စစ်ရှုံးနေမှုကိုလက်မခံနိုင်ဘဲ သူရဲဘောကြောင်စွာ လေကြောင်းတိုက်ခိုက်ခြင်းဖြစ်ဟု AAဆို
စစ်ရှုံးစစ်ကောင်စီဟာ စစ်ရေးနဲ့မသက်ဆိုင်တဲ့နေရာတွေကို အခုရက်ပိုင်းအတွင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုပြုလုပ်လာနေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ လေကြောင်းရန်ကို အရင်ကထက် ပိုမိုသတိထားကြဖို့နဲ့ နိုးနိုးကြားကြား သတိအပြည့်ရှိကြဖို့ လိုအပ်တယ်လို့ အာရက္ခတပ်တော် AA က တိုက်တွန်းလိုက်ပါတယ်။
လက်ရှိမှာ စစ်ကောင်စီဟာ အပြစ်မဲ့အရပ်သားပြည်သူတွေ နေထိုင်တဲ့ မြို့ရွာတွေ၊ ဆေရုံဆေးခန်းတွေ၊ စာသင်ကျောင်းတွေ၊ လူနေထူထပ်တဲ့နေရာတွေနဲ့ လူစုလူဝေးဖြစ်နေတဲ့နေရာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ အရင်ကထက်ပိုမို ပြုလုပ်လာနေတာလည်းဖြစ်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီဟာ ရခိုင်ပြည်အတွင်းသာမက မြန်မာနိုင်ငံအနှံ့အပြားမှာ စစ်ရှုံးနေတဲ့နယ်မြေတွေကို သူရဲဘောကြောင်ပြီး ဂုဏ်သိက္ခာမဲ့စွာ လက်တုံ့ပြန်တဲ့အနေနဲ့ စစ်ရေးပစ်မှတ်တွေထက် အရပ်သားပစ်မှတ်တွေကို အငြိုးကြီးစွာနဲ့ လူမျိုးရေးအမုန်းတရားတွေကို အခြေခံပြီးတော့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်တာတွေ အဆက်မပြတ်လုပ်ဆောင်နေတယ်လို့ အာရက္ခတပ်တော် AA က ဒီကနေ့ စက်တင်ဘာလ ၁၃ ရက်နေ့ ညည့်အချိန်မှာ ထုတ်ပြန်ထားပါတယ်။
မနေ့က စက်တင်ဘာလ ၁၂ ရက်၊ မနက် ၁ နာရီကျော်အချိန်မှာ အကြမ်းဖက်စစ်ကောင်စီဟာ ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာကို ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့ပါတယ်။
အဆိုပါ ဗုံးတွေဟာ သရက်တပင်ကျေးရွာရှိ ပညာပန်းခင်း ကိုယ်ပိုင်အထက်တန်းကျောင်းနဲ့ အမြင်သစ်ကိုယ်ပိုင်အထက်တန်းကျောင်းတွေကို ကျရောက်ပေါက်ကွဲခဲ့ပြီး အဆိုပါစာသင်ကျောင်းတွေမှာ ပညာသင်ယူနေကြတဲ့ ကျောင်းသား၊ သူ ၁၉ ဦးတို့မှာ ရှေ့ဆင့်နောက်ဆင့် သေဆုံးခဲ့ရပြီး အခြားကျောင်းသား၊ သူ ၂၂ ဦးတို့မှာလည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကာ စာသင်ကျောင်းအပါအဝင် အနီးအနားရှိ နေအိမ်အဆောက်အအုံ ၇ ဆောင်မှာလည်း လုံးဝပျက်စီးခဲ့ရပါတယ်လို့ AA က ဆိုထားပါတယ်။
ဗုံးကြဲခံရမှုအတွင်း သေဆုံးသွားရတဲ့ ကျောင်းသား၊ သူတွေမှာ Grade 10၊ Grade 11၊ Grade 12 တက်နေကြတဲ့ အသက် ၁၆နှစ်၊ ၁၇နှစ်၊ ၁၈နှစ် ကျောင်းသား၊ သူတွေ အများဆုံးဖြစ်တယ်လို့ AA ပြောခွင့်ရသူ ဦးခိုင်သုခ ကပြောပါတယ်။
“စက်တင်ဘာလ ၁၂ ရက်၊ မနက် ၁ နာရီ ၅ မိနစ်အချိန်မှာ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီဖြစ်စဥ်မှာ သရက်တပြင်ရွာက ပညာပန်းခင်းကိုယ်ပိုင်အထက်တန်းကျောင်းနဲ့ အမြင်သစ်ကိုယ်ပိုင်အထက်တန်းကျောင်းတွေကို ကျရောက်ထိမှန်ပေါက်ကွဲခဲ့တာရှိပါတယ်။ အဲဒီမှာကျောင်းသား၊ သူတွေနဲ့ အနီးအနားက လူတွေအားလုံးပေါင်း ၁၈ ယောက် သေဆုံးပြီးတော့ ၂၀ ကျော် ဒဏ်ရာရရှိတာရှိပါတယ်။ တစ်ချို့ဒဏ်ရာပြင်းထန်တဲ့ သူတွေလည်းရှိပါတယ်။ သေဆုံး၊ ဒဏ်ရာရရှိသူအများစုကတော့ ဆယ့်တန်း၊ ဆယ်တစ်တန်း၊ ဆယ်နှစ်တန်းတက်နေကြတဲ့ အသက် ၁၇၊ ၁၈ နှစ် လူငယ်တွေအများစု ဖြစ်ပါတယ် ”
လို့ အာရက္ခတပ်တော် AA ပြောခွင့်ရသူ ဦးခိုင်သုခက မနေ့က စက်တင်ဘာလ ၁၂ ရက်နေ့မှာ BBM ကို ပြောပါတယ်။ လက်ရှိ ဗုံးကြဲမှုဖြစ်စဥ်အတွင်းမှာ စက်တင်ဘာလ ၁၃ ရက်နေ့ ညအချိန်အထိ သေဆုံးသူ ၁၉ ဦးအထိရှိလာနေပြီး ထိခိုက်ဒဏ်ရာရရှိတဲ့သူ ၂၂ ဦးအထိရှိလာနေကာ သေဆုံးသူအကုန်လုံးဟာ ကျောင်းသား၊ သူတွေဖြစ်ကြတယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
သေဆုံးသူ ၁၉ ဦးကို အာရက္ခတပ်တော် AA က ဓာတ်ပုံ၊ နာမည်၊ အသက်၊ အတန်းနဲ့ နေရပ်လိပ်စာတွေကိုပါ ထုတ်ပြန်ထားပြီး ကျောက်တော်မြို့နယ်၊ ပေါက်တောပလောင်ကျေးရွာက (၂) ဦး၊ သရက်တပင်ရွာသစ်ကျေးရွာက (၁) ဦး၊ အထက်ယွန်းချောင်းကျေးရွာက (၃) ဦး၊ ညောင်ချောင်းကျေးရွာက (၁) ဦး၊ မင်းသားတောင်ကျေးရွာက (၅) ဦး၊ လိပ်မကျေးရွာက (၁) ဦး၊ ကြာညိုပြင်ကျေးရွာက (၁) ဦး၊ စဖိုသားကျေးရွာက (၁) ဦး၊ စေတီတောင်ရွာသစ်ကျေးရွာက (၁) ဦး၊ မြောက်ဦးမြို့နယ်၊ ကျီရာပြင်ကျေးရွာက (၁) ဦး၊ ပေါက်တောမြို့နယ်၊ မနော်သီရိကျေးရွာက (၁) ဦးနဲ့ မောင်တောမြို့နယ်၊ ဆတာကျေးရွာက (၁) ဦးတို့ဖြစ်ကြပါတယ်။
ထိခိုက်ဒဏ်ရာရှိသူတွေမှာ ကျောက်တော်မြို့နယ်၊ အုတ်ကြွပ်၊ ရွာမပြင်၊ သရက်တပင်၊ မင်းသားတောင်နဲ့ လိပ်မကျေးရွာတွေက အများဆုံဖြစ်ပြီး မြေပုံမြို့နယ်၊ ကိုရင်ပြင်ကျေးရွာနဲ့ စစ်တွေမြို့နယ်၊ ရွှေပြည်သာရပ်ကွက်တွေ (၁) ဦး စုစုပေါင်း (၂၂) ဦးတို့မှာ ထိခိုက်ဒဏ်ရာရရှိခဲ့တာလည်း ဖြစ်ပါတယ်။
အကြမ်းဖက် စစ်ကောင်စီဟာ အခုလို အပြစ်မရှိဘဲ ကျောင်းသား၊ သူတွေ နေထိုင်တဲ့နေရာတွေကို လာရောက်ဗုံးကြဲချတိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှုတွေကို ပြောင်းပြောင်းတင်းတင်း ကျူးလွန်နေသလို ဂျီနီဗာကွန်ဗန်းရှင်းကိုလည်း ချိုးဖောက်တာဖြစ်တယ်လို့ AA ပြောခွင့်ရသူ ဦးခိုင်သုခက ဆက်ပြောပါတယ်။
“အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီဟာ စစ်မြေပြင်မှာ သူတို့ရဲ့ရှုံးနိမ့်မှုတွေကို ဝန်ခံရမယ့်အစား သူရဲဘောင်ကြောင် အောက်တန်းကျပြီးတော့ စစ်သားမပီသစွာနဲ့ အပြစ်မရှိတဲ့ ကျောင်းသား၊ သူ လူငယ်တွေကို လာရောက်ဗုံးကြဲတိုက်ခိုက်နေတာဟာ စစ်ရာဇဝတ်မှုတွေကို ပြောင်းပြောင်းတင်းတင်း ကျူးလွန်တာဖြစ်သလို ဂျီနီဗာကွန်ဗန်းရှင်းကိုလည်း ချိုးဖောက်တာဖြစ်ပါတယ်။ ဒါကြောင့်မလို ဒီစစ်ရာဇဝတ်မှုတွေအတွက် သူတို့အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီက တာဝန်ယူမှု တာဝန်ခံမှုရှိစေရမှာ ဖြစ်ပါတယ်”
AA ပြောခွင့်ရသူ ဦးခိုင်သုခက ဆက်ပြောပါတယ်။ စစ်ကောင်စီဟာ အခုနှစ် ၂၀၂၅ ခုနှစ်အတွင်းမှာ ရခိုပြည်ကို လေကြောင်းတိုက်ခိုက်မှု အများအပြားလုပ်ဆောင်ခဲ့ပြီး ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်၊ ညနေ ၁၁ နာရီခွဲအချိန်မှာလည်း အလှူပြုလုပ်ရန်ပြင်ဆင်နေတဲ့ မြောက်ဦးမြို့၊ ဒိုင်ကျီရပ်ကွက်က လူနေအိမ်တွေကို ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချတိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သား (၁၅) ဦး သေဆုံးခဲ့ရပြီး၊ ဒဏ်ရာရှိသူ (၁၇) ဦးအထိရှိခဲ့ကာ လူနေအိမ် (၈) လုံးမှာလည်း ပျက်စီးသွားခဲ့ရပါတယ်။
အလားတူ မေလ ၁၄ ရက်နဲ့ ၁၅ ရက်အတွင်းမှာလည်း စစ်ကောင်စီဟာ ကျောက်တော်မြို့၊ ရွာမရပ်ကွက်ကို ဂျက်ဖိုက်တာနဲ့ နှစ်ရက်ဆက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၈) ဦး သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူ (၁၄) ဦးအထိ ရှိခဲ့ပါတယ်။
ဒါ့အပြင် မေလ ၁၃ ရက်နေ့၊ နံနက် ၁၀ နာရီကျော်အချိန်မှာလည်း အကြမ်းဖက်စစ်ကောင်စီဟာ ရသေ့တောင်မြို့နယ်၊ ထွန်းရဝေကျေးရွာဟောင်းကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် အရပ်သား (၁၂) ဦး အထိသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ (၂၃) ဦးနဲ့ နေအိမ် (၃၁) လုံးအထိ ပျက်စီးခဲ့ရပါတယ်။
အခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့ ညနေပိုင်းမှာလည်း မြောက်ဦးမြို့နယ်၊ ရမ်းချောင်းကျေးရွာအနီးတဝိုက်ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အဲဒီနေရာအနီးဝန်းကျင်မှာ အာရက္ခတပ်တော် AA က ထိန်းသိမ်းထားတဲ့ စစ်ကောင်စီရဲ့ စစ်သုံ့ပန်းမိသားစုဝင်တွေအထဲက ကလေးငယ်နဲ့ အမျိုးသမီးစုစုပေါင်း (၂၈) ဦးသေဆုံးကာ (၂၅) ဦးမှာ ထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။
ဇန်နဝါရီလ ၈ ရက်နေ့၊ နေလယ် ၁ နာရီကျော်အချိန်မှာလည်း ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား သေဆုံးသူ (၂၆) ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ (၁၂) ဦး၊ လူနေအိမ်စုစုပေါင်း ၃၉၈ လုံးအထိ ပျက်စီးသွားခဲ့ရတယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ အခုလုပ်ရပ်တွေကို နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ လက်ပိုက်မကြည့်နေဘဲ ထိရောက်တဲ့အရေးယူဖို့တွေ လုပ်ဆောင်ပေးဖို့ လိုအပ်တယ်လို့လည်း အာရက္ခတပ်တော် AA က ပြောဆိုထားပါတယ်။
အာရက္ခတပ်တော် AA ကလည်း စစ်ကောင်စီရဲ့ အခုလိုအကြမ်းဖက်လုပ်ရပ်တွေ၊ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တဲ အချက်အလက်တွေကို သက်ဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်းတွေကို ပေးပို့သွားမှာဖြစ်ပြီး ပြစ်မှုကျူးလွန်သူ၊ ကျူးလွန်ဖို့အတွက် စေခိုင်းသူနဲ့ ပါဝင်ပတ်သတ်သူတွေကိုလည်း ပြင်းထန်စွာ လက်တုန့်ပြန်သွားမယ်လို့ AA က ပြောဆိုထားပါတယ်။