စစ်ကောင်စီက ပြည်သူသန်း၃၀ကျော်ရဲ့ အင်တာနက်အသုံးပြုမှုကို စောင့်ကြည့်ထောက်လှမ်းဖို့ တရုတ်ကုမ္ပဏီ Geedge Networksရဲ့ အင်တာနက်စောင့်ကြည့်ထောက်လှမ်းရေးပစ္စည်းတွေနဲ့ နည်းပညာတွေကို ပြည်တွင်းဆက်သွယ်ရေး ကုမ္ပဏီ၁၃ခုမှာ တပ်ဆင်အသုံးပြုနေတယ်လို့ Justice For Myanmar(JFM)က ထုတ်ပြန်ထားပြီး သထုံမှာ ပြည်ထဲရေး၀န်ကြီးဌာနလက်အောက်ရှိ နည်းပညာသမားတွေကို Hackနည်း သင်တန်းတွေပေးနေတယ်လို့ BBMကစုံစမ်းသိရှိရပါတယ်။
“ပြည်ထဲရေးအောက်မှာ စက်မှုလက်မှုနည်းပညာသမားတွေရှိတယ်။ သူတို့ကိုဟက်ကာပညာရှင်တွေကနေတစ်ဆင့် ဖုန်းဟက်နည်းသင်ခိုင်းတာ။ သင်တန်းတွေအတင်းတက်ခိုင်းပြီး ဖုန်းတိုင်းကိုဟက်ခိုင်းတာ”
လို့ နီးစပ်တဲ့အသိုင်းအဝိုင်းက BBMကိုပြောပါတယ်။ ဒါ့အပြင်
“သထုံက သင်တန်း တွေမှာဆိုရင် တစ်ခါသင်တန်းပို့ချရင်အမျိုးသမီ ၅၀ ကနေ ၆၀အထိပါတယ်”
လို့ သူကဆက်ပြောပါတယ်။ Jistice for Myanmar ရဲ့ နောက်ဆက်တွဲ ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံရဲ့ အင်တာနက်ထိန်းချုပ်ရေးမဟာရံစနစ် (Great Firewall) နဲ့ အလားသဏ္ဍန်တူတဲ့ ဘက်စုံစောင့်ကြည့်ထောက်လှမ်းရေးနဲ့ ဆင်ဆာစနစ်ကို တရုတ်ကုမ္ပဏီ Geedge Networks ကပင် မြန်မာအပါအဝင် ကမ္ဘာတဝန်းမှ အာဏာရှင်အစိုးရတွေဆီ ရောင်းချနေတယ်လို့ InterSecLab အဖွဲ့ရဲ့ အစီရင်ခံစာကို အခြေခံပြီး ဆက်လက်ထုတ်ပြန်ခဲ့ပါတယ်။
လျို့ဝှက်ပေါက်ကြားလာတဲ့ ကုမ္ပဏီရဲ့ စာရွက်စာတမ်း ၁၀၀,၀၀၀ ကျော်ပါ အချက်အလက် တွေအပေါ် အခြေခံပြီး တရုတ်ကုမ္ပဏီ Geedge Network ဟာ မြန်မာ၊ အီသီယိုပီးယား၊ ပါကစ္စတန်၊ ကာဇတ်စတန် အပါအဝင် အာဏာရှင်နိုင်ငံအများအပြားကို စွမ်းဆောင်ရည်မြင့် ထောက်လှမ်းရေးနည်းပညာနဲ့ စက်ပစ္စည်းတွေကို တပ်ဆင်ရောင်းချပေးနေတယ်လို့ InterSecLab က ဖော်ထုတ်ထားပါတယ်။
Geedge Networksရဲ့ အဓိကထုတ်ကုန်တစ်ခုဖြစ်တဲ့ Tiangou Secure Gateway (TSG)ဟာ တရုတ်နိုင်ငံရဲ့ Great Firewallလိုပဲ စွမ်းဆောင်နိုင်တယ်လို့ JFM ကထုတ်ပြန်ချက်သတိပေးထားပါတယ်။
Geedge Network က မြန်မာနိုင်ငံအပါအဝင် အာဏာရှင်နိုင်ငံတွေကို ပေးအပ်ရောင်းချထားတဲ့ စက်နဲ့ နည်းပညာတွေမှာ
၁။ အင်တာနက်အသုံးပြုသူတွေရဲ့ လှုပ်ရှားမှုတွေကို ကြားဖြတ်ကြည့်ရှုခြင်းနဲ့ ကြိုးကိုင်ခြယ်လှယ်ခြင်းတွေအတွက် အသေးစိတ်စစ်ဆေးခြင်း
၂။ မိုဘိုင်းဖုန်းအသုံးပြုသူတွေရဲ့ တည်နေရာကို အချိန်နဲ့အမျှ ခြေရာခံခြင်း
၃။ ဆန္ဒပြပွဲတွေနဲ့ အခမ်းအနားတွေ လုပ်ဆောင်နေချိန်အတွင်း အင်တာနက်သုံးစွဲမှုတွေကို ဆန်းစစ်ခြင်း
၄။ သုံးစွဲသူတွေရဲ့ လှုပ်ရှားမှုပုံစံတွေမှာ “သံသယဖြစ်ဖွယ်” တွေ့ရှိပါက အလိုအလျောက် အချက်ပြခြင်း
၅။ ဝဘ်ဆိုဒ်တွေရဲ့ အပ်ပလီကေးရှင်းတွေကို စိတ်ကြိုက်လိုသလို ပိတ်ပင်ခြင်း
၆။ ပိတ်ပင်လိုတဲ့ ဝန်ဆောင်မှုတွေကို သုံးစွဲမှု ထိန်းချုပ်/ ပိတ်ပင်ခြင်း
၇။ ကိုယ်ပိုင်ကွန်ရက်တု (VPN) သုံးစွဲသူတွေ အပါအဝင် သုံးစွဲသူတစ်ဦးချင်စီကို ဖော်ထုတ်ခြင်းနဲ့ ခြေရာခံခြင်း
၈။ အွန်လိုင်းသုံးစွဲမှုအမူအကျင့်တွေအပေါ် အခြေခံပြီးတော့ အဆင့်အတန်း အမှတ်ပေးထောက်လှမ်းခြင်း
၉။ အန္တရာယ်ပြုဆော့ဝဲလ်တွေကို ထိုးဖောက်ထည့်သွင်းနိုင်ခြင်း
စတဲ့ သတိထားရမယ့် အချက်အလက်တွေပါ၀င်နေပြီး စစ်ကောင်စီကလက်တွေ့မှာ အကောင်အထည်ဖော်လာနေတာပဲဖြစ်ပါတယ်။
ဖော်ပြပါ အချက်တွေကြောင့် အင်တာနက်ထိန်းချုပ်ရေးနဲ့ ဖိနှိပ်ရေးဆိုင်ရာ နည်းပညာတွေကို အာဏာရှင်အစိုးရတွေကြား မျှဝေအသုံးပြုမှု နည်းပညာဂေဟစနစ် ကျယ်ပြန့်လာမှာပဲဖြစ်ပါတယ်။
ပုံ-Justice For Myanmar
#BBM#News#UpdateNews#Junta#Firewall