာပါ အကျိုးဆက်တွေ ရှိလာမှာဖြစ်ပြီး ဂါဇာမှာ လူမျိုးတုံးသတ်ဖြတ်မှုစစ်ပွဲနဲ့ ပတ်သက်ပြီး အစ္စရေးကို ဆန့်ကျင်တဲ့ တောင်အာဖရိကရဲ့ တောင်းဆိုတဲ့အမှုလိုပဲ သက်ရောက်မှုရှိမှာပါ။ ကြားနာမှုတွေဟာလည်း ၃ ပတ်ခန့် ကြာမြင့်မှာပဲ ဖြစ်ပါတယ်။
ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင်တစ်ခုကလည်း ၂၀၁၇ ခုနှစ်အတွင်း မြန်မာစစ်တပ်ဟာ “လူမျိုးတုံးသတ်ဖြတ်မှုလုပ်ရပ်တွေ” လုပ်ဆောင်ခဲ့ကြောင်း ကောက်ချက်ချခဲ့ပါတယ်
ဒါပေမဲ့ မြန်မာစစ်တပ်က အဆိုပါလူမျိုးတုံးသတ်ဖြတ်မှုတွေဟာ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ တရားဝင်အကြမ်းဖက်မှုတန်ပြန်လှုပ်ရှားမှုတစ်ခုဖြစ်တယ်လို့ ချေပပြီး အစီရင်ခံစာကို ပယ်ချခဲ့ကြပါတယ်။
“လူမျိုးတုံးသတ်ဖြတ်မှုကို ဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုမလဲ၊ ဘယ်လိုသက်သေပြနိုင်မလဲ၊ ချိုးဖောက်မှုတွေကို ဘယ်လိုပြုပြင်နိုင်မလဲဆိုတဲ့ အရေးကြီးတဲ့ သာဓကတွေကို ဒီအမှုက ချမှတ်နိုင်ဖွယ်ရှိပါတယ်” လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးယန္တရားရဲ့ အကြီးအကဲ နီကိုလတ်စ် ကွန်ဂျီယန်က ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။
အခုလို လူ့အခွင့်အရေးချိုးဖောက်ပြီး လူ့သားမျိုးနွယ် အပေါ်ကျူးလွန်ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ လက်ရှိမှာလည်း ကိုယ့်ပြည်သူအပေါ်ကိုယ် လူမျိုးတုံးသတ်ဖြတ်လာနေတာ ၅နှစ်ရှိလာပါပြီ။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၅ရက်နေ့က စစ်ကောင်စီ ဝါဒဖြန့် မီဒီယာ တစ်ခုကလွှင့်တဲ့ ဦးကိုကိုလှိုင်ရဲ့ အင်တာဗျူးတွေကို မိဘပြည်သူတွေလည်း ကြည့်မိကြမှာပါ။
ကျွန်တော်တို့က စက်ရုံတွေမဟုတ်ဘူး။ လူသားတွေဖြစ်တဲ့အတွက် ပင်ပန်းရပါတယ်။ တရားရုံးထဲမှာ မျက်တောင်တောင်သတိထားခတ်နေပါတယ်။ တိုက်ခိုက်ချင်သူတွေက AIကို သုံးပြီး အိပ်ငိုက်နေတယ်လို့ ဝါဒဖြန့်နေကြပါတယ်။ အခုလည်း စိတ်ရော ကိုယ်ပါပန်းလျက်ရှိပါတယ်လို့ တရားခွင်အစောပိုင်းရက်တွေမှာကတည်းက ပွဲမရောက်ခင် မျှားကုန်နေပါပြီ။
နာဇီက ရိုက်မာရှယ် ဟာမန်ဂိုရင်းနဲ့တော့ တခြားစီပါပဲ။
ဟာမန်ဂိုရင်းက ရှေ့တန်းစစ်မျက်နှာပြင်မှာ ကိုယ်တိုင်ကားနဲ့ လာအဖမ်းခံတယ်။ တရားခွင်ကို ခပ်မာမာပဲတက်တယ်။ တရားခွင်မှာ အမေရိကန်ရှေ့နေတောင် ရှုံးမလိုဖြစ်သွားပါသေးတယ်။
နာဇီတို့ရဲ့ သဘောသဘာ၀ကတော့ ဟစ်တလာကိုသာ ဘုရားလိုကိုးကွယ်တာဖြစ်တဲ့အတွက် ဟစ်တလာနဲ့ ကိုင်ပေါက်မှ အဖြေမှန်တွေ တန်းစီထွက်လာတော့တာပါပဲ။
ဒါတောင် တရားခွင်မှာ ခပ်မာမာ ခပ်ပြတ်ပြတ် ချေပတတ်တဲ့ ရိုက်မာရှယ်ရာထူးအဆင့်ရှိတဲ့ ဟာမန်မို့လို့ပါ။
စစ်ကောင်စီရဲ့ ဦးကိုကိုလှိုင်တို့ကတော့ ပွဲကမစရသေးဘူး။ အသံက ညှောင်နာနာ၊ လူက အားမရှိနဲ့ပုံ၊ စိတ်ထောင်းကိုယ်ကြေဖြစ်နေတဲ့ပုံနဲ့ ဂမ်ဘီယာက တင်သွင်းသမျှငြင်းနေတာဟာ အတော်လေးရယ်စရာကောင်းပါတယ်။
ဆိုတော့ ကြားနာပွဲက ၂၉ရက်နေ့မှာ ပြီးမှာပါ။ စီရင်ချက် ရလဒ်ကတော့ တစ်နှစ်နီးပါးစောင့်ရပါဦးမယ်။
ဟာမန်ကြီးကတော့ အလျှောက်ကောင်းတာတောင် အထောင်းမသက်သာခဲ့ပါဘူး။
ကိုလှိုင်ကြီးကရော?




