အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ရဲ့ အရေးပါတဲ့ ခါ့ဂ်(Kharg)ကျွန်းကို အပျော်သဘောနဲ့ နောက်ထပ်တိုက်ခိုက်မှုတွေ ပြုလုပ်မယ်လို့ ခြိမ်းခြောက် ပြောကြားခဲ့ပါတယ်။
အီရန်က အမေရိကန်-အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ ကမ္ဘာလုံးဆိုင်ရာ ရေနံထောက်ပံ့ရာမှာ အရေးကြီးတဲ့ ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ခဲ့တဲ့အပြင် အမေရိကန် အခြေစိုက်စခန်းတွေရှိရာ ပင်လယ်ကွေ့နိုင်ငံတွေကိုလည်း တုံ့ပြန်တိုက်ခိုက်နေပါတယ်။
ဒါ့ကြောင့် ထရမ့်က အဆိုပါ ဟော်မုဇ်ရေလက်ကြားကို မဟာမိတ်တွေရဲ့
စစ်သင်္ဘောတွေ နေရာချထားဖို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။
မတ်လ ၁၄ရက်နေ့မှာ ထရမ့်က အမေရိကန်ရဲ့ တိုက်ခိုက်မှုဟာ ရေနံတင်ပို့မှုအတွက် အဓိကအရေးပါတဲ့နေရာတွေကို “လုံးဝဖျက်ဆီး” ခဲ့ပြီး ခါ့ဂ်ကျွန်းကို နောက်ထပ်တိုက်ခိုက်မှုတွေ ပြုလုပ်သွားမယ်လို့ NBC News ရုပ်သံလိုင်းကို ပြောကြားခဲ့ပါတယ်။
“အပျော်အနေနဲ့ နောက်ထပ်အကြိမ်အနည်းငယ် တိုက်ခိုက်နိုင်ပါတယ်”လို့ ထရမ့်က ပြောကြားခဲ့ပါတယ်။
အရင်က အမေရိကန်ဟာ ခါ့ဂ်ကျွန်းရှိ စစ်ဘက်ဆိုင်ရာနေရာတွေကိုသာ ပစ်မှတ်ထားတိုက်ခိုက်မယ်လို့သာ ထရမ့်က ပြောကြားခဲ့တာပါ။
အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရာချီက အီရန်ဟာ သူတို့ရဲ့ စွမ်းအင်စက်ရုံတွေအပေါ်ကို တိုက်ခိုက်လာတဲ့ ဘယ်တိုက်ခိုက်မှုကိုမဆို ပြန်လည် တုံ့ပြန်မယ်လို့ ပြောကြားခဲ့ပါတယ်။
အရှေ့အလယ်ပိုင်းက စစ်ဆင်ရေးတွေအတွက် တာဝန်ရှိတဲ့ အမေရိကန်စစ်တပ်ရဲ့ တိုက်ခိုက်ရေးဌာနချုပ်ဖြစ်တဲ့ အမေရိကန်ဗဟိုကွပ်ကဲရေးဌာနက အာရာချီရဲ့ ပြောဆိုချက်အပေါ် မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။
ယူအေအီးသမ္မတ အန်ဝါ ဂါဂက်ရှ်ရဲ့ သံတမန်အကြံပေးတစ်ဦးက နိုင်ငံဟာ မိမိကိုယ်ကိုယ် ကာကွယ်ပိုင်ခွင့်ရှိပေမဲ့ “ကျိုးကြောင်းဆင်ခြင်တုံတရားနဲ့ ယုတ္တိဗေဒကို ဦးစားပေးနေဆဲဖြစ်ပြီး ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်နေဆဲဖြစ်တယ်” လို့ လူမှုမီဒီယာမှာ ပြောကြားခဲ့ပါတယ်။
မတ်လ ၁၅ရက်နေ့က အီရန်ရဲ့ အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်က အစ္စရေးရှိ ပစ်မှတ်တွေနဲ့ ဒေသတွင်းရှိ အမေရိကန်အခြေစိုက်စခန်း ၃ ခုကို ဒုံးကျည်နဲ့ ဒရုန်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
ဒါဟာ အီရန်စက်မှုဇုန်တွေမှာ သေဆုံးခဲ့တဲ့ အလုပ်သမားပြည်သူတွေအတွက် ပထမအကျော့အနေနဲ့ လက်စားချေတာဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။
မတ်လ ၁၄ရက်နေ့ မနက်က အီရန်အလယ်ပိုင်း အစ်ဖာဟန်မြို့ရဲ့ စက်မှုဇုန်တစ်ခုရှိ စက်ရုံတစ်ရုံအတွင်း အလုပ်သမားတွေရှိနေချိန် ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး လူ ၁၅ ဦး သေဆုံးခဲ့ကြောင်း အီရန်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ ကမ္ဘာ့ရေနံ ငါးပုံတစ်ပုံဖြတ်သန်းသွားလာနေတဲ့ ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် သင်္ဘောတင်ပို့မှုကို တီဟီရန်က ပိတ်ဆို့လိုက်တာဟာ ကမ္ဘာလုံးဆိုင်ရာ ရေနံထောက်ပံ့မှုမှာ အကြီးမားဆုံး အနှောင့်အယှက်ဖြစ်စေခဲ့ပြီး ဈေးကွက်တွေနဲ့ အစိုးရတွေကို တုန်လှုပ်စေခဲ့တယ်လို့ ဆိုပါတယ်။
“ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် ရေနံရရှိနေတဲ့ ကမ္ဘာ့နိုင်ငံတွေက အဲ့ဒီလမ်းကြောင်းကို ဂရုစိုက်ရမှာဖြစ်ပြီး ကျွန်တော်တို့အနေနဲ့လည်း အများကြီးကူညီပါမယ်!”လို့ ထရမ့်က မတ်လ၁၄ရက်နေ့က လူမှုမီဒီယာပို့စ်တစ်ခုမှာ ရေးသားခဲ့ပါတယ်။
“အရာအားလုံး မြန်ဆန်ချောမွေ့စွာနဲ့ ကောင်းမွန်စွာဖြစ်လာစေဖို့ အမေရိကန်က အဲ့ဒီနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”
ဖေဖော်ဝါရီ ၂၈ ရက်မှာ ထရမ့်နဲ့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုတို့ စတင်ခဲ့တဲ့ စစ်ပွဲဟယ လူပေါင်း ၂၀၀၀ ကျော် သေဆုံးခဲ့ပြီး အများစုမှာ အီရန်မှာဖြစ်ကြောင်း အစိုးရတွေနဲ့ နိုင်ငံပိုင်မီဒီယာတွေရဲ့ သတင်းတွေအရ သိရပါတယ်။
Reference – Al Jazeera
Photo – Al Jzaeera