ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်အတွင်းမှာ ရဲတပ်သားတစ်ဦးနဲ့ အရပ်သားတစ်ဦး ရန်ဖြစ်ရာမှ ရဲတပ်သားရိုက်သတ်ခံရခြင်းဖြစ်ပြီး အလောင်းကိုပါ စွန့်ပစ်သွားကြောင်းသိရပါတယ်။
ဩဂုတ်လ ၂၇ရက်နေ့၊ နေ့လယ်ပိုင်းက သာကေတမြိုနယ်၊ ၁၀/မြောက်ရပ်ကွက်၊ လယ်ယာ ၁လမ်းဘေးရှိ အရက်ဆိုင်တွင် သောက်စားနေသော အရပ်သားတစ်ဦးကို သေဆုံးသူရဲက လာရောက်ပြဿနာရှာရာမှ ရန်ဖြစ်ခဲ့ကြောင်း၊ ထို့နောက် အရက်ဆိုင်မှ နှစ်ယောက်လုံးထွက်ခွာသွားပြီး ညနေပိုင်းမှာ ရဲအလောင်းကို မီးသတ်ရေသိုလှောင်ကန်အတွင်းမှ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
“လယ်ယာ ၁လမ်း၊ မီးသတ်ရေကန်နားက အရက်ဆိုင်မှာ အရက်သောက်နေတဲ့လူဆီကို ရဲကရောက်လာပြီး ပြဿနာရှာတယ်လို့ သိရပါတယ်။ အဲ့မှာ အခြေအတင်ဖြစ်ကြပြီး ညနေပိုင်းမှာ ရဲအလောင်းကို မီးသတ်ရေသိုလှောင်ကန်ထဲမှာ တွေ့ခဲ့ရတာပါ။ ဒုတ်နဲ့ရိုက်ခံရတဲ့ ဒဏ်ရာတွေပါတွေ့ရပါတယ်”
ဟု ၁၀/တောင် ၁၂ရပ်ကွက်အတွင်းနေထိုင်သူ ဒေသခံတစ်ဦးက BBMကိုပြောပါတယ်။ သေဆုံးသူရဲတပ်သားဟာ သာကတမြို့နယ်အတွင်းရှိ တိုင်းရင်းသားရွာ ဂိတ်စောင့်ရဲဖြစ်တယ်လို့လည်း သတင်းများထွက်ပေါ်နေပါတယ်။
အခင်းဖြစ်ပွားရာ သာကေတမြို့နယ်ဟာ ဒေသအခေါ် အပိုင်စားလူမိုက်တွေပေါများတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။
အဆိုပါလူသတ်မှုမှာ တရားခံထွက်ပြေးလွတ်မြောက်လျက်ရှိပြီး သာကေတမြို့နယ်အတွင်းက ရဲတွေနဲ့ နယ်ခံပျူစောထီးလူမိုက်တွေ ပူးပေါင်းပြီး ပိတ်ဆို့ရှာဖွေတာတွေ အပူတပြင်းလုပ်ဆောင်နေတယ်လို့လဲ သိရပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်လို့ သာကေတမြို့မရဲစခန်းကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါဘူး။