တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ ဒေသတွေကို စစ်ကောင်စီတပ်က လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ရဟန်းသံဃာ၊ သီလရှင်နဲ့ ကလေးသူငယ်အပါအဝင် ပြည်သူလူထု ၄၆ ဦးသေဆုံးခဲ့ရပြီး ရဟန်းသံဃာတော် ၆ ပါး၊ ကိုရင် ၆ ပါးနဲ့ ပြည်သူလူထု ၅၅ ဦးမှာ ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ တအာင်းတပ် TNLA က ဒီကနေ့ စက်တင်ဘာလ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ သြဂုတ်လတစ်လအတွင်းမှာ TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲ၊ မိုးကုတ်၊ မိုင်းငေါ့၊ သီပေါနဲ့ မိုင်းလုံမြို့နယ်တို့ကို လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
အဆိုပါစစ်ကောင်စီက တိုက်ခိုက်မှုအတွင်းမှာ အရပ်သားပြည်သူတွေ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိရုံသာမက နေအိမ် (၁၀၈)အိမ်၊ အဆောက်အဦး (၂)ခု၊ စာသင်ကျောင်း (၁)ကျောင်း၊ ဘုန်းကြီးကျောင်း (၁၂) ကျောင်း၊ ကျောင်းဆောင် (၉)ဆောင်၊ ဓမ္မာရုံ (၁)ရုံ၊ ကား (၇)စီးနဲ့ ဆိုင်ကယ် (၃)စီးတို့မှာလည်း ဗုံးစထိမှန်ကာ ပျက်စီးသွားရတယ်လို့လည်း TNLA က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဟာ ကျောက်မဲမြို့နယ်ရှိ ပြည်သူလူထုတွေကို ဦးတည်ကာ ဂျက်ဖိုက်တာနဲ့ လာရောက်ဗုံးကြဲချတိုက်ခိုက်မှုအတွင်း ရဟန်းသံဃာ ၁ ပါး ပျံလွန်တော်မူသွားခဲ့ရပြီး အမျိုးသား ၁ ဦးသေဆုံးကာ ရဟန်းသံဃာတော် (၃)ပါး၊ အမျိုးသား (၆) ဦးနဲ့ အမျိုးသမီး (၄)ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၄၀) အိမ်၊ အဆောက်အဦး (၁)ခု၊ စာသင်ကျောင်း (၁) ကျောင်း၊ ဘုန်းကြီးကျောင်း (၅) ကျောင်းနဲ့ ကား (၄) စီးတို့မှာ ဗုံးစထိမှန်ကာ ပျက်စီးသွားခဲ့ရပါတယ်။
မိုးကုတ်မြို့လည်း စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ရည်ရွယ်ချက်ရှိရှိ ပြည်သူတွေတည်ရှိတဲ့နေရာကိုဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ရဟန်းသံဃာတော် (၂) ပါး၊ ကလေးငယ် (၄)ဦး၊ အမျိုးသား (၁၈)ဦးနဲ့ အမျိုးသမီး (၁၇) ဦးသေဆုံးခဲ့ရပြီး ရဟန်းသံဃာတော် (၁) ပါး၊ အမျိုးသား (၂၀) ဦးနဲ့ အမျိုးသမီး (၄) ဦးတို့မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၃၈) အိမ်၊ အဆောက်အဦး (၁) ခု၊ ဘုန်းကြီးကျောင်း (၆)ကျောင်း၊ ကား (၃)စီးနဲ့ ဆိုင်ကယ် (၃) စီးတို့မှာလည်း ဗုံးစထိမှန်ကာ ပျက်စီးသွားရတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
အလားတူ စစ်ကောင်စီတပ်က သီပေါမြို့ကိုလည်း လေကြောင်းနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့မှုကြောင့် အမျိုးသမီး (၂) ဦးနဲ့ အမျိုးသား (၂)ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူလူထုနေအိမ် (၁၄) လုံးတို့မှာလည်း ဗုံးစထိမှန်ကာ ပျက်စီးသွားရပါတယ်။
နောက်ထပ် မိုင်းလုံမြို့ကိုလည်း စစ်ကောင်စီတပ် က လေကြောင်းကနေ ဗုံးချကြဲချတိုက်ခိုက်မှုကြောင့် သီလရှင် (၁)ပါး၊ အမျိုးသမီး (၁)ဦးသေဆုံးခဲ့ပြီးရပြီး ရဟန်းသံဃာတော် (၂) ပါး၊ ကိုရင် (၃)ပါး၊ အမျိုးသား (၁)ဦးတို့မှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၄) အိမ်၊ ကျောင်းဆောင် (၅)ဆောင်နဲ့ ဓမ္မရုံ (၁) ရုံ တို့မှာလည်း ဗုံးစထိမှန်ကာ ပျက်စီးသွားရတယ်လို့ TNLA ဆိုထားပါတယ်။
ဒါအပြင် မိုင်းငေါ့မြို့ကိုလည်း စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးချကြဲချတိုက်ခိုက်မှုကြောင့် ကလေးငယ် (၁) ဦးသေဆုံးခဲ့ပြီး အမျိုးသား (၂)ဦး၊ ကိုရင် (၃)ပါးနဲ့ အမျိုးသမီး (၂)ဦးတို့မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၁၂) အိမ်၊ ကျောင်းဆောင် (၄)ဆောင်နဲ့ ဘုန်းကြီးကျောင်း (၁)ကျောင်းတို့မှာလည်း ဗုံးစထိမှန်ကာ ပျက်စီးသွားခဲ့ရပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ သြဂုတ်လတစ်လအတွင်းမှာ TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကို လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်၊ သီပေါမြို့ကို လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်နဲ့ ကျောက်မဲမြို့ကို လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်အထိ အသီးသီး ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၂၇ ရက်နေ့က စစ်ကောင်စီနဲ့ တအာင်းတပ် TNLA တို့ဟာ တရုတ်အစိုးရဲ့စီစဥ်မှုနဲ့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့မှာ အပစ်အခတ်ရပ်စဲရေးအတွက် တတိယအကြိမ်မြောက် ဆွေးနွေးခဲ့ကြသော်လည်း သဘောတူညီချက် တစ်စုံတစ်ရာမရရှိခဲ့ဘဲ ပြီးဆုံးသွားတာကြောင့် မြေပြင်မှာ စစ်ရေးတွေ ပိုမိုပြင်းထန်လာနိုင်တယ်လို့လည်း ဒေသခံတွေနဲ့ စစ်ရေးလေ့လာသူတွေက BBM ကို ပြောကြပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဇူလိုင်လတစ်လအတွင်းမှာလည်း ကျောက်မဲ၊ မိုးကုတ်၊ နောင်ချို၊ မိုင်းငေါ့၊ သီပေါ၊ မိုင်းလုံနဲ့ ကွတ်ခိုင်မြို့နယ်တို့ကိုလည်းလေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ကလေးသူငယ်အပါအဝင် ပြည်သူလူထု (၂၇) ဦး သေဆုံးခဲ့ပြီး (၈၂) ဦးမှာလာ်းထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၁၁၆)အိမ်၊ စာသင်ကျောင်း (၂)ကျောင်းနဲ့ ဘုန်းကြီးကျောင်း (၂)ကျောင်းတို့မှာလည်း ဗုံးစထိမှန်ကာပျက်စီးသွားခဲ့ရတယ်လို့ TNLA ရဲ့ ထုတ်ပြန်ချကိတွေအရ သိရပါတယ်။
ပုံ-TNLA
#BBM#News#Hsipaw#TNLA#UpdateNews