ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း စုန်ဆင်းလာတဲ့ စစ်ကောင်စီရဲ့ တိုက်ခိုက်ရေး၊ ရိက္ခာသယ်ယူပို့ဆောင်တဲ့ စစ်သင်္ဘော ၁၄ စီးဟာ ဝက်လက်မြို့နယ်၊ ရှိမ်းမကားကျေးရွာအရှေ့ဖက် မြစ်ကြောင်းကို ရောက်ရှိလာပြီး ဖြစ်တာကြောင့် ဝက်လက်မြို့နယ်က ကျေးရွာ ၁၀ ကျော်မှာ တိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။
အဆိုပါ စစ်ကောင်စီ စစ်သင်္ဘော ၁၄ စီး ဟာ ကချင်ပြည်နယ်၊ ဗန်းဗော်မြို့နယ်ကနေ ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်နေ့မှာ ဧရာဝတီမြစ်ကြောင်းအတိုင်း စုန်ဆင်းလာတာဖြစ်ပြီး ကသာ၊ ရွှေကူနဲ့ ထီးချိုင့်မြို့နယ်တွေကို ဖြတ်ကျော်လာခဲ့တာလည်း ဖြစ်ပါတယ်။
အဲဒီစစ်သင်္ဘောတွေကို စစ်ကောင်စီက Y-12၊ Jet Frighter၊ Mi – 35 ရဟတ်ယာဥ်တွေနဲ့ မြစ်ကြောင်းတစ်လျှောက်ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်တာတွေ၊ စစ်သင်္ဘောတွေက လက်နက်ကြီးပစ်ခတ်တာတွေ ပြုလုပ်နေတာကြောင့် ဝက်လက်မြို့နယ် ကျေးရွာ ၁၀ ကျော်မှာ တိမ်းရှောင်နေရတာလည်း ဖြစ်ပါတယ်။
ဝက်လက်မြို့နယ်က တိမ်းရှောင်နေရတဲ့ကျေးရွာတွေမှာ ရှိမ်းမကား ၊ အင်ဒေါင်း ၊မင်းရွာထောင် ၊ ရွာသာ၊ကမ်းဖြူ ၊ ငါးတိုက်တောင် ၊ ငါးရယ် ၊ ဘိုကြီးကျွန်း၊ သဲကျွန်း ၊ ရွာတန်းရှည် ၊ မိုးကြို စတဲ့ မြစ်ကမ်းဘေးက ကျေးရွာတွေတိမ်းရှောင်နေရတာလည်း ဖြစ်ပါတယ်။
” အဲဒီစစ်သင်္ဘောတွေကြောင့် ထီးချိုင့်ဖက်မှာတော့ သေဆုံးမှုတွေ တော်တော်များပါတယ်။ ကျနော်တို့ဖက်မှာတော့ မရှိသေးဘူးဗျ။ သင်္ဘောတက်တာ ဒုတိယအကြိမ်မှာ ဆိုရင်ပြည်သူတွေ နေအိမ် ၂ လုံးနဲ့ စုစုပေါင်း အဆောက်အအုံ ၄ လုံး ပျက်စီးသွားပါတယ်။ အခုလည်း Y12 နဲ့ ကင်းယူပြီးတော့ သူတို့မသင်္ကာတဲ့နေရာတွေကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။ အခုတော့ ဝက်လက်မြို့နယ် အခြေစိုက် ဧရာဝတီမြစ်ကမ်းဘေးက ကျေးရွာတွေ အကုန်လုံးတိမ်ရှောင်နေရပါတယ်။ အဲဒီစစ်သင်္ဘောတွေဟာ ဝက်လက်မြို့နယ်၊ ရှိုမ်းမကားကျေးရွာ အရှေ့ဖက်မြစ်ကမ်းနားကို ရောက်ရှိနေတာဖြစ်ပြီး မန္တလေးဖက်ကို ဦးတည်နေပါတယ်”
လို့ Wetlet Informational Network က တာဝန်ရှိသူ တစ်ဦးက BBM ကို ပြောပါတယ်။ အဲဒီ စစ်သင်္ဘောတွေဟာ ဒီကနေ့ ညနေပိုင်းမှာ မတ္တရာမြို့နယ်၊ ရွှေဘိုးကြီးကျွန်းကျေးရွာအနီးကို ဆက်လက်စုန်ဆင်းသွားတယ်လို့လည်း သိရှိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လက စစ်ကောင်စီဟာ အဲဒီစစ်သင်္ဘောတွေကို တိုက်ပွဲပြင်းထန်နေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်ကူနဲ့ လက်နက်ခဲယမ်းတွေ ပို့ဆောင်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နေ့မှာ မန္တလေးတိုင်းဖက်ကို ဦးတည်ဆင်းလာတာလည်း ဖြစ်ပါတယ်။
ဗန်းမော်ကနေဆင်းလာတဲ့ စစ်သင်္ဘောတွေဟာ စက်တင်ဘာလ ၆ ရက်နေ့ ထီးချိုင့်မြို့နယ်ကို အရောက်မှာတော့ ထီးချိုင့်မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းတွေက မြစ်ကမ်းဘေးကကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် ကျောက်မှော်ကျေးရွာက ဒေသခံအမျိုးသမီး ၁ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
မြစ်ကမ်းဘေးကကျေးရွာတွေကို စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေ အဆက်မပြတ်ပစ်ခတ်နေတာကြောင့် ထီးချိုင့်မြို့နယ်က ကျေးရွာတစ်ချို့မှာလည်း ဘေးလွတ်ရာနေရာတွေကို စစ်ဘေးတိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၇ ရက်နေ့မှာလည်း ထီးချိုင့်မြို့နယ်အတွင်းကို စစ်သင်္ဘောတွေ ဖြတ်သန်းသွားလာစဥ်အတွင်းမှာ ကင်းထောက်လုံခြုံရေးယူထားတဲ့ Y 12 လေယာဥ်တစ်စီးက မြစ်ကမ်းတစ်လျှောက်ကို ဗုံးကြဲချတိုက်ခိုက်မှုကြောင့် မောင်းကုန်း၊ ကျောက်မှော်၊ ဘိုကုန်း၊ ဝဲကြီး စတဲ့ ကျေးရွာတွေက ဒေသခံ ၁၁ ဦး သေဆုံးကာ ဒဏ်ရာရသူအများအပြားရှိခဲ့တယ်လို့လည်း သိရပါတယ်။
ပုံစာ – Wetlet Informational Network