Monday, December 22, 2025
Home » ကျောက်တော်မြို့၊ သရက်တပင် စာသင်ကျောင်းဗုံးကြဲခံရမှု သေဆုံးသူ ၂၂ ဦး နဲ့ ဒဏ်ရာရရှိသူ ၂၆ ဦး အထိ ရှိလာနေ

ကျောက်တော်မြို့၊ သရက်တပင် စာသင်ကျောင်းဗုံးကြဲခံရမှု သေဆုံးသူ ၂၂ ဦး နဲ့ ဒဏ်ရာရရှိသူ ၂၆ ဦး အထိ ရှိလာနေ

0 22
22

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာရှိ ပညာပန်းခင်း ကိုယ်ပိုင်အထက်တန်းစာသင်ကျောင်းကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချတိုက်ခိုက်မှုကြောင့် ကျောင်းသား၊သူ အပါအဝင် အရပ်ပြည်သူ ၂၂ ဦး သေဆုံးကာ ၂၆ ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

ဒီကနေ့ စက်တင်ဘာလ ၁၂ ရက်နေ့၊ နံနက် ၁ နာရီ ၅ မိနစ်ခန့်မှာ စစ်ကောင်စီတပ်က ကျောက်တော်မြို့နယ်၊ သရက်တပြင်ကျေးရွာရှိ ပညာပန်းခင်းကိုယ်ပိုင်အထက်တန်းကျောင်းနဲ့ အနီးဝန်းကျင်ကို ဗုံးကြဲချတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီတပ်က ဗုံးကြဲချခဲ့တဲ့ နေရာအတွင်းမှာပဲ ပွဲချင်းပြီးသေဆုံးသူ ၁၈ ဦးအထိရှိခဲ့ပြီး နောက်ထပ် ဒဏ်ရာပြင်းထန်တဲ့သူတွေအထဲက သေဆုံးမှုတွေရှိလာနေကာ စာသင်ကျောင်းနဲ့ အနီးအနားရှိ နေအိမ်တွေမှာလည်း ပျက်စီးမှုတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ဂျက်ဖိုက်တာ လာတာက ညည့် ၁ နာရီလောက်က လာတာပါ။ ဂျက်လာတဲ့အသံကိုကြားတဲ့ ၆ စက္ကန့်လောက်မှာပဲ ဝုန်းခနဲဆိုပြီးတော့ ဗုံးကြဲချခဲ့တာပါ။ နောက်ပြီး ဂျက်ဖိုက်တာက ၁၀ မိနစ်လောက် ပတ်ပြီးဝဲခဲသေးပါတယ်။ ဒီဖြစ်စဥ်အတွင်းမှာ အနီးအနားက ဒေသခံအရပ်သားအပါအဝင် ဘောဒါဆောင်က ကျောင်းသား၊သူတွေ သေဆုံးတာ ထိခိုက်ဒဏ်ရာရရှိတာရှိပါတယ်။ နောက်ပြီး ဘောဒါဆောင်အနီးအနားက နေအိမ်တစ်ချို့လည်း ထိခိုက်ပျက်စီးသွားပါတယ်”

လို့ ကျောက်တော်မြို့နယ် ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီ ဗုံးကြဲချမှုကြောင့် ပညာပန်းခင်းကိုယ်ပိုင်အထက်တန်းကျောင်းက သေဆုံးသွားတဲ့ ကျောင်းသူ၊ သားငယ်တွေကို မိမိကျေးရွာအတွင်းမှာ သဂြိုလ်ဖို့အတွက် ယူဆောင်သွားသလို သရက်တပင်ကျေးရွာမှာလည်း သေဆုံးသွားတဲ့သူတွေကို သဂြိုလ်ဖို့အတွက် သက်ဆိုင်ရာအဖွဲ့တွေက ပြုလုပ်နေတယ်လို့ သိရပါတယ်။

အခုလို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အရပ်ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာက ဒေသခံတစ်ချို့မှာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

” ဒီကနေ ညည့်အချိန်မှာ စစ်ကောင်စီတပ်က ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့ပါတယ်။ ဗုံးကြဲချခဲ့တာဟာ သရက်တပင်ကျေးရွာထဲမှာရှိတဲ့ ဘောဒါဆောင်တစ်ခုကို ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ ဘောဒါဆောင်ထဲက ကျောင်းသူ၊ သား ၂၂ ယောက်သေဆုံးသွားပါတယ်။ ၂၆ ယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အခုလက်ရှိမှာဆိုရင် သေဆုံးသွားတဲ့သူတွေကို သဂြိုလ်ဖို့အတွက် မိမိရဲ့ရပ်ရွာတွေကို ယူဆောင်သွားတာရှိပါတယ်။ အဲဒီရွာမှာလည်း မိသားစုဝင်တွေက သဂြိုလ်ဖို့ ပြုလုပ်နေပါတယ်။ ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေကိုလည်း နီးစပ်ရာဆေးရုံဆေးခန်းတွေမှာ ဆေးကုသမှုခံယူဖို့အတွက် ပို့ဆောင်ထားပါတယ်။ ဗုံးကြဲချခဲ့တဲ့ကျေးရွာက ဒေသခံတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်သွားကြပါတယ် ”

လို့ ကျောက်တော်မြို့ ဒေသခံအမျိုးသား တစ်ဦးက ပြောပါတယ်။ ဗုံးကြဲချမှုဖြစ်စဥ်အတွင်းမှာ ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေကို ဆေးကုသမှုခံယူဖို့အတွက် နီးစပ်ရာဆေးရုံ၊ ဆေးခန်းတွေကို သက်ဆိုင်ရာအဖွဲ့တွေက ပို့ဆောင်ထားပြီး အဲဒီအထဲမှာလည်း ဒဏ်ရာပြင်းထန်တဲ့သူတွေ များစွာရှိနေသေးတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့ကလည်း စစ်ကောင်စီဟာ ကျောက်တော်မြို့နယ်က ဇီချောင်းဆည်အနီးတဝိုက်နဲ့ သစ်တစ်ပုံ၊ လက်ပံကျေးရွာအနီးတဝိုက်ကိုလည်း ဂျက်ဖိုက်တာနဲ့ အတွဲလိုက်ဗုံး ၂ ကြိမ် လာရောက်ကြဲချခဲ့တယ်လို့ သိရပါတယ်။

အလားတူ ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့၊ ညနေ ၁၁ နာရီခွဲအချိန်မှာ စစ်ကောင်စီတပ်က အလှူလုပ်ရန်ပြင်ဆင်နေတဲ့ မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်ကနေအိမ်တစ်ချို့ကို ဂျက်ဖိုက်တာနဲ့ ပေါင် (၅၀၀)ဗုံး နှစ်လုံးကြဲချခဲ့ပြီး အဲဒီနေ့မှာပဲ ကလေးငယ် ၅ ဦး အပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ (၁၂)ဦး သေဆုံးသွားခဲ့ပြီး ၂ဝ ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ AA ပြောခွင့်ရသူ ဦးခိုင်သုခက ပြောပါတယ်။

အဆိုပါ မြောက်ဦးမြို့ ဗုံးကြဲခံရမှုဖြစ်စဥ်အတွင်း ထိခိုက်ဒဏ်ရာရရှိသူတွေအထဲက ၃ ဦးမှာ ထပ်မံသေဆုံးသွားကာ လက်ရှိမှာ သေဆုံးသူဦးရေ စုစုပေါင်း ၁၅ ဦးအထိ ရှိလာနေတယ်လို့လည်း သိရပါတယ်။

Leave a Comment

Latest Post

Latest Post