၂၀၁၅ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးနှင့် ရှမ်းနိုင်ငံရေးအပြောင်းအလဲ
နအဖ အစိုးရလက်ထက် ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်မှာပဲ ၂၀၀၈ အခြေခံဥပဒေကို အပြီးသတ်ရေးဆွဲနိုင်ခဲ့ပါ သည်။ ၂၀၁၁ ခုနှစ် မတ်လမှာတော့ ဦးသိန်းစိန်ခေါင်းဆောင်သော စစ်ယူနီဖောင်းချွတ်ဗိုလ်ချုပ်ကြီးများ၏ အရပ် ဘက် – စစ်ဘက်အုပ်ချုပ်ရေးစနစ်သစ်ပေါ်ပေါက်လာခဲ့သည်။ အဆိုပါဖြစ်ရပ်များနှင့်အပြိုင် သမ္မတဦးသိန်းစိန် က ငြိမ်းချမ်းရေးလုပ်ငန်းစဥ်သစ်တစ်ရပ်ကိုကြေညာခဲ့ပြီး SSPP ၊ RCSS ၊ UWSA နှင့် အခြားတိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများနှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အဆက်မပြတ်ကျင်းပ ခဲ့သည်။
NCA သည် မရေးဆွဲမီကပင် စိန်ခေါ်မှုပေါင်းများစွာနှင့်ရင်ဆိုင်ခဲ့ရပြီး အချေအတင်ပေါင်းများစွာဖြစ်ပေါ်ခဲ့ကာ အတက်အကျ၊ အပြောင်းအလဲ များခဲ့သည်။ တစ်ချိန်တည်းမှာပင် ဦးသိန်းစိန်၏ နောက်ထပ်သမ္မတသက်တမ်း ဆိုသည်ကလည်း မသေချာမရေရာတော့ပါ။ ထို့ကြောင့်လည်း တာဝန်ရှိသူများက ၎င်းတို့သက်တမ်းအတွင်း စာချုပ် အပြီးသတ်လက်မှတ်ရေးထိုးနိုင်ရန် အပူတပြင်းဆောင်ရွက်ခဲ့ကြသည်။
RCSS နှင့်အခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့ကသာ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် လက်မှတ်ရေးထိုးမည့် NCA တွင် ပါဝင်ရန်ပြင်ဆင်ခဲ့ကြပြီး ကျန် EAO များကတော့ ဆုံးဖြတ်ချက်မချမှတ်နိုင်ခြင်းနှင့် မြန်မာစစ်တပ်၏ချန်လှပ်ထားခံရမှုများကြောင့် NCA တွင် ပါဝင်နိုင်ခဲ့ခြင်းမရှိပါ။ စေ့စပ်ညှိနှိုင်းရေးဆွေးနွေးပွဲများ တွင် SSPP ၊ UWSA နှင့် KIO တို့ ပါဝင်ခဲ့သော်လည်း NCA တွင် ကျေနပ်မှုမရှိသောကြောင့် ပါဝင်လက်မှတ်ရေးထိုး ခြင်း မရှိခဲ့ပါ။
ဤသို့ဖြင့် ကဏ္ဍသစ်တစ်ရပ်ပေါ်ပေါက်လာခဲ့ပါတော့သည်။ NCA လက်မှတ်ရေးထိုးပြီးနောက်ပိုင်း နိုင်ငံအတွင်း ပိုပြီးပွင့်လင်းမြင်သာစွာလုပ်ကိုင်နိုင်ဖို့ မြန်မာစစ်တပ်ထံက ခွင့်ပြုလိုင်စင်ရရှိလိမ့်မည်ဟု RCSS ကမျှော်လင့်ထားခဲ့ ပုံပေါ်သည်။ အတိတ်တစ်ချိန်ကတားမြစ်ခံထားရသော RCSS ၏ရုံးခွဲများ မြို့ပြနေရာများစွာတွင် အမှန်တကယ် လည်း ဖွင့်လှစ်ခွင့်ရရှိခဲ့ပါသည်။ နိုင်ငံတွင်းရှိ ရွေးကောက်ပွဲဝင်နိုင်ငံရေးပါတီများနှင့် စကားပြောခွင့်ရရှိခဲ့သလို အခြားသောနိုင်ငံရေးအဖွဲ့အစည်းများ ၊ လူမှုအဖွဲ့အစည်းများထံသွားရောက်ပြီး စကားပြောဆိုခွင့်များ RCSS အနေ ဖြင့်ရရှိခဲ့ပါသည်။ RCSS ကသာ ငြိမ်းချမ်းရေးသဘောတူညီမှုကိုလက်မခံခဲ့ပါက ထိုသို့ပြုလုပ်နိုင်ရန် မဖြစ်နိုင်ပါ။
နောက်ပိုင်းနှစ်များမှာတော့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် က NCA ကိုဆက်လက်ဦးဆောင်ခဲ့ သည်။ NLD က အစိုးရတာဝန်ယူပြီးနောက်မှာတော့ ဦးသိန်းစိန်ဆောင်ရွက်ခဲ့သော “ငြိမ်းချမ်းရေးလုပ်ငန်းစဥ်”ကို NLD အစိုးရက “ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစုပင်လုံ”အဖြစ် ကင်ပွန်းသစ်တပ်ခဲ့ပြီး ငြိမ်းချမ်းရေး သဘောတူညီချက်များ ရယူခဲ့လေသည်။ သို့သော်လည်း SSPP အပါအဝင် အခြား EAO များကို NCA တွင် ပါဝင် လက်မှတ်ရေးထိုးရန် NLD အနေဖြင့် စွမ်းဆောင်နိုင်ခဲ့ခြင်းမရှိပါ။ NLD အစိုးရဖြစ်နေစဥ်ကာလအတွင်း နောက်ထပ် ၂ ဖွဲ့ ကိုသာ NCA တွင်ပါဝင်ရန်စွမ်းဆောင်နိုင်ခဲ့သည်။ ထို ၂ ဖွဲ့မှာ မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့ဖြစ်ကြပြီး စုစုပေါင်း ၁၀ ဖွဲ့ဖြစ်လာခဲ့သည်။

NCA သည်လည်းပဲ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးခေတ်သစ်တစ်ခုကိုယူဆောင်ပေးရန် ပျက်ကွက်ခဲ့ပါသည်။ အထူး အားဖြင့် TNLA၊ MNDAA နှင့် AA တို့ကို မြန်မာစစ်တပ်က NCA ကချန်လှပ်ထားခဲ့သဖြင့် အတားအဆီးတစ်ခုဖြစ်ခဲ့ သည်။ တစ်ချိန်တည်းမှာပင် နိုင်ငံတစ်ဝှမ်းလုံးတွင်ဖြစ်ပွားနေသည့် ပဋိပက္ခများသည်လည်း အဆုံးသတ်သွားခြင်း မရှိခဲ့ပါ။ အထူးသဖြင့် ကချင် ၊ ရခိုင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်ဖြစ်သည်။ ထို့အတူ ၂၀၀၈ ဖွဲ့စည်းပုံအခြေ ခံဥပဒေအရကျင်းပမည့် ရွေးကောက်ပွဲကို အကြောင်းပြလမ်းခင်းပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ လက်နက်ချရန် မြန်မာစစ်တပ်က ရန်လိုသောသဘောထားဖြင့် စဥ်ဆက်မပြတ်တောင်းဆိုခဲ့ပါသည်။ EAO များကို နယ်ခြားစောင့်တပ် (BGF) အဖြစ်ပြောင်းလဲပစ်ရန်က မြန်မာစစ်တပ်၏ နည်းဗျူဟာအစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး အကယ်၍ လက်နက်ချဖို့ EAO များက ဆက်လက်ငြင်းဆန်နေမည်ဆိုလျှင်လည်း မြန်မာစစ်တပ်က ဖိအားပေးမှုများ အရှိန်မြှင့်လုပ်ဆောင်ရန်ရည်ရွယ်ထားခဲ့သည်။
BGF များအဖြစ်အသွင်ပြောင်းရန် ပစ်မှတ်ထားခံခဲ့ရသော EAO များကြားတွင် SSPP သည်လည်း အပါအဝင်ဖြစ်ခဲ့ပြီး ပြင်းထန်သောဖိအားများကြောင့် အဖွဲ့အတွင်း သဘောထားကွဲလွဲမှုများ ပေါ်ပေါက်လာခဲ့သည်။ ပါတီခေါင်းဆောင် ပိုင်းများအကြား ဆွေးနွေးမှုများမအောင်မြင်သောကြောင့် SSPP ၏ တပ်မတော်ဖြစ်သော SSA ၏ တပ်မဟာ ၃ နှင့် ၇ တို့ ဒေသခံပြည်သူ့စစ်များအဖြစ်အသွင်ပြောင်းသွားခဲ့ကြပြီး တပ်မဟာ ၁ တစ်ခုတည်းသာ SSPP/SSA ၏ မူလဖွဲ့ စည်းပုံအတိုင်း ကျန်နေရစ်ခဲ့တော့သည်။
တစ်ချိန်တည်းမှာပင် သီပေါအခြေစိုက် SSA ၏ စိန်ကျော်တပ်စခန်း နှင့် ကွန်ဟိန်းအခြေစိုက် ကာလိတပ်စခန်းတို့ သည်လည်း ပြည်သူ့စစ်အဖြစ်ပြောင်းလဲသွားခဲ့ပြီး ကျောက်မဲအခြေစိုက် တပ်စခန်းတစ်ခုကိုတော့ ဖျက်သိမ်းခဲ့ရ သည်။ SSPP ၏ဌာနချုပ်ကို ကျေးသီး မြို့နယ်တွင်းရှိ ဝမ်ဟိုင်းတွင် အမာခံအဖြစ်ထားရှိခဲ့သည်။ SSPP/SSA သည် ၁၉၈၉ ခုနှစ်တွင် မြန်မာစစ်တပ်နှင့် အပစ်အခတ်ရပ်စဲခဲ့သော်ငြား ပြည်သူ့စစ်အဖြစ်အသွင်ပြောင်းရန် ငြင်းဆန်ခဲ့ သောကြောင့် ဝမ်ဟိုင်းကိုသိမ်းပိုက်နိုင်ရန် မြန်မာစစ်တပ်၏ကြီးမားသောထိုးစစ်များကို ၂၀၁၅ ခုနှစ်တွင် ရင်ဆိုင်ခဲ့ရ သည်။ ဖြစ်ပွားခဲ့သောတိုက်ပွဲများ အဆမတန်ပြင်းထန်ခဲ့ကြောင်း SSPP ခေါင်းဆောင်များ အမှတ်ရနေတုန်းပင် ဖြစ် ၏။ သို့သော် နောက်ဆုံးတော့လည်း SSPP သည် ၎င်းတို့ဌာနချုပ်ကို ကောင်းမွန်စွာကာကွယ်နိုင်ခဲ့ပါသည်။
လက်ရှိအချိန်မှာလည်း SSPP အပေါ်တွင် ကြီးမားသောဖိအားများရှိနေဆဲသာဖြစ်၏။ နိုင်ငံရေးအပြောင်းအလဲများ ဆက်လက်ဖြစ်ပေါ်နေသကဲ့သို့ SSA ၏တပ်မဟာ ၁ အနေဖြင့်လည်း တစ်ချိန်ကထိန်းချုပ်ထားနိုင်ခဲ့သော ကျယ်ပြန့် သည့်နယ်မြေများတွင် အုပ်ချုပ်ရေး၊ စည်းရုံးရေးနှင့် တပ်အင်အာားဖြန့်ကျက်ချထားနိုင်ရေးတို့အတွက် ကြီးမား သောစိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ရလေသည်။ ဤနေရာတွင် မှတ်သားစရာအနည်းငယ်ရှိပါသည်။ ထိုအချက်မှာ ရှမ်းပြည်မြောက်ပိုင်း လားရှိုး၊ သိန္နီ၊ မူဆယ်နှင့် နမ့်ခမ်းမြို့နယ်များရှိလူငယ်အများအပြားက ထိုင်းနိုင်ငံနယ်စပ်ရှိ RCSS ကိုထောက်ပံ့ကူညီရန်အတွက် အာရုံကျလာကြပြီး ရှမ်းပြည်တောင်ပိုင်းသို့သွားရောက်ကာ RCSS တွင် စစ်မှု ထမ်းခဲ့ကြခြင်းဖြစ်သည်။ တိုင်းရင်းသားလူမျိုးစု – နိုင်ငံရေးအရှိန်က ပြောင်းလဲနေပြီလည်းဖြစ်သည်။
NCA လက်မှတ်ရေးထိုးခဲ့ပြီးနောက် ဖော်ပြပါအချက်အလက်များအားလုံးကဖော်ပြနေသည်မှာ တစ်ချိန်က SSNA ထိန်းချုပ်မှုအောက်တွင်ရှိခဲ့သော ရှမ်းပြည်မြောက်ပိုင်းရှိနယ်မြေများကို RCSS ခေါင်းဆောင်မှုအောက်သို့ပြောင်းရွှေ့ ရန် တွန်းအားပေးမှုတစ်ခု ဖြစ်လာခဲ့ပုံပေါ်သည်။ တရုတ် – မြန်မာကုန်သွယ်ရေးတွင် စီးပွားရေးကြီးထွားလာနေမှု အလားအလာများနှင့် မန္တလေး – မူဆယ်အမြန်လမ်းတလျှောက် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာမှုတို့ ကြောင့် တရုတ်နှင့်ဆက်ဆံရေးအရေးကြီးပုံကို MTA လက်နက်ချပြီးနောက်ပိုင်းတွင်မှ RCSS ခေါင်းဆောင်များ သဘောပေါက်လာခဲ့သည်။ အဆိုပါနည်းဗျူဟာကို အရှိန်မြှင့်ရန်အတွက် RCSS ခေါင်းဆောင်များက ယခင် SSNA ထိန်းချုပ်ထားခဲ့သော RCSS ပိုင်နယ်မြေများကို ဝင်ရောက်ထိန်းချုပ်ဖို့ ဆုံးဖြတ်ချက်ချခဲ့လေသည်။ အဆိုပါဆုံးဖြတ် ချက်နှင့်ပတ်သက်ပြီး လေ့လာသုံးသပ်သူတချို့ကတော့ ရဲတင်းသောလှုပ်ရှားမှုတစ်ခုဖြစ်သည်ဟု ဆိုကြသည်။
နောက်ပိုင်းဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များနှင့်ပတ်သက်ပြီး သဘောထားကွဲလွဲမှုများတော့ရှိပါသည်။ ပထမ အဆင့်ဖြစ်သည့် ရှမ်းပြည်တောင်ပိုင်းမှ ရှမ်းပြည်မြောက်ပိုင်းသို့ RCSS ၏စည်းရုံးရေးနှင့် တပ်များပြောင်းရွှေ့ရေး ကိစ္စရပ်များတွင် SSPP ခေါင်းဆောင်များ၏ သဘောတူညီမှုကို ရယူခဲ့သည်ဟုဆိုသည်။ ကနဦးကာလ RCSS တပ်များဖြန့်ကျက်မှုတွင် RCSS သည် SSPP ၏မဟာမိတ်တပ်ဖွဲ့များဖြစ်ကြသော TNLA အပြင် KIO နှင့်ပါ ကောင်းမွန်သောဆက်ဆံရေးတည်ဆောက်ထားနိုင်ခဲ့သည်ဟုဆိုသည်။ ယင်းအချက်မှာ မှတ်သားဖွယ်ရာပင် ဖြစ် ၏။ အဆိုပါအခြေခံကတဆင့် RCSS တပ်ဖွဲ့များသည် မိုင်းကိုင်မြို့နယ်တွင်တပ်စွဲပြီး ကျောက်မဲ၊ သီပေါနှင့် နမ္မတူ မြို့များအထိ တပ်ဖြန့်လာနိုင်ခဲ့သလို သီပေါမြို့နယ်အတွင်း အခိုင်အမာတပ်စွဲထားနိုင်ခဲ့သည်။
မည်သို့ပင်ဖြစ်စေကာမူ အဆိုပါပျားရည်ဆမ်းကာလများက တာရှည်မခံခဲ့ပါ။ RCSS နှင့် SSPP တပ်ဖွဲ့များကြား တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ပြီး မတူညီသောတပ်ဖွဲ့များက ကြားဝင်ညှိနှိုင်းပေးခဲ့ပါသော်လည်း ရှမ်းအဖွဲ့အစည်း ၂ ခု ကခေါင်းဆောင်များအကြား သဘောတူညီမှုများမရရှိခဲ့ပါ။ တပ်အင်အားဖြန့်ကျက်နေရာချထားမှု၊ လူသစ်စုဆောင်း မှု၊ ဒေသအုပ်ချုပ်ရေးတို့နှင့်ပတ်သက်ပြီး မဖြေရှင်းနိုင်သောပြဿနာများကြောင့် အဆိုပါအစပျိုးမှုက တဖြည်း ဖြည်းနှင့် ပြင်းထန်သောအငြင်းပွားမှုများအဖြစ်သို့ ပြောင်းလဲသွားခဲ့လေတော့သည်။ တင်းမာမှုများ ပိုမိုနက်ရှိုင်းလာ သည်နှင့်အမျှ SSPP အုပ်ချုပ်ရေးခရိုင်အတွင်းကကျေးရွာများရှိ အချို့သောအုပ်ချုပ်ရေးမှူးများကို RCSS ကခန့် ထားသောအုပ်ချုပ်ရေးမှူးများဖြင့် အစားထိုးခဲ့သဖြင့် ဒေသခံလူထုအတွက်လည်း ဝန်ထုပ်ဝန်ပိုးဖြစ်စေခဲ့ပါသည်။ ဒေသခံတွေဘက်ကလည်း ရှမ်းအဖွဲ့အစည်းများဖြစ်ကြသော SSPP သို့မဟုတ် RCSS ကို ထောက်ခံမည်လား၊ ထောက်ပံ့မည်လား ရွေးချယ်ရတော့မည်ဖြစ်သည်။
ဆောင်းပါးရေးသားသူ – ဘုန်းမောင်
Ref: TNI,















