ကရင်ပြည်နယ်၊ သင်္ကန်းညီနောင်မြို့ရှိ တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထားတဲ့ စစ်ကောင်စီတပ်ရင်းတွေဖြစ်တဲ့ ခမရ(၃၅၅)၊ ခမရ(၃၅၆)တပ်ရင်းတွေကို စစ်ကောင်စီဘက်မှ ပြန်လည်သိမ်းပိုက်ရရှိသွားပြီလို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်အချို့အရ သိရပါတယ်။
မြဝတီမြို့ကို ရောက်ရှိနိုင်ဖို့အတွက် အင်အားအမြောက်အများဖြင့် ချီတက်လာခဲ့တဲ့ စစ်ကောင်စီရဲ့အောင်ဇေယျစစ်ကြောင်းဟာ တောနော်ရေတံခွန် နားမှတဆင့်ဖောက်ထွက်ကာ သင်္ကန်းညီနောင်အထိရောက်ရှိလာခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
စစ်ကြောင်းလာရာလမ်းတစ်လျှောက်တော်လှန်ရေးအင်အားစုတွေနဲ့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွါးခဲ့ပြီးနောက် စက်တင်ဘာလ၅ရက်နေ့ညနေမှာတော့ သင်္ကန်းညီနောင်မြို့တွင်းရှိ ၎င်းတို့လက်လွှတ်လိုက်ရတဲ့ ခမရ(၃၅၅)၊ ခမရ(၃၅၆)တပ်ရင်းတွေကို ပြန်လည်ရရှိကာ အခြေပြုတပ်စွဲထားတယ်လို့ သိရပါတယ်။
“သင်္ကန်းညီနောင်ကို ကျွန်တော်တို့ကတော့ ဆုတ်ပေးလိုက်ပါပြီ”
ဟု မြေပြင်တော်လှန်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း BBM ကိုအတည်ပြုပြောဆိုထားပါတယ်။ စစ်ကောင်စီအနေနဲ့KNLAဦးဆောင်ပြီးတော်လှန်ရေးအင်အားစုတွေစိုးမိုးထားတဲ့ မြဝတီအာရှလမ်းမကြီးအပါအဝင် သင်္ကန်းညီနောင်မြို့ကို ပြန်လည်ရရှိဖို့အတွက် ကော့ကရိတ်မှတက်လာတဲ့ အောင်ဇေယျစစ်ကြောင်းအပြင် မြဝတီမြို့စောင့်တပ် ခလရ(၂၇၅)တို့မှ စစ်ကြောင်းတွေဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်တယ်လို့သိရပါတယ်။
အဆိုပါသင်္ကန်းညီနောင်မြို့ကို တော်လှန်ရေးအင်အားစုတွေက ၂၀၂၄ခုနှစ် မတ်လအတွင်းက သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီမှလည်း ပြန်လည်ရရှိနိုင်ရန်အတွက် ၂၀၂၄ခုနှစ် ဧပြီလအတွင်းမှာပင် တပ်မ(၅၅)အဓိကပါဝင်တဲ့ အင်အားတွေဖြင့် အာရှလမ်းအတိုင်းထိုးစစ်ဆင်လာခဲ့ ခြင်းဖြစ်ပါတယ်။
အဆိုပါ စစ်ကြောင်းဟာ အာရှလမ်းမကြီးအတွင်း၁နှစ် ကျော်ပိတ်မိနေခဲ့ပြီးနောက် ပြီးခဲ့တဲ့ရက်ပိုင်းက တပ်မ(၂၂) အဓိကပါဝင်တဲ့အင်အားတွေဖြင့်ထပ်မံထိုးစစ်ဆင်လာခဲ့ကာ လေကြောင်း၊ဒရုန်းနဲ့လက်နက်ကြီးအမြောက်အများသုံးပြီးသင်္ကန်းညီနောင်မြို့ကိုရောက်ရှိလာတာဖြစ်တယ်လို့ သိရပါတယ်။
photo-ပုံဟောင်း