မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ တစ်ရက်တည်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦးသေဆုံးကာ နှစ်ဦးအရှင် ဖမ်းဆီးရမိတယ်လို့ Myingyan Black Tiger (MBT) က ဒီနေ့ ဇန်နဝါရီ ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဇန်နဝါရီလ ၆ ရက်နေ့က မြင်းခြံမြို့အနောက်ဘက် ပိုက်တဲကုန်းကျေးရွာအနီး ကင်းလှည့်နေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို ည ၈ နာရီဝန်းကျင်မှာ MBT တပ်နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး MA1 သေနတ် (၁)လက်နဲ့ ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုကို Myingyan Black Tiger (MBT) မြင်းခြံခရိုင်အမှတ် (၉) တပ်ရင်းနဲ့အတူ MGN အညာသားပြောက်ကျားတပ်တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
အလားတူ ဇန်နဝါရီလ ၆ ရက်နေ့၊ မနက် ၅ နာရီခန့်ကလည်း မြင်းခြံမြို့နယ် လေးအိမ်တန်းကျေးရွာရှိ ရွှေညောင်ပင်ဂိတ်ကို MBT တပ်နဲ့ မဟာမိတ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကူလာတဲ့စစ်ကြောင်းကိုလည်း ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးခဲ့ပြီး ၂ ဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို Myingyan Black Tiger (MBT) မြင်းခြံခရိုင်အမှတ်(၉) တပ်ရင်းနဲ့အတူ Onemore စစ်ကြောင်း၊ မြင်းခြံခရိုင်အမှတ် (၂)တပ်ရင်း၊ မိုရှည်ဒါးယမ်းအဖွဲ့၊ YLKတပ်ဖွဲ့၊ အမေ့လက်ရုံးတပ်ဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့လ ဒီဇင်ဘာ ၃၁ ရက်နေ့ကလည်း မြင်းခြံမြို့နယ်၊ ကုကုန်းကျေးရွာမှာ အင်အား ၆၀ ခန့် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို MBT တပ်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အများပြားထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။



















