ဖားကန့်ဗျူဟာကုန်းမှ လက်နက်ကြီး၊ လက်နက်ငယ်၊ စက်သေနတ်တွေနဲ့ ရမ်းသမ်းပစ်ခတ်နေ
ကချင်ပြည်နယ်၊ ဖားကန့်မြို့ပေါ်ကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ရင်း(၃၀)မှ အင်အား ၁၀၀ ကျော် ရောက်ရှိလာပြီး နှစ်ဘက်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တဲ့အပြင် ဖားကန့်ဗျူဟာကုန်းမှလည်း လက်နက်ကြီး၊ လက်နက်ငယ်နဲ့ စက်သေနတ်တွေ ဆက်တိုက်ပစ်ခတ်နေတယ်လို့ သိရပါတယ်။
အခုရက်ပိုင်းအတွင်း ဖားကန့်မြို့ကို မိုးကောင်းအခြေစိုက် ရဲတပ်ရင်း(၃၀)မှ အင်အား ၂၅၀ ခန့်ဟာ ယာဥ်တန်းတွေနဲ့ အင်အားဖြည့်ဖို့ တက်လာခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ အင်အား ၂၅၀ ထဲမှ ပထမအသုတ်အဖြစ် အင်အား ၁၀၀ ကျော်ပါတဲ့ ရဲတပ်ရင်း(၃၀)မှ ရှေ့ပြေးအဖွဲ့ဟာ နိုဝင်ဘာလ ၈ ရက်၊ မနေ့က ဖားကန့်အဝင် လယ်ပြင်၊ လုံးခင်းအနီးသို့ ရောက်ရှိလာတာကြောင့် တော်လှန်ရေးအင်အားစုတွေက ဒရုန်းနဲ့ တိုက်ခိုက်တာအပြင် မိုင်းဆွဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
“ဖားကန့်ကို ဒီရက်ပိုင်းအတွင်း ၁ ရက် ၂ ရက်အတွင်းမှာ ရဲတပ်ရင်း(၃၀)က အင်အား ၂၅၀၊ ၃၀၀ လောက် တက်လာတယ်လို့ ကျွန်တော်တို့သိရတယ်၊ စုံစမ်းလို့ရတယ်၊ အဲ့ရဲတပ်ရင်းက တက်လာတော့ မနေ့ကမနက်ပိုင်းလောက်မှာပဲ အင်အား ၁၀၀ လောက်က ဒီဖားကန့်အဝင် လယ်ပြင်ဆိုတာရှိတယ်၊ အဲ့ကိုရောက်လာတယ်လို့ သိရတယ်၊ အဲ့ကိုရောက်လာတဲ့နောက်ပိုင်းမှာပဲ ပစ်တဲ့ခတ်တဲ့ဟာတွေ၊ လယ်ပြင်၊ လုံးခင်းကနေ ဖားကန့်ကိုသွားမှာပဲ ပုံမှန်အရဆိုရင် အဲ့လိုရောက်လာပြီဆိုရင် ဒီမှာရှိတဲ့ ဒေသကာကွယ်ရေးအဖွဲ့ KIA နဲ့ KPDF တို့က အဲ့တာကိုလိုက်ပြီးတော့ တားတာ စီးတာ ပစ်တာပေါ့ ” လို့ ဖားကန့်ဒေသခံတစ်ဦးက BBM ကိုပြောပါတယ်။
အဆိုပါရဲတပ်ဖွဲ့တွေကို တော်လှန်ရေးအင်အားစုတွေက လမ်းတစ်လျှောက် တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာကြောင့် စစ်ကောင်စီလက်အောက်ခံ ရဲအချို့ထိခိုက်မှုတွေရှိတယ်လို့လည်း သိရပါတယ်။
ဒီလိုထိခိုက်မှုတွေရှိခဲ့တာကြောင့် ဖားကန့်ဗျူဟာကုန်းပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တော်လှန်ရေးအင်အားစုတွေရှိမယ်လို့ ယူဆရတဲ့နေရာတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ရှင်းလင်းတာတွေကို အဆက်မပြတ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့မနက်ပိုင်းမှာလည်း အဆိုပါဖားကန့်ဗျူဟာကုန်းမှ လက်နက်ကြီးတွေနဲ့သာမက စက်သေနတ်တွေပါသုံးပြီး ရမ်းသမ်းပစ်ခတ်မှုတွေ လုပ်နေတာကြောင့် ပြည်သူတွေအနေနဲ့ အပြင်ထွက်သွားလာရာမှာ သတိထားနေရတယ်လို့လည်း ဆိုပါတယ်။
“အဲ့လိုဖြစ်ပြီးတော့ မနေ့ညကတော့ တစ်လျှောက်လုံး၊ တစ်ညလုံး ဒရုန်းတွေချတယ်၊ အခုနေ့ခင်းပိုင်းလည်း ဒရုန်းတွေချတယ်၊ အဲ့လိုတွေဖြစ်တာ၊ မနေ့ညကဆိုရင်လည်း ဖားကန့်ဗျူဟာကုန်းကနေ လက်နက်ကြီးတွေပစ်တယ်၊ ခါတိုင်းထက်ထူးခြားတာက လက်နက်ငယ်တွေပါ ပစ်တာ၊ စက်သေနတ်တွေပစ်ဆွဲပစ်တယ်၊ အဲ့အခြေအနေပါဗျ၊ ပုံမှန်ဆို နည်းနည်းငြိမ်နေတာကနေ ရဲတပ်ရင်း(၃၀)ရောက်လာပြီးနောက်ပိုင်းမှာ လက်နက်ကြီးပစ်တယ်၊ လက်နက်ငယ်ပစ်တယ်၊ ဒရုန်းတွေချတယ် အဲ့လိုကြုံနေရပါတယ်ဗျ” လို့ အဆိုပါဒေသခံက ဆက်ပြောပါတယ်။
အဲဒီလို နှစ်ဘက်တပ်တွေရဲ့ ဒရုန်း၊ လက်နက်ကြီး၊ မိုင်းတွေနဲ့ တိုက်ခိုက်မှုတွေကြောင့် နေအိမ်အချို့ ထိခိုက်မှုတွေရှိခဲ့သလို ဒီနေ့မနက်ပိုင်းမှာလည်း ဖားကန့်နေပြည်သူတစ်ဦး ထိခိုက်သေဆုံးခဲ့ရတယ်လို့လည်း သိရပါတယ်။
“ဒီမနက် အဲ့ရဲကားတွေရဲ့နောက်ကနေ ဆိုင်ကယ်နဲ့ပါလာတဲ့ မိန်းကလေးတစ်ယောက် ဒရုန်းမှန်ပြီးသေတာအတည်ပြုလို့ရပါတယ်၊ နောက်ထပ် လူသေတာမျိုးတော့ မကြားပေမဲ့ လူနေအိမ်တွေ၊ ဘုန်းကြီးကျောင်းတွေ ထိခိုက်ပျက်ဆီးတာမျိုးတွေရှိပါတယ်ဗျ” လို့ ဒေသခံက ဆက်လက်ပြောပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့လပိုင်းမှာ ဖားကန့်မြို့ရှိ မိုးကောင်းအခြေစိုက် စကခ(၃) အင်အားတွေကို ထုတ်နှုတ်သွားခဲ့သော်လည်း လက်ရှိမှာ မိုးကောင်းမြို့မှ ရဲတပ်ရင်း(၃၀)မှ အင်အားတွေနဲ့ ဖားကန့်ကို ပြန်လည်ဖြည့်တင်းတာတွေ ပြုလုပ်လာတာ ဖြစ်ပါတယ်။
Photo-ပုံဟောင်း