မကွေးတိုင်း၊ ငဖဲမြို့နယ်အစပ်၊ ပဒါန်းတပ်နယ်မှာရှိတဲ့ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးစခန်းရဲ့ ရှေ့ကာကင်းစခန်းတစ်ခုကို အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေက သိမ်းပိုက်လိုက်တယ်လို့ သိရပါတယ်။
အာရက္ခတပ်တော် AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ကာကင်းစခန်းမှာ မကွေးတိုင်း၊ ငဖဲမြို့နယ် အမ်း – ပဒါန်းလမ်းရှိ စစ်ကောင်စီ တပ်စွဲအခြေစိုက်ထားတဲ့ ဂုတ်ကြီးကျေးရွာကာကင်းစခန်း ဖြစ်ပါတယ်။
အဆိုပါ ဂုတ်ကြီးကျေးရွာကာကင်းစခန်းကို အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းတပ်တွေကက အခုလနောက်ဆုံးအပတ်မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စက်တင်ဘာလ ၂၈ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်ရရှိတယ်လို့ AA နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“ဂုတ်ကြီးကျေးရွာက ကာကင်းစခန်းတစ်ခုကို AA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတယ်လို့ သိရပါတယ်။ အဲဒီ အမ်း – ပဒါန်းလမ်းပိုင်းမှာဆိုရင် နတ်ရေကန်ဗျူးဟာကုန်းတစ်ခုပဲ ကျန်တော့တာဖြစ်ပါတယ်။ အဲဒီဗျူးဟာကုန်းကိုသာ ထိန်းချုပ်နိုင်ရင် အမ်း – ပဒါန်း လမ်းပိုင်းကိုထိန်းချုပ်သွားနိုင်မယ် ဖြစ်ပါတယ်”
လို့ အဆိုပါ AA နဲ့ နီးစပ်တဲ့စစ်ရေးသတင်းရင်း မြစ်တစ်ဦးက BBM ကို ပြောပါတယ်။ အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းမဟာမိတ်တပ်ဖွဲတွေဟာ အမ်းကနေ ပဒါန်းဖက်ကို သွားတဲ့ ရခိုင်ရိုးမတောင်ပေါ်က လင်းတဲ၊ စွန်တက် စတဲ့ကျေးရွာတွေကို ထိန်းချုပ်ထားပြီး အခုလက်ရှိမှာတော့ ဂုတ်ကြီးကျေးရွာကို ထပ်မံထိန်းချုပ်နိုင်ခဲ့ကာ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးစခန်းနဲ့လည်း ၃ မိုင်ခန့်သာ ကွာဝေးတော့တာလည်း ဖြစ်ပါတယ်။
ဂုတ်ကြီးကျေးရွာကာကင်းစခန်းမှာ စစ်ကောင်စီ အင်အား ရာနဲ့ချီ တပ်စွဲနေထိုင်ခဲ့တာဖြစ်ပြီး အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းတပ်တွေရဲ့ ထိုးစစ်ကြောင့် စစ်ကောင်စီတပ်သားတွေမှာ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးစခန်းကို ဆုတ်ခွာထွက်ပြေးသွားခဲ့ကြတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးစခန်းနဲ့ ၁၀ မိုင်ခန့်ကွာဝေးတဲ့ ပဒါန်းတပ်နယ်ရှိ ဆုံကုန်းအခြေစိုက် အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (မစခ) ၉၀၅ တပ်ရင်းနဲ့ အမှတ် ၄၀၉ အမြောက်တပ်ရင်းတွေကနေ စစ်ကောင်စီတပ်ရင်းတွေဟာ အမ်း-ပဒါန်းလမ်းပိုင်းကို စစ်အင်အားဖြည့်တင်းမှုတွေ အများအပြား ပြုလုပ်နေတယ်လို့ သိရပါတယ်။
လက်ရှိမှာ အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းမဟာမိတ်တပ် PDF တို့ဟာ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး အဆိုပါ ဗျူးဟာကုန်းစခန်းနေ အတင်းအဓ္ဓမ စစ်မှုထမ်းခေါ်ဆောင်ခံရတဲ့ (ပစ) တွေဟာလည်း ကစဥ့်ကလျား ထွက်ပြေးမှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။
အမ်း – ပဒါန်းလမ်းပိုင်းကို အာရက္ခတပ်တော် AA ၊ ချင်းကာကွယ်ရေးတပ်နဲ့ အရှိုချင်းကာကွယ်ရေးတပ်၊ မကွေးတိုင်း အခြေစိုက် PDF တပ်ရင်းတွေ၊ ၊ ကျောင်းသားလက်ရုံး တပ်တော် (SAF) ၊ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) ၊ လူထုတော်လှန်ရေး မဟာ မိတ်အင်အားစု PRA (မကွေး) တို့က ထိုးစစ်ဆင်တိုက်ခိုက်နေကြတာလည်း ဖြစ်ပါတယ်။
အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ အမ်း-ပဒါန်းလမ်းပိုင်းရှိ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးစခန်းကျရောက်ပါက ၁၀ မိုင်ခန့်အကွာမှာ မကွေးတိုင်း၊ ငဖဲမြို့အနီးရှိ စစ်ကောင်စီတပ်ရဲ့ ယမ်းချက်စက်ရုံ ကပစ ၁၄ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး စက်ရုံတည်ရှိနေတာလည်း ဖြစ်ပါတယ်။
အလားတူ ငဖဲမြို့အနီး မင်းလှ(အထက်) မလွန်မြို့ဝန်းကျင်မှာ မော်တာကျည်ဆန်နဲ့ အမြောက်ဆန်တွေ ထုတ်လုပ်တဲ့ ကပစ ၂၊ မင်းလှ (အထက်) ကုန်းကြီးရွာအနီး ၄၀ မီလီမီတာ တာဝေးပစ် ယာဉ်တင်ဒုံး ထုတ်တဲ့ ကပစ ၁၀ စက်ရုံတို့ တည်ရှိနေတာလည်း ဖြစ်ပါတယ်။
လက်ရှိ အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ နတ်ရေကန်ဗျူဟာကုန်းနဲ့ အမ်း – ပဒါန်းလမ်းပိုင်းကို ထိန်းချုပ်နိုင်ပါက စစ်ကောင်စီတပ်ရဲ့ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး စက်ရုံတွေကို ခြိမ်းခြောက်လာနိုင်တော့မှာလည်း ဖြစ်ပါတယ်။
နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ်စခန်းဗျူးဟာကုန်းမှာ စစ်ကောင်စီရဲ့ တပ်မ ၈၈၊ တပ်မ ၉၉ တပ်ရင်းတွေက စစ်ကောင်စီတပ်သားတွေနဲ့ ပြည်သူ့စစ်တပ်သားတွေ အင်အား ထောင်နဲ့ချီအခြေချတပ်စွဲထားတဲ့ စခန်းတစ်ခုလည်း ဖြစ်ပါတယ်။
ပုံ-AA Info Desk(ပုံဟောင်း)