Tuesday, December 23, 2025
Home » မောင်တောမြို့နယ်မှာ ၂ ရက်အတွင်း AA က မြေမြှုပ်မိုင်း ၁၂၈ ကို ရှင်းလင်း

မောင်တောမြို့နယ်မှာ ၂ ရက်အတွင်း AA က မြေမြှုပ်မိုင်း ၁၂၈ ကို ရှင်းလင်း

0 16
16

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ အာရက္ခတပ်တပ်တော် AA က စက်တင်ဘာလ ၅ ရက်နဲ့ ၆ ရက် ၂ ရက်အတွင်းမှာ စစ်ကောင်စီတပ်က ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်း ၁၂၈ လုံးကို ရှင်းလင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၅ ရက်နေ့မှာ မောတောင်မြို့နယ်၊ သစ်တောရွာအနီးက ကားလမ်းမှာ စစ်ကောင်စီထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်း ၈၅ လုံးကို ရှင်းလင်းနိုင်ခဲ့ပြီး စက်တင်ဘာလ ၆ ရက်နေ့မှာလည်း မောင်တောမြို့နယ်၊ လေးမိုင်စခန်းက ကားလမ်းဘေးမှာလည်း စစ်ကောင်စီထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်း ၄၃ လုံးကို အာရက္ခတပ်တော် AA က ထပ်မံရှင်းလင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ မောင်တောမြို့နယ်၊ လေးမိုင်ခွဆုံဝန်းကျင်အနီးမှာလည်း မြေမြှုပ်မိုင်းအများအပြားထောင်ခဲ့ပြီးတော့ အာရက္ခတပ်တော် AA ကလည်း မိုင်းရှင်းလင်းရေး လုပ်ဆောင်တဲ့အခါ မြေမြှုပ်မိုင်း အများအပြားရရှိထားပေမဲ့ နောက်ထပ်လည်း အဆိုပါ အနီးအဝန်းကျင်တစ်လျှောက်မှာ မြေမြှုပ်မိုင်းတွေ ရှိနေတဲ့အတွက် ဒေသခံပြည်သူတွေအနေနဲ့ အထူးသတိထား သွားလာကြဖို့လိုအပ်တယ်လို့လည်း AA ရဲ့ တာဝန်ရှိတဲ့သူတွေက ဆိုထားပါတယ်။

မောင်တောမြို့ တိုက်ပွဲကာလအတွင်းမှာ စစ်ကောင်စီဟာ သူတို့တပ်စွဲနေထိုင်ခဲ့တဲ့နေရာတွေ၊ တပ်ဆုတ်ကာထွက်ပြေးသွားတဲ့ တော၊ တောင်တွေ၊ ယာခင်း၊ လယ်ကွင်းတွေမှာလည်း မြေမြှုပ်မိုင်းတွေကို ရည်ရွယ်ချက်ရှိရှိ ထောင်ထားခဲ့သလို စစ်ကျန်လက်နက်ပစ္စည်းတွေကိုလည်း မဆင်မခြင်စွန့်ပစ်ထားခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ လူမဆန်တဲ့လုပ်ရပ်တွေကြောင့် ဝမ်းရေးအတွက် မှီခိုအားထားနေရတဲ့ ဒေသခံတွေဟာ ထင်းခုတ်၊ ဟင်းရှာသွားကြတဲ့အခါ မြေမြှုပ်မိုင်းနင်းမိပြီးတော့ သေဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိတဲ့ဖြစ်စဥ်တွေလည်း ရှိခဲ့ပါတယ်။

အာရက္ခတပ်တော် AA ဟာ ရခိုင်ပြည်ရှိ မြို့နယ်တိုင်းမှာ မိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်တာ၊ မိုင်းအသိပညာပေး လမ်းကမ်းစာစောင်တွေ ဖြန့်ဝေတာတွေကို လုပ်ဆောင်ပေးနေတယ်လို့လည်း သိရပါတယ်။

Photo-အာရက္ခတပ်တော်မှမိုင်းရှင်းလင်းနေခြင်း

Leave a Comment

Latest Post

Latest Post