Monday, December 22, 2025
Home » သီတာယုမွန်က သူ့အိမ်ကို မြင်းခြံပြည်သူ့စစ်ဌာနေရုံးလို့ သတ်မှတ်ကာ အချုပ်ခန်းဆောက်ပြီး ဖမ်းဆီးလာတဲ့ ပြည်သူတွေကို ရိုက်နှက်နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းတွေ ပြုလုပ်လျက်ရှိ

သီတာယုမွန်က သူ့အိမ်ကို မြင်းခြံပြည်သူ့စစ်ဌာနေရုံးလို့ သတ်မှတ်ကာ အချုပ်ခန်းဆောက်ပြီး ဖမ်းဆီးလာတဲ့ ပြည်သူတွေကို ရိုက်နှက်နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းတွေ ပြုလုပ်လျက်ရှိ

0 19
19

🟥၅တန်း/၆တန်းကျောင်းသားတွေကိုပါ ဖမ်းဆီးငွေညှစ်နေ

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်အတွင်းက သီတာယုမွန်က သူ့အိမ်ကို မြင်းခြံပြည်သူ့စစ်ဌာနေရုံးလို့ သတ်မှတ်ကာ အချုပ်ခန်းဆောက်ပြီး ဖမ်းဆီးလာတဲ့ ပြည်သူတွေကို ရိုက်နှက်နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းတွေ ပြုလုပ်လျက်ရှိပြီး သူ့လက်အောက်ခံ ပျူစောထီးတွေက ငါးတန်းကျောင်းသား နှစ်ဦးနဲ့ ၆တန်းကျောင်းသား နှစ်ဦးတို့ကို ဖမ်းဆီးငွေညှစ်မှု ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စက်တင်ဘာလ ၇ရက်နေ့က မြင်းခြံမြို့ပေါ် အထက(၃)မှ ကျောင်းသား လေးဦးဟာ မြင်းခြံမြို့မြောက်ဘက်ရှိ ခေါင်းကွဲကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးဂိတ်မှာ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

“ကလေး ၄ယောက်က မီနီအိုးဝေ(သုံးဘီး)နဲ့ မြင်းခြံကနေ အနိမ့်ခေါင်းကွဲဘက်ကို ပြန်လာတာမှာ ခေါင်းကွဲရွာ ပျူဂိတ်မှာ ဖမ်းခံရတာပါ။ မိဘတွေက လိုက်စုံစမ်းတော့ သိန်းငါးဆယ်ပေးရမယ်လို့ တောင်းတယ်။ သုံးဘီးသမားကိုတော့ ပြန်လွှတ်ပေးလိုက်တယ်”

ဟု အမည်မဖော်လိုသူ အနိမ့်ရွာသားတစ်ဦးက BBMကို ပြောပါတယ်။ အဲ့ဒီကလေးတွေနဲ့ပက်သက်ပြီးတော့ နောက်ဆက်တွဲသတင် တွေကို ဆက်လက်စုံစမ်းခဲ့ရာ ကလေးတွေကို မြင်းခြံမြို့ပေါ်ရှိ ပျူစောထီးခေါင်းဆောင်သီတာယုမွန်ဆီကို ပို့လိုက်ပြီးဖြစ်ကြောင်း၊ သီတာယုမွန်နဲ့သာ ရှင်းရန် ပျူစောထီးတွေက ပြောဆိုခဲ့တယ်လို့ နီးစပ်သူတွေထံက သိရပါတယ်။

စစ်ကောင်စီက မြင်းခြံမှ ပျူစောထီးတွေကို ကိုယ့်ဟာကို ဝင်ငွေရှာကြဖို့ ပြောထားသောကြောင့် ဆက်ကြေးကောက်ခံခြင်း၊ ဖမ်းဆီးငွေညှစ်ခြင်း၊ ခြိမ်းခြောက်ငွေတောင်းခြင်းတွေ ဆက်တိုက်ဖြစ်ပွားလျက်ရှိပါတယ်။

“ဒီအခု ကလေးတွေကို ဖမ်းတဲ့ ခေါင်းကွဲ၊ ကံရွာလမ်းခွဲက ပျူဂိတ်က တော်တော်ကို ဒုက္ခပေးပါတယ်။ ၇လပိုင်း ၂၈ရက်နေ့တုန်းကလည်း သီတာယုမွန်ကိုယ်တိုင် ခေါင်းကွဲရွာကို ဆင်းလာပြီး အုပ်ကြီးဆီကနေ ဂိတ်စောင့်နေတဲ့ သူ့ပျူတွေအတွက် စားစရိတ်သိန်းနှစ်ဆယ်တောင်းတာ၊ အုပ်ကြီးမိန်းမက မပေးနိုင်ဘူးပြောလို့ ပါးရိုက်မှုလည်း ဖြစ်ခဲ့ဖူးတယ်”

ဟု ဒေသခံတစ်ဦးက BBMကိုပြောပါတယ်။ စစ်ကောင်စီလက်အောက်ခံ မြင်းခြံပျူစောထီးခေါင်းဆောင် သီတာယုမွန်ဟာ သူ့ရဲ့အိမ်ကို မြင်းခြံပြည်သူ့စစ်ဌာနေရုံးလို့ သတ်မှတ်ကာ အချုပ်ခန်းဆောက်ပြီး ဖမ်းဆီးလာတဲ့ ပြည်သူတွေကို ရိုက်နှက်နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းတွေ ပြုလုပ်လျက်ရှိပါတယ်။

၂၀၂၄ခုနှစ်တစ်နှစ်အတွင်းမှာ သူ့ရဲ့အိမ်အတွင်းမှာ ဖမ်းဆီးထားတဲ့ ပြည်သူ ၁၅ဦးထက်မနည်းကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

အလားတူ စက်တင်ဘာလ ၉ရက်နေ့ကလည်း သဲတောမြို့ပေါ်မှာ ကျောင်းကပြန်လာတဲ့ အဖြူအစိမ်းဝတ်ကျောင်းသားများအား စစ်ကောင်စီက ပေါ်တာဆွဲဖမ်းဆီးပြီး မိဘတွေက တစ်ယောက်ကို သိန်းသုံးဆယ်နှုန်းနဲ့ လိုက်လံရွေးယူခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

Leave a Comment

Latest Post

Latest Post