စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အင်အား ၁၀၀ ခန့်ရှိတဲ့ စစ်ကောင်စီ စစ်ကြောင်းက စစ်ဘေးရှောင်ပြည်သူ လင်မယားကို ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး စစ်ရှောင်တဲ ၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
ဩဂုတ်လ ၃၁ ရက်နေ့၊ မနက် ၈ နာရီခွဲခန့်မှာ ချပ်သင်းကျေးရွာ စစ်ကောင်စီအထိုင်စခန်းမှ ပုဏ္ဏားကြီးရွာဘက်သို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ ပျူ ပူးပေါင်းအင်အား ၁၀၀ ခန့်ဟာ ဦးကင်းကြည်ရွာနဲ့ နှောကုန်းရွာကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် ပုဏ္ဏားကြီးရွာမှ စစ်ဘေးရှောင်နေတဲ့ ကိုဇော်မျိုးလှိုင် ၄၅ နှစ်နဲ့ မမာမာသင်း ၄၄ နှစ်တို့ကို ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး စစ်ရှောင်တဲ ၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
“ချပ်သင်းအထိုင်ကထွက်ခဲ့တဲ့ ခွေးတွေက အင်အား ၁၀၀ လောက်ရှိတယ်၊ ၃ ဖွဲ့လောက်ခွဲထွက်ခဲ့တာ Drone နဲ့ကလဲ ဦးကင်းကြည်နဲ့ နှောကုန်းရွာတွေဘက် ဗုံးသီး ၄လုံးချလို့ ပြေးရတာ၊ စစချင်းစစ်ရှောင်တဲဘက်ဝင်တာ တဲတွေကို ဝိုက်ပစ်တာဆိုတော့ တဲနားရှိနေတဲ့ ကိုဇော်မျိုးလှိုင်တို့ လင်မယားနှစ်ယောက်လုံး ပစ်သတ်ခံရတာ၊ ပစ်သတ်ပြီး ပါးစပ်တွေခေါင်းတွေ ဓားတွေနဲ့ ဖြဲထားတာ ရက်ရက်စက်စက်ပါ ကြောက်စရာကောင်းမှကောင်း လူစိတ်တကယ်မရှိတဲ့သူတွေ၊ စစ်ရှောင်ပြည်သူမှန်းသိသားနဲ့ကို ရက်ရက်စက်စက်သတ်ဖြတ်သွားတာ ပြီးတော့ တဲတွေမီးရှို့ခဲ့တာ”
လို့ ဒေသခံစစ်ရှောင်တစ်ဦးက ပြောဆိုကြောင်း ဖော်ပြထားပါတယ်။ စစ်ဘေးရှောင်လင်မယားကို သတ်ဖြတ်ခဲ့တဲ့ အဆိုပါစစ်ကြောင်းကို ပုဏ္ဏားကြီးရွာအရှေ့ဘက်မှာ ဒေသခံ ပကဖ အဖွဲ့နဲ့ KB2 ရဲဘော်တွေက မနက် ၁၀ နာရီခန့်မှာ စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှာ ထိခိုက်မှုရှိပြီး ဒဏ်ရာရသူ ၅ ဦးကို အထမ်းတွေ၊ လှည်းတွေနဲ့ တင်ဆောင်သွားတယ်လို့ ဖော်ပြထားပါတယ်။
“အဲဒီနောက်မှာ ပုဏ္ဏားကြီးရွာကျော်မှ ပကဖတွေ၊ PDF တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ကြတာ ခွေးတွေဘက်က ၇ ယောက်လောက်ထိတယ်၊ အထမ်းတွေရော လှည်းနဲ့ရော တင်သွားတာ”
လို့ အဆိုပါဒေသခံစစ်ရှောင်က ပြောဆိုထားပါတယ်။ အဆိုပါထိတွေ့တိုက်ပွဲဟာ ၁ နာရီခွဲခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်မှ အထိနာခဲ့တဲ့အတွက် ရှေ့ဆက်မတိုးနိုင်ဘဲ မနက် ၁၁ နာရီ ၃၀ မိနစ်မှာ ချပ်သင်းအထိုင်စခန်းသို့ ပြန်လည်ဆုတ်ခွာသွားတယ်လို့ သတင်းရရှိပါတယ်။
Photo- ကန့်ဘလူမြို့နယ်မှာ ဩဂုတ်လအတွင်း ကျေးရွာတွေကို စစ်ကောင်စီ မီးရှို့ဖျက်ဆီးထားစဉ်။(ပုံဟောင်း)