အဆုံးမစီရင်မှီ ၎င်းရဲ့အထက်အရာရှိတစ်ဦးမှ ဖိအားပေးအမိန့်ပေးစေခိုင်းမှုအချို့ရှိ
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းအခြေစိုက် လေတပ် စခန်းမှ ဗိုလ်အဆင့်ရှိသူ မြတ်ကိုကိုဟာ ချင်းတွင်းမြစ်ကူးတံတားထိပ်အနီး လုံခြုံရေးကျနေစဥ် ကိုယ့်ဟာကိုယ် အဆုံးစီရင်ခဲ့တယ်လို့ မုံရွာမြို့နယ် သတင်းမှန်ပြန်ကြာရေးအဖွဲ့ထံမှသိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ၃ရက်နေ့ မနက်၅နာရီအကျော်လောက်မှာ အဆိုပါအရာရှိဟာ ၎င်းတာဝန်ကျနေတဲ့ ဟုမ္မလင်း ချင်းတွင်းမြစ်ကူးတံတားထိပ် ကတ်သာရွာဘက်ခြမ်းမှာတင် အဆုံးစီရင်သွားခြင်းဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် အဆုံးစီရင်မှုမပြုလုပ်မှီ စက်တင်ဘာလ (၂)ရက်နေ့ညပိုင်းတုန်းက ၎င်းရဲ့အထက်အရာရှိတစ်ဦးမှ မြတ်ကိုကို ကို ဖိအားပေးစေခိုင်းမှုတွေရှိခဲ့တာကြောင့် အထက်ဖိအားတွေများပေမဲ့ CDM လည်းမလုပ်နိုင်ကြောင်းနဲ့ စစ်တပ်လက်အောက် ထံအလုပ်မလုပ်လိုတော့ကြောင်း နီးစပ်ရာတွေကိုပြောခဲ့တယ်လို့လည်း မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံမှ ပြန်သိရပါတယ်။
စစ်ကောင်စီတပ်အတွင်း အချင်းချင်းသတ် ဖြတ်တာနဲ့၊ အဆုံးစီရင်ခြင်းတွေ အများအပြားရှိနေပြီး ပြီးခဲ့တဲ့လပိုင်းက ခင်ဦးမြို့နယ်အတွင်း တပ်သားအောင်ဖြိုးကိုက ဗိုလ်ကြီးကျော်သူလှိုင်ကို ပစ်ခတ်သတ်ဖြတ်ခဲ့တာကြောင့် ဗိုလ်ကြီးကျော်သူလှိုင်ရဲ့တပည့်တွေက အထက်အမိန့်အရဆိုပြီး တပ်သားအောင်ဖြိုးကို ကိုပြန်သတ်တဲ့ဖြစ်စဥ်တွေနဲ့ ကောလင်းမြို့နယ်အတွင်း တပ်ကြပ်ကြီးအပါအဝင် ၄ဦးကို တပ်သားတစ်ဦးမှ သတ်ဖြတ်ကာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေထံ အလင်းဝင်တဲ့ ဖြစ်စဥ်တွေ ရှိခဲ့ဖူးတယ်လို့ သိရပါတယ်။