Monday, December 22, 2025
Home » သံဖြူဇရပ်အတွင်းရှိ ရွာပေါင်း(၉၀)ကျော်မှ စစ်မှုမထမ်းရရေးအတွက် စကစ ကို လစဥ်ငွေပေးနေရ

သံဖြူဇရပ်အတွင်းရှိ ရွာပေါင်း(၉၀)ကျော်မှ စစ်မှုမထမ်းရရေးအတွက် စကစ ကို လစဥ်ငွေပေးနေရ

0 17
17

🟥ရန်ကုန်၊မန္တလေး မြို့ကြီးတွေမှာလည်း စစ်မှုထမ်းရှောင်လိုသူများဆီက နှစ်စဥ်ကြေးပုံစံကောက်ယူနေ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်းရှိ ကျေးရွာတွေမှ အိမ်ထောင်စုတွေအားလုံးဟာ စစ်မှုမထမ်းရရေးနဲ့ ပေါ်တာအဆွဲမခံရရေးတို့အတွက် စစ်ကောင်စီကို ပေါ်တာကြေးလစဥ်ပေးနေရတယ်လို့ သိရပါတယ်။

စစ်ကောင်စီမှ ပြည်သူ့စစ်မှုထမ်းဥပဒေစတင်အသက်သွင်းခဲ့တဲ့ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်းကစပြီး သံဖြူဇရပ်မြို့နယ်အတွင်းက ကျေးရွာတွေဟာ စစ်မှုထမ်းကြေးစတင်ပေးဆောင်ခဲ့ရတာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် သံဖြူဇရပ်မြို့နယ်အတွင်း ကျေးရွာပေါင်း၉၅ရွာထက်မနည်း တည်ရှိပြီး အများစုမှာ ရွာကြီးရွာကောင်းတွေဖြစ်ကာ တစ်ရွာကိုပျမ်းမျှအိမ်ခြေ ၃၀၀၀ထက်မနည်း တည်ရှိတယ်လို့လည်း သိရပါတယ်။

အဆိုပါကျေးရွာတွေမှ ပြည်သူတွေအနေနဲ့ စစ်မှုထမ်းကြေးအဖြစ် တစ်လကို တစ်အိမ်ထောင်ရင် ၅ထောင်နှုန်းဖြင့် ရပ်ကွက်လူကြီးတွေဆီပေးရပြီး ထိုမှတဆင့် သံဖြူဇရပ်

မြို့နယ်အတွင်း အုပ်ချုပ်ရေးနဲ့ စစ်ရေးလှုပ်ရှားမှုတွေ အဓိကပြုလုပ်နေတဲ့ ဝဲကလိကျေးရွာအခြေစိုက် အမှတ်(၄)တပ်မတော်တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှ တာဝန်ရှိသူများကိုပေးရတယ်လို့ သိရပါတယ်။

“မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်မှာရှိတဲ့ ရွာတွေ အားလုံံး တစ်အိမ်ကို ၅၀၀၀ ကျပ်နဲ့ လတိုင်း စစ်မှု့ထမ်းကြေးပေးရတယ်၊ ရှင်းရှင်းပြောရရင် ရွာထဲကို စကစတွေ ဝင်မလာအောင် ရွာက လူငယ်တွေကို ပြန်ပေဆွဲ စစ်မှုထမ်းတဲ့ကိစ္စ မရှိအောင်ပေးနေရတာ၊ ပြီးရင်ရွာသူကြီးတွေက တိုင်းဗဟို ၄ လေ့ကျင့်ရေးကျောင်းက ကျောင်းအုပ်ကြီးဆီသွားပေးရတယ်”

ဟု ဒေသခံတစ်ဦးမှ BBM ကိုပြောပါတယ်။ အဆိုပါ စစ်မှုထမ်းကြေးပေးဆောင်ရတဲ့ အခကြေးငွေအချို့ကို ဧရာဝတီတိုင်းမှတက်လာပြီး အလုပ်လာလုပ်တဲ့ လူငယ်တွေကို ပြန်ဝယ်တာမျိုးပြုလုပ်ကာ စစ်မှုထမ်းသင်တန်းသားတွေအတွက် အစားထိုးတာမျိုးတွေလည်း ပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် သံဖြူဇရပ်မြို့နယ် ဝဲကလိ အခြေစိုက် အမှတ်(၄)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းမှ တာဝန်ရှိသူများကလည်း စစ်မှုထမ်းကြေးပေးဆောင်ခိုင်းတဲ့သတင်းနဲ့ပတ်သတ်ပြီး မပေါက်ကြားရန်အတွက် ဒေသခံများကို မှာထားပြီး ပေါက်ကြားပါက လူသစ်စုဆောင်းမှုတွေပြုလုပ်မယ်လို့လည်း ခြိမ်းခြောက်ထားတယ်လို့ သိရပါတယ်။

“ရတဲ့ပိုက်ဆံတွေကို ဧရာဝတီတိုင်းက လာတဲ့ ဆားလာထမ်းတဲ့ သူတွေကိုငှားပြီး စစ်မှု့ထမ်းထည့်တယ်၊ အဲ့တာကြောင့် သံဖြူဇရပ်မြို့ နယ် က ပေါ်တာဆွဲတာတို့ အတင်းဖမ်းတာတို့ မကြားရတာ… ပြည်သူလူထုကို လည်ပင်မှာ ဓါးထောက် ထားပြီး ငွေညှစ်ပိုက်ဆံတောင်းနေတာပဲ၊ သတင်းပေါက်ကြားရင်လည်း ဖမ်းမယ်ဆီးမယ်ဆိုပြီး ပြောထားတာတွေရှိတယ်”

ဒါ့အပြင် ရန်ကုန်၊မန္တလေးကဲ့သို့ မြို့ကြီးအချို့တွေမှာလည်း ငွေကြေးတက်နိုင်သူများက စစ်မှုမထမ်းရရေးအတွက် စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေကို လစဥ်ကြေးပုံစံငွေကြေးပေးဆောင်နေရတာတွေလည်းရှိတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့အတွင်းရှိအင်းစိန်မြို့အပါ အခြားမြို့နယ်အချို့မှာလည်း စစ်မှုထမ်းအတွက် မဲမနှိုက်ချင်တဲ့ သူတွေအနေနဲ့ တစ်လလျှင် ၅ထောင်နှုန်းဖြင့် တစ်နှစ်စာ၆သောင်း ပေးထားရတယ်လို့ ဒေသခံတစ်ဦးမှ BBM ကိုပြောပါတယ်။

“နားလည်မှုပုံစံနဲ့ပေးနေရတာရှိတယ်၊ တစ်နှစ်စာ၆သောင်းလောက်ပေးရတယ်၊ ဒါမဲ့ပေးသာပေးရတာ အပြင်ထွက်ရင်လည်းပေါ်တာကြောက်ရတာပဲ၊ ပြီးတော့ ခုတစ်မျိုးတော်ကြာတစ်မျိုးဆိုတော့ ကြောက်နေရတာလေ”

စစ်ကောင်စီအနေနဲ့ ၁၀၂၇စစ်ဆင်ရေးအတွင်း ရှမ်းမြောက်မှာ အကြီးအကျယ်စစ်ရှုံးပြီးတဲ့နောက်ပိုင်းကစကာ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ခုနှစ်အတွင်း စတင်အသက်သွင်းခဲ့တာဖြစ်ပြီး အဆိုပါဥပဒေမှတစ်ဆင့် လူငယ်၆သောင်းကျော်ကို စုဆောင်းရရှိထားနိုင်တယ်လို့ လေ့လာသူတွေတချို့ရဲ့ပြောဆိုချက်အရ သိရပါတယ်။

Leave a Comment

Latest Post

Latest Post