ဘုန်းကြီး ၁ပါးပျံလွန်တော်မူပြီး ပြည်သူတစ်ဦး ဗုံးစထိမှန်ဒဏ်ရာရရှိ
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ ကျောက်တိုင်ရွာကို စစ်ကောင်စီက ဂျိုင်ရိုကော်ပတာ ၃စီးနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီး၁ပါး ပျံလွန်တော်မူပြီး အပါအ၀င် ပြည်သူ၁ဦး ဗုံးစထိမှန်ခဲ့တယ်လို့ BBM ကစုံစမ်းသိရှိရပါတယ်။
စက်တင်ဘာလ ၁၈ရက်နေ့ မနက် ၁၀နာရီ ၂၀မိနစ်ခန့်က မိတ္ထီလာ လေတပ်စခန်းကတက်လာတဲ့ စစ်ကောင်စီရဲ့ ဂျိုင်ရိုကော်ပတာ ၃စီးဟာ မြင်းခြံမြို့နယ် ကျောက်တိုင်ရွာ အရှေ့ဘက်ရှိ ရွှေစေတီကျောင်းထဲ၁လုံး နဲ့ ရွာတောင်ဘက် သရက်ခြံထဲ ၂လုံးဗုံးသီးတွေကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီး ၁ပါးပျံလွန်တော်မူပြီး ပြည်သူ၁ဦး ဗုံးသီးမှန်ဒဏ်ရာရရှိခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။
“ကျောက်တိုင်ရွာအရှေ့ဘက် ရွှေစေတီဘုန်းကြီးကျောင်းကို ဂျိုင်ရိုကော်ပတာနဲ့ ဗုံးချသွားပါတယ်။ ကျောင်းမှာရှိနေတဲ့ အသက် ၆၀ကျော် ကိုရင်ကြီး ပျံလွန်တော်မူသွားပါတယ်။ ရွာအပြင် ယာခင်းထဲမှာ အလုပ်လုပ်နေကြတဲ့ လူတွေကိုလည်း အပေါ်ကမြင်ပြီး ဗုံးသီးချတာ။ ရွာတောင်ဘက် ယာခင်းထဲက အမျိုးသမီးတစ်ဦး ဒဏ်ရာရထားပါတယ်”
ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“ဂျိုင်ရိုကော်ပတာပေါ်ကနေ ယာခင်းထဲက လူတွေကို မြင်သွားပြီး တမင်ချတာ၊ တော်တော်ယုတ်မာသွားတာပါ၊ စုစုပေါင်း ဗုံးကျ ပေါက်ကွဲသံလေးချက် ကြားခဲ့ရပါတယ်”
ဟု မျက်မြင်သက်သေတစ်ဦးကလည်း ပြောပါတယ်။ စက်တင်ဘာလ ၁၇ရက်နေ့ မနက် ၉:၃၀ အချိန်ခန့်ကလည်း တောင်သာမြို့နယ်၊ ပန်းပေါင်းကျေးရွာအနီးကို ဂျိုင်ရိုကော်ပတာသုံးစင်းနဲ့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သေးတယ်လို့လည်းသိရပါတယ်။
ပုံ-CJ