ရခိုင်မြို့သိမ်းတိုက်ပွဲကာလတုန်းက ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းနဲ့ ရဲသုံ့ပန်း မိသားစုဝင်တွေကို ပလက်ဝခရိုင်မှာ အာရက္ခတပ်တော် AA က မနေ့က သြဂုတ် ၂၅ ရက်နေ့မှာ ပြန်လည်လွှတ်ပေးခဲ့တယ်လို့လည်း သိရပါတယ်။
မနေ့က သြဂုတ်လ ၂၅ ရက်၊ နေ့လည် ၁ နာရီအချိန်က စစ်သုံ့ပန်း၊ ရဲသုံ့ပန်း အိမ်ထောင်စု ၁၅ စုက မိသားစုဝင် ၄၄ ယောက်ကို အာရက္ခတပ်တော် AA က (၉) ကြိမ်မြောက်အဖြစ် လွတ်ငြိမ်းချမ်းသာခွင့် အခမ်းအနားတွေပြုလုပ်ကာ လွှတ်ပေးလိုက်တာဖြစ်တယ်လို့ သိရပါတယ်။
“မြို့သိမ်းတိုက်ပွဲတုန်းက ဖမ်းဆီးရမိတဲ့ သုံ့ပန်းတွေကို လွှတ်ပေးလိုက်တာပါ။ ပလက်ဝမြို့မှာလွှတ်ပေးလိုက်တာဖြစ်ပါတယ်။ မိသားစုဝင်အယောက် ၄၀ ကျော်ကို လွှတ်ပေးလိုက်တာပါ”
လို့ AA နဲ့ နီးစပ်တဲ့ စစ်ရေး သတင်ရင်းမြစ်တစ်ဦးက ပြောပါတယ်။ အာရက္ခတပ်တော် AA ဟာ ရခိုင်က မြို့နယ် ၁၄ ခုနဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွေကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ထောင်နဲ့ချီတဲ့ စစ်သုံ့ပန်းတွေကိုလည်း ဖမ်းဆီးရမိထားတာ ဖြစ်ပါတယ်။
တိုက်ပွဲကာလအတွင်းမှာ ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းနဲ့ မိသားစုဝင်တွေကို အာရက္ခတပ်တော် AA က စစ်သုံ့ပန်းဆိုင်ရာ ဥပဒေနဲ့အညီစောင့်ရှောက်ထားပြီး လက်ရှိမှာ (၉) ကြိမ်မြောက်အဖြစ် ပြန်လည်လွှတ်ပေးနေတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၉ ရက်နေ့ကလည်း တောင်ကုတ်မြို့၊ စကခ ၅ ဌာနချုပ်က ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်း မိသားစုဝင် ၁၄၄ ဦးကို အာရက္ခတပ်တော် AA က ပြန်လည် လွှတ်ပေးခဲ့ပါတယ်။
အာရက္ခတပ်တော် AA ဟာ အခုနှစ်ကာလအတွင်းမှာ ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းမိသားစုဝင် ၁၈၀၀ နီးပါးကို လမ်းစရိတ်တွေပေးကာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးခဲ့ပြီးလည်း ဖြစ်ပါတယ်။
#BBM#News#UpdateNews#AA#ArakanArmy#prisonerofwars