စစ်ရေးပြင်းထန်နေတဲ့ ကျောက်ဖြူမြို့နယ်အတွင်းမှာ စစ်ရေးအရလှုပ်ရှားသွားလာနေတဲ့ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်ရေး နေဗီက လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျောက်ဖြူဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကျောက်ဖြူမြို့နယ်၊ င/အုပ်ရွာနဲ့ ဝမျှောင်ရွာကြား ပင်လယ်ပြင်မှာ ကျောက်ချထားတဲ့ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်ရေး နေဗီဟာ မနေ့က အောက်တိုဘာလ ၁၀ ရက်နေ့၊ ညနေ ၇ နာရီ ၃၀ မိနစ်အချိန်က င/အုပ်ရွာဘက်ကို ဦးတည်ပြီးတော့ လက်နက်ကြီး ၁ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
“စစ်ကောင်စီနေဗီက လက်နက်ကြီး ပစ်ခတ်လို့ ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာကတော့ ပြင်းထန်တယ်လို့လည်း သိရပါတယ်။ ကျောက်ဖြူမြို့နယ်အတွင်းမှာတော့ စကစ နေဗီတွေအမြဲတမ်းလိုလို လှုပ်ရှားမှုတွေရှိပါတယ်”
လို့ ကျောက်ဖြူ ဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။ လက်နက်ကြီး ကျည်ထိမှန်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိတဲ့သူမှာ ကျောက်ဖြူမြို့နယ်၊ င/အုပ်ကျေးရွာက ဦးအောင်ဇံ (၈၆ နှစ်) ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်ရေးနေဗီက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ဦးအောင်ဇံရဲ့ နေအိမ်မှာ ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး ဦးအောင်ဇံရဲ့ ရင်ဝတည့်တည့်မှာလည်း လက်နက်ကြီးကျည်စ ထိမှန်သွားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဦးအောင်ဇံရဲ့ နေအိမ်မှာလည်း သံဖြူ အိမ်ခေါင်မိုး၊ သံဖြူတန်းနဲ့ အိပ်ခန်းတွေပါ ပျက်စီးသွားခဲ့ရပြီး လက်နက်ကြီးကျည်ကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိသွားတဲ့ ဦးအောင်ဇံကိုလည်း အရေးပေါ်ဆေးကုသမှု ခံယူဖို့အတွက် ပို့ဆောင်ထားရတယ်လိုလည်း ကျောက်ဖြူဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၂၇ ရက်နေ့၊ ညနေ ၇ နာရီ ကျော် အချိန်မှာလည်း ဇင်ချောင်းရွာ ပင်လယ်ပြင်မှာ စစ်ရေးအရလှုပ်ရှားသွားလာနေတဲ့ စစ်ကောင်စီ နေဗီတစ်စီးဟာ ဇင်ချောင်းကုန်းဘောင်ကြီးကျေးရွာကို လက်နက်ကြီး ၂ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အဲဒီကျေးရွာမှာနေထိုင်တဲ့ ဦးမင်းမင်းကြီး (၅၁) နှစ်မှာ ထိခိုက်ဒဏ်ရာရှိသွားတယ်လို့ သိရပါတယ်။
ရခိုင်စစ်မျက်နှာပြင်မှာ အရှုံးနဲ့ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ စစ်ရေးနဲ့မသက်ဆိုင်တဲ့ အရပ်သားပြည်သူတွေ နေထိုင်တဲ့နေရာတွေကို ရေကြောင်း၊ လေကြောင်း၊ လက်နက်ကြီးတွေနဲ့ နေ့စဥ်ရက်ဆက် ပစ်ခတ်တိုက်ခိုက်နေတယ်လို့ အာရက္ခတပ်တော် AA က မနေ့က အောက်တိုဘာလ ၁၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
Photo-ပုံဟောင်း