စစ်ကောင်စီက တပ်ထဲမှာ ပိုလုံခြုံတယ်ဆိုပြီး အချိုသတ်ထား
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ် တောင်ဇင်းကျေးရွာအုပ်စုရှိ ကောင်ပင်စီရွာရဲ့ ဥက္ကဋ္ဌ(အရင်က ရာအိမ်မှူး)ဌေးမောင်ရဲ့သားဟာ ဇူလိုင်လကုန်ပိုင်းလောက်က အရက်သောက်နေတုန်း ပေါ်တာအဆွဲခံခဲ့ရကာ မိတ္ထီလာကို အပို့ခံခဲ့ရတာကြောင့် အဆိုပါ ဥက္ကဋ္ဌက နည်းလမ်းပေါင်းစုံနဲ့ လိုက်ပေမဲ့ အခုထိ ပြန်လွတ်မလာသေးဘဲ ရှမ်းတောင်ဘက်မှာ သင်တန်းတက်နေရတယ်လို့ သတင်းရင်းမြစ်တစ်ဦးက BBM အောက်တိုဘာလ ၅ရက်နေ့ကညပြောပါတယ်။
ဌေးမောင်ဟာ နဂိုက ရာအိမ်မှူးဖြစ်ပြီး ဘုန်းတော်ရွာသား ဥက္ကဋ္ဌသိန်းပိုက ကြံ့ဖွံ့အမတ်အဖြစ် ပြောင်းသွားချိန်မှာတော့ ဥက္ကဋ္ဌရာထူးရလာတာပဲဖြစ်ပါတယ်။
“ဌေးမောင်က ရွာသားတွေနဲ့လည်း သဟဇာတ ဖြစ်ဘူး။ အထက်ဖား အောက်ဖိပုံစံပေါ့။ အခုလက်ရှိ သူ့သား ပစ သင်တန်းတက်နေတယ်။ရှမ်းတောင်မှာ”
လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဒါ့အပြင် ဌေးမောင်ရဲ့သားဟာ သင်တန်းမှာ ခြေထောက်ဒဏ်ရာရထားတယ်လို့လည်း နီးစပ်တဲ့အသိုင်းအဝိုင်းက ပြောပါတယ်။
အဆိုပါ ဥက္ကဋ္ဌဌေးမောင်ကို စစ်ကောင်စီက စစ်တပ်ထဲမှာ ပိုလုံခြုံတယ်၊ စိတ်ချရတယ်ဆိုပြီး အချိုသတ်ထားတယ်လို့ သိရပါတယ်။
“စစ်ကောင်စီက ဌေးမောင်ကို အချိုကျွေးထားတာ။ ရာထူးလည်းတိုးပေးထားသလို သူ့သားကိုလည်း တစ်နေ့အသေခံခိုင်းဖို့ သင်တန်းပေးနေတယ်”
လို့ အဆိုပါ သတင်းရင်းမြစ်ကပြောပါတယ်။ စစ်ကောင်စီဟာ နိုင်ငံနဲ့အဝှမ်း ပေါ်တာဆွဲဖမ်းဆီးနေရုံတင်မက ပျူစောထီး အသစ်တွေကိုလည်း သင်တန်းပေးနေကာ သင်တန်းဆင်းပွဲတွေပြုလုပ်နေတယ်လို့သိရပါတယ်။
“အောက်တိုဘာလ ၁ရက်နေ့က ဒီ တောင်ဘီရွာသစ်မှာ ပျူစောထီးသင်တန်းဆင်းပွဲလုပ်တယ်။ အခြားရွာက ပျူတွေလည်း လာအားပေးကြတယ်။ အဲ့ရွာ ထနောင်း၀င်းဂိတ်အနောက်ကနေ သွားရတာ”
လို့ ဒေသခံတစ်ဦးကပြောပါတယ်။ ညောင်ဦးမြို့နယ်အတွင်းမှာ ရပ်ရွာအုပ်ချုပ်ရေးမှူး ၁၀၉ယောက်ရှိပြီးတော့ စစ်ကောင်စီအတွက် စစ်မှုထမ်းတပ်သားသစ်စုဆောင်းပေးနေပြီး ငွေကြေးခြိမ်းခြောက်မှုတွေလည်း ရှိတယ်လို့သိရပါတယ်။
Photo-ပုံဟောင်း