🟥အရပ်သားပြည်သူ ၄ ဦးသေဆုံးပြီး ၆ ဦးထိခိုက်ဒဏ်ရာရ
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရုံးပင်ကုန်းကျေးရွာကို စစ်ကောင်စီက လေကြောင်းဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၄ ဦးသေဆုံးပြီး၊ ၆ ဦးမှာ ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Wetlet Information Network အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက BBM ကို ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၂၇ ရက်နေ့၊ ညနေ ၅ နာရီကျော်အချိန်မှာ တံတားဦးလေဆိပ်က တက်လာတဲ့ဂျက်ဖိုက်တာတစ်စီးဟာ ရုံးပင်ကုန်းကျေးရွာအနီးတဝိုက်ကို လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ်ပြုလုပ်ခဲ့ပါတယ်။
အဲဒီလို စစ်ကောင်စီက ရုံးပင်ကုန်းကျေးရွာကို လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၄၀ ကျော်အရွယ် အမျိုးသား ၃ ဦး၊ အသက် ၅၀ ကျော်အရွယ် အမျိုးသမီး ၁ ဦးတို့မှာ ထိခိုက်သေဆုံးခဲ့ပြီး အမျိုးသား၊ အမျိုးသမီး ၆ ဦးတို့မှာ ထိခိုက်ဒဏ်ရာရရှိခဲ့တာလည်း ဖြစ်ပါတယ်။
“ဗုံးကြဲတာကတော့ တံတားဦးလေတပ်က လာပြီးကြဲတာဗျ။ သေဆုံးသူ ၄ ဦးနဲ့ ထိခိုက်သူ ၆ ဦးရှိပါတယ်ဗျ။ နောက်ပြီး လက်နက်ကြီးတွေ ပစ်ခတ်မှုတွေ ရှိခဲ့ပါတယ် ”
လို့ Wetlet Information Network အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက BBM ကို ပြောပါတယ်။ စစ်ကောင်စီဟာ အဆိုပါ လေကြောင်းတိုက်ခိုက်မှုအပြီးမှာ မတ္တရာမြို့ပေါ်ရှိ စစ်ကောင်စီတပ်ရင်းတွေကလည်း ဟောင်ဝှစ်ဇာလက်နက်ကြီးတွေနဲ့ တော်လှန်းရေးတပ်ဖွဲ့ဝင်တွေ ရှိတဲ့နေရာတွေကို အဆက်မပြတ် ရမ်းသန်းပစ်ခတ်ခဲ့တယ်လို့လည်း သိရပါတယ်။
Photos-Wetlet Information Network