Tuesday, December 23, 2025
Home » စစ်ကောင်စီနဲ့ TNLA တို့ ဆွေးနွေးပွဲ အဖြေရလဒ်မထွက်တာကြောင့် မြေပြင်တိုက်ပွဲပြင်းထန်လာနိုင်

စစ်ကောင်စီနဲ့ TNLA တို့ ဆွေးနွေးပွဲ အဖြေရလဒ်မထွက်တာကြောင့် မြေပြင်တိုက်ပွဲပြင်းထန်လာနိုင်

0 22
22

တရုတ်အစိုးရဲ့စီစဥ်မှုနဲ့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့မှာ စစ်ကောင်စီနဲ့ တအာင်းတပ် TNLA တို့ အပစ်အခတ်ရပ်စဲရေးအတွက် တတိယအကြိမ်မြောက် ဆွေးနွေးခဲ့ကြသော်လည်း သဘောတူညီချက် တစ်စုံတစ်ရာမရရှိခဲ့ဘဲ ပြီးဆုံးသွားတာကြောင့် မြေပြင်မှာ စစ်ရေးတွေ ပိုမိုပြင်းထန်လာနိုင်တယ်လို့ စစ်ရေးလေ့လာသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။


စစ်ကောင်စီတပ်နဲ့ TNLA ဆွေးနွေးပွဲကို ပြီးခဲ့တဲ့ သြဂုတ်လ ၂၇ ရက်နေ့မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီက တအောင်းတပ် TNLA ထိန်းချုပ်ထားတဲ့မန်တုံနှင့် နမ့်ဆန်မြို့တွေကလွှဲပြီး ၁၀၂၇ စစ်ဆင်ရေးအတွင်း သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့နယ်တွေ အကုန်လုံးကို ပြန်တောင်းခဲ့တယ်လို့ သိရပါတယ်။


တအာင်းတပ် TNLA ကလည်း အဆိုပါ တွေ့ဆုံဆွေးနွေးပွဲမှာ စစ်ရေးအရ ဖိအားပေးခံနေရတဲ့ ကျောက်မဲနဲ့ သီပေါမြို့နယ်တွေကို ပြန်ပေးကာ ကမ်းလှမ်းခဲ့ပေမဲ့လည်း စစ်ကောင်စီက လုံလောက်တဲ့မြို့နယ်တွေကို ပြန်မရတာကြောင့် ဆွေးနွေးပွဲဟာ သဘော တူညီချက်မရဘဲ ပြီးဆုံးသွားတယ်လို့ သိရပါတယ်။


အခုလို့ စစ်ကောင်စီတပ်နဲ့ တအာင်းတပ် TNLA တို့ ဆွေးနွေးပွဲ သဘောတူညီချက်မရတာကြောင့်ကျောက်မဲ၊ သီပေါနဲ့ မိုးကုတ်မြို့နယ်တွေကို စစ်ကောင်စီက လေကြောင်းကနေ ပိုမိုဖိအားပေးတိုက်ခိုက်လာနိုင်သလို့ မြေပြင်ထိုးစစ်မှာလည်း ပြင်းထန်လာနိုင်တယ်လို့ ရှမ်းမြောက်က ဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။


“ဆွေးနွေးပွဲမအောင်မြင်တော့ ထုံစံအတိုင်းပေါ့ တိုက်ပွဲတွေလည်း ပိုမိုပြင်းထန်လာမယ်။ လေကြောင်းတိုက်ခိုက်မှုတွေလည်း ဒီထက်ပိုများလာနိုင်မယ်ပေါ့။ သူတို့ပြောတဲ့အတိုင်း လိုက်မနာရင် စစ်ရေးအရ ပိုမိုဖိအားပေးတိုက်ခိုက်လာမဲ့ သဘောပေါ့”

လို့ ရှမ်းမြောက်က ဒေသခံတစ်ဦးက ပြောပါတယ်။ တအာင်းတပ် TNLA ဟာ ၁၀၂၇ စစ်တင်ရေး ပထမလှိုင်းအတွင်းမှာ ရှမ်းမြောက်က ကွတ်ခိုင်၊ နမ္မတူ၊ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ မိုင်းငေါ့၊ မိုင်းလုံမြို့ မြို့နယ်တို့ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး ဒုတိယလှိုင်းအတွင်းမှာလည်း မိုးမိတ်၊ ကျောက်မဲ၊ နောင်ချို၊ သီပေါနဲ့ မန္တလေးတိုင်းရှိ မိုးကုတ်မြို့အပါအဝင် စုစုပေါင်း ၁၂ ကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။


အဆိုပါ ထိန်းချုပ်နယ်မြေတွေအထဲက စစ်ကောင်စီဟာ TNLAနဲ့ မဟာမိတ်တပ်တွေ သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့ကို ပြည်သူ့စစ်မှုထမ်းအင်အား၊ လေကြောင်း၊ ဒရုန်းအားကိုးတွေနဲ့ ၅ လတာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၁၅ ရက်နေ့မှာ အလုံးစုံ ပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။


လက်ရှိမှာ စစ်ကောင်စီဟာ နောင်ချိုမြို့ကနေတစ်ဆင့် ကျောက်မဲ၊ သီပေါနဲ့ မိုးကုတ်မြို့နယ်တွကို မြေပြင်ထိုးစစ်ဆင်မှုတွေပြုလုပ်လာနေပြီး အဲဒီမြို့နယ်တွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် ပြေမြင်တပ်တွေကိုလည်း စစ်ကောင်စီက လွှတ်ပေးထားတာရှိတယ်လို့လည်း သိရပါတယ်။


စစ်ကောင်စီဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၉ ရက်နေ့က နောင်ချိုမြို့နဲ့ ၁၅ မိုင်ကျော်ကွာဝေးတဲ့ နောင်ပိန်ကျေးရွာနဲ့ ဂုတ်တွင်းလမ်းပိုင်းကိုပါ ထိန်းချုပ်နိုင်ခဲ့ပြီး၊ ဂုတ်တွင်းလမ်းပိုင်းကိုလည်း ထောက်ပို့လမ်းကြောင်းအဖြစ် အသုံးပြုနိုင်ဖို့အတွက် အသည်းအသန်ပြင်ဆင်နေတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။


ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာဟာ မန္တလေး – လားရှိုးလမ်းမကြီးဘေးမှာ တည်ရှိပြီး ရှမ်းတောင်နဲ့ ရှမ်းမြောက်ကို ဆက်သွယ်ရေးမှာ အဓိကအချက်အချာကျတဲ့ ကျေးရွာကြီးတစ်ရွာလည်း ဖြစ်ပါတယ်။


စစ်ကောင်စီဟာ သူတို့ထိန်းချုပ်ထားတဲ့ နောင်ပိန်ကျေးရွာကနေ မိုင်ပေါင်း ၂၀ ခန့်သာ ကွာဝေးတဲ့ ကျောက်မဲမြို့ကိုလည်း ထိုးစစ်ဆင်မှုတွေပြုလုပ်နေပြီး မိုင်းလုံမြို့နယ်ကို ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။


“နောင်ပိန်ရွာဟာ ကျောက်မဲမြို့နဲ့ မိုင် ၂၀ ခန့်လောက်ပဲ ဝေးကွာပါတယ်။ စစ်ကောင်စီက ကျောက်မဲဖက်ကို ထိုးစစ်ဆင်မှုတွေ ပြုလုပ်နေပြီးလို့ ကြားရတယ်။ နောက်တစ်ဖက်မှာလည်း မိုင်းလုံမြို့နယ်ကို စစ်ကောင်စီက စစ်ကြောင်းထိုးနေတာရှိပါတယ်။ မိုင်းလုံမြို့ ကို သွားတဲ့ လယ်ကြီးလမ်းခွဲတွေကိုသာ ရသွားရင် မိုးကုတ်၊ ကျောက်မဲ နှစ်မြို့စလုံးအတွက်အန္တရာယ်ရှိလာနိုင်ပါတယ်” လို့ နောင်ချိုဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။


မိုင်းလုံမြို့ကိုသွားတဲ့ လမ်းပိုင်းတွေကိုသာ စစ်ကောင်စီကထိန်းချုပ်နိုင်ခဲ့ပါက မန္တလေးတိုင်းရှိ မတ္တရာ၊ စဥ်ကူး၊ သပိတ်ကျင်းမြို့နယ်တွေမှာ လှုပ်ရှားနေကြတဲ့ တော်လှန်းရေးအဖွဲ့တွေအတွက်လည်း စစ်ရေးဖော်ဆောင်ရာမှာ ခက်ခဲသွားနိုင်တယ်လို့လည်း ရှမ်းမြောက်က ဒေသခံတွေက ပြောပါတယ်။


လက်ရှိ စစ်ကောင်စီနဲ့ TNLA တို့ ဆွေးနွေးပွဲဟာ သဘောတူညီချက် တစ်စုံတစ်ရာ မရရှိခဲ့တာကြောင့် လာမဲ့ အောက်တိုဘာလနောက်ဆုံးအပတ်မှာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့မှာ ထပ်မံပြုလုပ်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။


စစ်ကောင်စီဟာ အခုသြဂုတ်လတစ်လအတွင်းမှာ TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကို လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်၊ သီပေါမြို့ကို လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်နဲ့ ကျောက်မဲမြို့ကို လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်အထိ အသီးသီး ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။


အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးသူ ၅၀ ကျော်နဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၃၀ နီးပါအထိရှိလာနေတယ်လို့ TNLA ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

Leave a Comment

Latest Post

Latest Post