ရခိုင်ပြည်၊ ကျောက်ဖြူ – ရမ်းဗြဲကမ်းခြေအနီးတဝိုက်မှာ စစ်ရေးအရ လှည့်ပတ်သွားလာနေတဲ့ စစ်ကောင်စီစစ်သင်္ဘောတစ်စီးကို အာရက္ခတပ်တော် AA ကမ်းခြေစောင့်တပ်ဖွဲ့က လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိမှန်ကာ မီးလောင်ပျက်စီးသွားတယ် AA ပြောခွင့်ရသူ ဦးခိုင်သုခက ပြောပါတယ်။
မနေ့က ညနေ ၅ နာရီခွဲလောက်မှာ ကမ်းခြေနဲ့ မီတာ ၁၀,၀၀၀ လောက်အကွာမှာ လှည့်ပတ်သွားလာနေတဲ့ အဆိုပါစစ်သင်္ဘောကို အာရက္ခတပ်တော် AA ကမ်းခြေစောင့်တပ်ဖွဲ့က လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိမှန်ကာ မီးလောင်သွားတာလည်း ဖြစ်ပါတယ်။
” မနေ့က ညနေ ၅ နာရီခွဲလောက်မှာ အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီရဲ့ စစ်သင်္ဘောကြီးတစီး ကို ကမ်းနဲ့ မီတာ ၁၀,၀၀၀ လောက်မှာ ကျနော်တို့ အာရက္ခတပ်တော် ကမ်းခြေစောင့်တပ်ဖွဲ့က ပစ်ခတ်လို့ ထိမှန်ပြီး မီးလောင်ခဲ့တာရှိပါတယ်”
လို့ AA ပြောခွင့်ရသူ ဦးခိုင်သုခက BBM ကို ပြောပါတယ်။ လက်ရှိပစ်ခတ်ခံရတဲ့ စစ်သင်္ဘောဟာ မည်သည့်ယာဥ်အမျိုးအစားဖြစ်တာကို အတည်မပြုနိုင်ပေမဲ့ လက်နက်ကြီးထိမှန်ပြီး မီးလောင်ကာ အဆိုပါနေရာကနေ ဆုတ်ခွာသွားတယ်လို့လည်း သိရပါတယ်။
အဆိုပါ လက်နက်ကြီးပစ်ခတ်ခံရတဲ့ စစ်သင်္ဘောဟာ ကျောက်ဖြူ – ရမ်းဗြဲမြို့ ကမ်းခြေအနီးတဝိုက်မှာ လှည့်ပတ်သွားလာနေတာဖြစ်ပြီး အပြစ်မဲ့ပြည်သူတွေ နေထိုင်တဲ့ကျေးရွာတွေကိုလည်း လက်နက်ကြီးတွေ၊ အတွဲလိုက်ဒုံးကျည်တွေနဲ့ ပစ်ခတ်ဒုက္ခပေးနေတဲ့ စစ်သင်္ဘောတစ်စီးလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၂၇ ရက်နေ့၊ ညနေ ၇ နာရီ ကျော် အချိန်မှာ ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းရွာ ပင်လယ်ပြင်မှာ စစ်ရေးအရ လှုပ်ရှားသွားလာနေတဲ့ စစ်ကောင်စီ နေဗီတစ်စီးဟာ ဇင်ချောင်းကုန်းဘောင်ကြီးကျေးရွာကို လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့တာကြောင့် ကျေးရွာနေ ဦးမင်းမင်းကြီး (၅၁) နှစ်မှာလည်း ထိခိုက်ဒဏ်ရာရှိသွားတယ်လို့ သိရပါတယ်။
ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် AA တို့က သစ်ပုတ်တောင်ရေတပ်စခန်း(ဓညဝတီရေတပ်ဌာနချုပ်) အနီးက ကာကင်းစခန်း၊ မလကျွန်းကျေးရွာရှိအနီးရှိ သဘာဓာတ်ငွေ့လက်ခံ သိုလှောင်ပို့ဆောင်ရုံ (OGT) အနီးအနားက ကာကင်းစခန်းနဲ့ အမှတ် ၃၂ ရဲတပ်ရင်းအနီးက ပြိုင်းစေ့ကေ စတဲ့ ကာကင်းစခန်းတွေမှာ တိုက်ပွဲပြင်းထန်နေတာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီဟာ ကျောက်ဖြူမြို့မကျရေးအတွက် စရေတပ်အင်အားကို တို့ချဲ့ချထားပြီး စစ်ကောင်စီရဲ့ တိုက်ခိုက်ရေး စစ်သင်္ဘော ၁၀ ကျော်မှာလည်း ဓညဝတီရေတပ်ဌာနချုပ်အနီးတဝိုက်နဲ့ သံဇစ်မြစ်အတွင်းမှာ သွားလာလှုပ်မှုတွေ ရှိတယ်လို့လည်း သိရပါတယ်။
အလားတူ ပြီးခဲ့တဲ့ သြဂုတ်လ ၁၀ ရက်နေ့ကလည်း ရခိုင်ကမ်းရိုးတမ်းပင်လယ်ပြင် သွားလာလှုပ်ရှားနေတဲ့ စစ်ကောင်စီရဲ့ တိုက်ခိုက်ရေး စစ်သင်္ဘောတစ်စီးဟာ ရခိုင်- ဧရာဝတီ အစပ်က ကျောက်ချွန်နဲ့ ဘောမိကျေးရွာအကြားရှိ နေရာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီးနောက် အပူလွန်ကာ မီးလောင်ပျက်စီးသွားခဲ့ပြီး ဂွမြို့နယ်၊ ကျွန်းနံ့သာကျွန်းနဲ့ မီတာ ၆၅၀၀ အကွာအဝေးမှာ နစ်မြုပ်သွားတယ်လို့လည်း သိရပါတယ်။
အာရက္ခတပ်တော် AA ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၇/၈) ရက်နေ့တွေမှာ ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာအနီးရှိ ရေကြောင်းတိုက်ပွဲမှာ စစ်ကောင်စီရဲ့ စစ်သင်္ဘော (၂) စီး၊ ဇက်သင်္ဘော (၁) စီးတို့ကို ရေထဲကိုနစ်မြုပ်အောင် တိုက်ခိုက်နိုင်ခဲ့ပါတယ်။
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာလည်း မင်းပြားမြို့နယ်၊ ပုလဲပေါက် ကျေးရွာအနီးရှိ ရေကြောင်းတိုက်ပွဲမှာ စစ်ကောင်စီရဲ့ စစ်သင်္ဘော (၁) စီး၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့မှာလည်း မင်းပြားမြို့နယ်၊ သက်ပုန်းရွာအနီး ရေကြောင်းတိုက်ပွဲအတွင်းမှာ စစ်ကောင်စီရဲ့ စစ်သင်္ဘော နောက်ထပ် (၁) စီးကိုလည်း AA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
အာရက္ခတပ်တော် AA ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ခြောက်ရက်တာ ရေကြောင်းတိုက်ပွဲတွေ အတွင်းမှာ စစ်ကောင်စီရဲ့ စစ်သင်္ဘော ၃ စီး၊ ဇက်သင်္ဘော ၂ စီး တို့ကို ရေထဲနစ်မြုပ်အောင်အထိ တိုက်ခိုက်နိုင်ခဲ့ပြီး အခြားသော ၄ စီးမှာလည်း ရေမချနိုင်တဲ့တိုင်အောင် ထိခိုက်ပျက်စီးသွားတဲ့အထိ တိုက်ခိုက်နိုင်ခဲ့တယ်လို့ အာရက္ခတပ်တော် AA က ထုတ်ပြန်ထားပါတယ်။