Wednesday, August 27, 2025
Home » စစ်ကောင်စီရဲ့ဖြတ်လေးဖြတ်လုပ်ခံနေရတဲ့ မြင်းခြံမြို့နယ်ထဲမှာ စားနပ်ရိက္ခာ(ဆန်)တွေကို ပျူစောထီးတွေဖျက်စီး

စစ်ကောင်စီရဲ့ဖြတ်လေးဖြတ်လုပ်ခံနေရတဲ့ မြင်းခြံမြို့နယ်ထဲမှာ စားနပ်ရိက္ခာ(ဆန်)တွေကို ပျူစောထီးတွေဖျက်စီး

0 1
1

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ခရိုင်အတွင်းမှာ အကြမ်းဖက်စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပနိုင်ရန် ဖြတ်လေးဖြတ်ပြုလုပ်ခြင်းများကြောင့် မြို့ပေါ်နေပြည်သူများ ဆိုးရွားစွာ ဒုက္ခရောက်နေတယ်လို့သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ ဩဂုတ်လ ၁၈ရက်နေ့မှ စတင်၍ မြင်းခြံခရိုင်အတွင်းမြို့နယ်များကို ကုန်ပစ္စည်းအဝင်အထွက်များ ကန့်သတ်ခဲ့ခြင်းကြောင့် မြင်းခြံမြို့ပေါ်ရှိ ဈေးများအတွင်း စားသုံးကုန် ကုန်စိမ်းများ စတင်ပြတ်လပ်လာနေပြီဖြစ်ကြောင်းသိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီက မြင်းခြံမြို့ပေါ်မှ အဝင်အထွက် ဂိတ်များတွင် စစ်ဆေးရေးများ တင်းကြပ်ထားပြီး ကုန်ပစ္စည်းများ တင်ဆောင်လာသော ကားများပေါ်မှ ပစ္စည်းများကိုလည်း မြင်းခြံမြို့အထွက်ဂိတ်မှ ပျူသောထီးများက လုယူခဲ့ကြောင်း ဇဂျမ်းရွာနှင့် အေးရွာတို့မှ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ ပြည်သူများထံမှ သိရပါတယ်။

ဩဂုတ်လ ၁၈ရက်နေ့နှင့် ၁၉ရက်နေ့များတွင် မြင်းခြံမြို့အဝင်အထွက် ဂိတ်များက စစ်ကောင်စီတပ်သားများက လာသမျှကားများပေါ်မှ ကုန်ပစ္စည်းများကို လုယူခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။

အေးကျေးရွာမှ ဘုန်းကြီးကျောင်းကား ပင်လျှင်မချန် လုယူခြင်းခံခဲ့ရပြီး အခြားကားများကိုတော့ ဆဲဆိုရမ်းကားခြင်းများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

“ဒီဘက် သံမဏိစက်ရုံ တောင်ဘက်ခြမ်းကရွာတွေ၊ တောင်သာဘက်အခြမ်းက ရွာတွေကို ပစ္စည်းသယ်ခွင့် ပိတ်လိုက်ပြီ။ ဘာပစ္စည်းမှ သယ်လို့မရတော့ဘူး။ နောက်ဆိုရင် လူပါလာခွင့် မပြုတော့ဘူးလို့ မြင်းခြံဒီဂရီကောလိပ်နားက ဂိတ်စောင့် ပျူစောထီးတွေပြောပါတယ်”

လို့ ဇဂျမ်းကျေးရွာမှ အသက် ၃၀အရွယ် ဒေသခံ အမျိုးသားတစ်ဦးက BBM ကို ပြောပါတယ်။ ယခင်ရက်ပိုင်းကလည်း မြင်းခြံမြို့ပေါ်မှ ရဲများနှင့် ယာဉ်ထိန်းရဲများပူးပေါင်းပြီး ဆိုင်ကယ်စီးပြည်သူများအား ဖမ်းဆီးငွေညှစ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

“ဆိုင်ကယ်က လိုင်စင်လည်းပါတယ်။ ယာဉ်မောင်းလိုင်စင်လဲပါတယ်။ ဦးထုပ်လဲဆောင်းတယ်။ အဲ့ဒါကို ဆိုင်ကယ်မောင်းရင်း ဖုန်းပြောတယ်လို့ စွပ်စွဲပြီးငွေညှစ်ခံခဲ့ရတယ်”

လို့ မြင်းခြံမြို့လယ်ခေါင် ကေဒါလက်ဖက်ရည်ဆိုင်အနီးမှာ ကိုယ်တိုင်ငွေညှစ်ခံခဲ့ရသူ ပြည်သူတစ်ဦးက BBMကို ပြောပါတယ်။ ဩဂုတ်လဆန်းပိုင်းက မြင်းခြံမြို့နယ်အရှေ့ခြမ်းကျေးရွာတွေကို စစ်ကြောင်းထိုးခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်းတို့ရဲ့လက်အောက်ခံ ပျူစောထီးများဟာ ဒီနေ့မနက်ပိုင်းမှာပဲ မြင်းခြံမြို့ပေါ်ကို ကားအသေး ၁၅စီး၊ ဖောကား ၃စီးဖြင့် ပြန်လည်ရောက်ရှိလာခဲ့ပြီး သေနတ်ပစ်ဖောက်ခြင်း၊ ခိုးရာပါ ပစ္စည်းများအား ဝေစုခွဲခြင်းများ ပြုလုပ်နေကြတယ်လို့ သိရပါတယ်။ စစ်ကြောင်းထိုးစဉ်က မြင်ခြံမြို့နယ် သူစိုး၊ မလည်ကျေးရွာများအတွင်း ပြည်သူ့နေအိမ်များမှ ပစ္စည်းများကို ခိုးယူရုံတင်မက စားနပ်ရိက္ခာများကိုလည်း တမင်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်းကိုလည်း သိရပါတယ်။

အဆိုပါ စစ်ကြောင်းပြန် ပျူစောထီးများဟာ မြင်းခြံမြို့၏ အဓိကလမ်းမကြီးဖြစ်‌သော ဗိုလ်ချုပ်လမ်းတလျှောက် သောက်စားမူရူးနေပြီး ထွေအုပ်ရုံး(ဒေသအခေါ် ကျောက်ရုံးကြီး)အနီးတွင် ၎င်းတို့ခိုးရာပါငွေကြေးများထဲမှ ၅၀၀တန်၊ ၂၀၀တန် ငွေစက္ကူများကြဲချခဲ့ကြောင်းသိရပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ မြင်းခြံမြို့နယ်အရှေ့ခြမ်း ကျေးရွာတွေနဲ့ နွားထိုးကြီးမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်စဉ်အတွင်း ပြည်သူ ၃၀ဝန်းကျင်ခန့်ကို သတ်ဖြတ်ခဲ့တာကြောင့် မြို့နေပြည်သူလူထုများက ၎င်းတို့ပြန်လည်ရောက်ရှိလာခြင်းအပေါ် စိုးရိမ်ထိတ်လန့်နေတယ်လို့သိရပါတယ်။
ပုံ-သူစိုး/မလည် ကျေးရွာများအတွင်းစားနပ်ရိက္ခာ(ဆန်)များကို ပျူစောထီးများက ဖျက်ဆီးခဲ့ကြသည့် မြင်ကွင်း။

BBM #News #UpdateNews #MyinGyan

Leave a Comment

Latest Post

Latest Post