ရက်ပိုင်းအတွင်းမှာတင် တပ်ရင်း(၆)ကို စစ်တပ်ဘက်က လေကြောင်းဖြင့် ဗုံး(၈၀)နီးပါးကြဲချတိုက်ခိုက်
ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင်းကို တပ်မ(၃၃)တပ်မမှူးရောက်ရှိလာပြီးတဲ့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ ညတွင်းချင်းပင် ဖားကန့်မြို့တွင်းရှိ ကျောက်ဝိုင်းတွေမှာ သေနတ်ပစ်ဖောက်မှုတွေပြုလုပ်ခဲ့သလို KIAတပ်ရင်း(၆)နယ်မြေတွေကိုလည်း လေကြောင်းဗုံးကြဲမှုတွေ ဆက်တိုက်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ၂၂ရက် (မနေ့က) မနက်ပိုင်းမှစတင်ကာ ဖားကန့်မြို့ကို အဓိကစစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီရဲ့တပ်မ၃၃ တပ်မမှူးဟာ Mi-17ရဟတ်ယာဥ်ဖြင့် ရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။
ဖားကန့်မြို့ကို အဆိုပါ တပ်မမှူးအပြင် ၊ တပ်မ(၃၃)လက်အောက်ခံ တပ်ရင်းတွေဖြစ်တဲ့ ခလရ-၄၂၊ ခမရ-၁၂၊ ခမရ-၁၁၊ ခမရ-၁၃ တို့မှ စစ်အင်အားအချို့လည်း ပြန်လည်ရောက်ရှိနေပြီး ရိက္ခာနဲ့စစ်လက်နက်ပစ္စည်းအချို့လည်း တစ်ပါးတည်း ပါဝင်ဖြည့်တင်းထားတယ်လို့ သိရပါတယ်။
အဆိုပါ တပ်မမှူးနဲ့ အင်အားတချို့ပြန်လည်ရောက်ရှိခဲ့ပြီး ညတွင်းချင်းမှာပဲ စစ်ကောင်စီအနေဖြင့် ဖားကန့်မြို့ရှိ မှော်စီစာကျောက်ဝိုင်းနဲ့ လုံးခင်းကျောက်ဝိုင်းတို့မှာ သေနတ်ပစ်ဖောက်မှုတွေပြုလုပ်ခဲ့တာကြောင့် ဒေသခံပြည်သူတွေအနေဖြင့် ဝရုန်းသုန်းကားဖြစ်ခဲ့ပြီး ကျောက်ဝိုင်းလည်းပိတ်ခဲ့ရတယ်လို့ သိရပါတယ်။
“ဖားကန့်ကိုအဓိကတာဝန်ယူနေတဲ့ တပ်မ(၃၃)တပ်မမှူးရယ် ၃၃ အောက်က ခလရ-၄၂၊ ခမရ-၁၂၊ ခမရ-၁၁နဲ့ ခမရ-၁၃က အင်အားတွေမနေ့မနက်ကပဲ ဖားကန့်ကိုရောက်လာတာရှိတယ်၊ ပြီးတော့ လက်နက်ရိက္ခာတချို့လည်း ပြန်ဖြည့်ထားတယ်ကြားတယ်၊ တပ်မမှူးလာလို့ထင်တယ် မနေ့က Mi-17 ဖားကန့်ကိုဖြတ်တယ်၊ သူတို့ရောက်ပြီးညတွင်းချင်းပဲ လုံးခင်းနဲ့ မှော်စီစာကျောက်ဝိုင်းတွေကို လူအုပ်ကြားထဲ သေနတ်ဖောက်တာတွေ လုပ်တယ်ဗျ” ဟု ဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးက BBM ကိုပြောပါတယ်။
ဒါ့အပြင် ယမန်နေ့က သေနတ်ပစ်ဖောက်မှုပြုလုပ်ခဲ့တဲ့ လုံးခင်းနဲ့မှော်စီစာကျောက်ဝိုင်းရောင်းဝယ်ဖောက်ကားမှုမှ တော်လှန်ရေးအင်အားစုတွေအနေနဲ့ နေ့စဥ်အခွန်ငွေပုံစံရရှိတာတွေရှိတာမို့ အဆိုပါကျောက်ဝိုင်းလုပ်ကွက်တွေ မငြိမ်မသက်ဖြစ်အောင် စစ်ကောင်စီအနေဖြင့် ရည်ရွယ်ချက်ရှိရှိသေနတ်ပစ်ဖောက်ကာနှောင့်ယှက်ခဲ့တာဖြစ်တယ်လို့လည်း ၎င်းမှဆက်ပြောပါတယ်။
“ဖားကန့်ကျောက်ဝိုင်းတွေရဲ့ တစ်ရက်ပျမ်းမျှဝင်ငွေတွေက သိန်းထောင်ချီရှိတယ်၊ ဒါကိုဒီကောင်တွေလည်း သိတယ်၊ အဲ့ကအဖွဲ့တွေရနေတဲ့အခွန်တွေကိုဖြတ်တောက်ချင်လို့ မနေ့ကလိုမျိုး လာလုပ်တာဟုတ်တယ်၊ အဲ့တစ်လျှောက်ကို ကင်းပုန်းဝပ်တာတွေစစ်တပ်က ဆက်လုပ်နေသေးတယ်လို့လည်း သိထားရတယ်”
ဒါတင်မက ယမန်နေ့ည(၉)နာရီခန့် မှာလည်း စစ်ကောင်စီအနေဖြင့် ဖားကန့်မြို့နယ်တွင်းက KIA တပ်မဟာ(၉)၊ တပ်ရင်း(၆) တည်ရှိရာကို Y-12 လေယာဥ်ဖြင့် ဗုံးကြဲချတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။
“ရင်း၆ ဘက်ကိုလည်း မနေ့ညက ဗုံးကြဲချတိုက်ခိုက်တာတွေလုပ်တယ်၊ အလုံး(၃၀)ကျော်လောက်ကို ကြဲချတိုက်ခိုက်တာတာ၊ Y-12လေယာဥ်နဲ့ဟုတ်တယ်၊ ရင်း(၆)ကို ပြီးခဲ့တဲ့ရက်တုန်းကလည်း အလုံး(၄၀)ကျော် လောက်သုံးပြီး ဗုံးကြဲတိုက်ခဲ့သေးတယ်လေ”
စစ်ကောင်စီအနေနဲ့ ဖားကန့်မြို့နယ်အတွင်းကို ပြီးခဲ့တဲ့ ဧပြီလနဲ့မေလလောက်မှစတင်ကာ တပ်မ(၃၃)၊ စကခ(၃)နဲ့ရှမ်းနီပြည်သူ့စစ်အင်အားတွေဖြင့် စစ်ကြောင်းထိုးတိုက်ခိုက်ခဲ့တာဖြစ်ပြီး အောက်တိုဘာလဒုတိယအပတ်မှစကာ စကခ(၃)အင်အားတွေကို ဖားကန့်မှပြန်လည်ထုတ်နှုတ် သွားတယ်လို့ သိရပါတယ်။
အဲ့ဒီနောက်ပိုင်း ဖားကန့်မြို့နယ်အတွင်းတိုက်ပွဲဖြစ်ပွါးမှု အနည်းငယ်ငြိမ်သက်ခဲ့ပြီးနောက် ယမန်နေ့ညမှစကာ စစ်ရေးလှုပ်ခတ်မှုတွေပြန်လည်စတင်လာတာဖြစ်တယ်လို့ သိရပါတယ်။
Photo-ပုံဟောင်း