Monday, December 22, 2025
Home » ပုပ္ပားဘိုးတော်ထွက်ပွဲမှ ပြန်လာတဲ့ လူငယ်(၂)ဦးကို ပေါ်တာဆွဲပြီး ခလရ(၇၈)တပ်တွင်းကိုပို့ဆောင်

ပုပ္ပားဘိုးတော်ထွက်ပွဲမှ ပြန်လာတဲ့ လူငယ်(၂)ဦးကို ပေါ်တာဆွဲပြီး ခလရ(၇၈)တပ်တွင်းကိုပို့ဆောင်

0 12
12

🟥 ပေါ်တာဆွဲခံရတဲ့လူငယ်တွေကို သိန်း ၃၀ ကျော်ပိုက်ဆံပေးပြီး ပြန်ရွေးရ

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ ပုပ္ပားတောင်ကလပ်မှာပြုလုပ်တဲ့ ပုပ္ပားဘိုးတော် ထွက်ပွဲကိုလာတဲ့ လူငယ်(၂)ဦးကို စစ်ကောင်စီမှ ပေါ်တာဆွဲပြီး ခလရ(၇၈)တပ်တွင်းကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ရက်နေ့က ပုပ္ပားတောင်ကလပ်မှာ ပြုလုပ်တဲ့ ဘိုးတော်ထွက်ပွဲအခမ်းအနားအတွင်း ပွဲကိုလာရောက်တဲ့ ဒေသခံလူငယ်(၂)ဦးမှ အိမ်သာခဏသွားစဥ် စစ်ကောင်စီတပ်သားတွေက သေနတ်ထောက်ကာဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါလူငယ်(၂)ဦးဟာ ပုပ္ပားဒေသအနီးတစ်ဝိုက်မှပင်ဖြစ်ပြီး ပုံမှန်ကျင်းပတဲ့ ပုပ္ပားရိုးရာ ဘိုးတော်ထွက်ပွဲကို နှစ်စဥ်လာနေကျပေမဲ့ ဒီနှစ်မှသာ အခုလိုပေါ်တာဆွဲတာမျိုးခံရတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင်အဆိုပါလူငယ်နှစ်ဦးကို ဖမ်းခါစက ခေတ္တခဏသာထိန်းသိမ်းခြင်းဖြစ်တယ်ဟု ပြောဆိုပြီး ခလရ(၇၈)တပ်တွင်းကို ခေါ်ဆောင်သွားပေမဲ့ တပ်တွင်းကိုရောက်တဲ့အချိန်မှာတော့ စစ်မှုထမ်းနဲ့ထောင်ဒဏ် (၂)ခုကို ရွေးချယ်ခိုင်းခဲ့တယ်လို့လည်း သိရပါတယ်။

“ကျွန်တော်တို့ရွာနားက(၂)ယောက် ဖမ်းခံရတာပါ၊ ဘိုးတော်ထွက်ပွဲမှာ Tioletခဏသွားတာ သေနတ်ထောက်ပြီး ခေါ်သွားတာ၊ ခလရ(၇၈)ထဲဟုတ်တယ်၊ ဟိုရောက်တော့ စစ်မှုထမ်းနဲ့ထောင်ဒဏ်ကြိုက်တာရွေးဆိုပြီးပြောတယ်တဲ့”

ဟု ပုပ္ပားဒေသခံပြည်သူတစ်ဦးမှ BBM ကိုပြောပါတယ်။ အဆိုပါ ခလရ(၇၈)တပ်ကို ဒေသခံပြည်သူတွေအနေနဲ့ အနော်ရထာတပ်လို့ အလွယ်ခေါ်ကြပြီး ကျောက်ပန်းတောင်း-မြင်းခြံကားလမ်းအနီးမှာတည်ရှိတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ခလရ(၇၈)တပ်တွင်းထဲ ဘိုးတော်ထွက်ပွဲအတွင်းမှ ပေါ်တာဆွဲခံရတဲ့ လူငယ်(၂)မျိုးအပြင် အကြောင်းအမျိုးမျိုးနဲ့ပေါ်တာဆွဲစုဆောင်းခံထားရတဲ့ လူငယ်အချို့လည်း ရှိနေတယ်လို့ သိရပါတယ်။

ပုပ္ပားဘိုးတော်ထွက်ပွဲအတွင်း ပေါ်တာဆွဲခံရတဲ့လူငယ်(၂)ဦးထဲကမှ တစ်ဦးကို ၎င်းရဲ့မိသားစုက သိသိချင်း ခမရ(၇၈)တပ်တွင်းထဲမှ ပိုက်ဆံ(၃၅) သိန်းကျပ်ဖြင့် ပြန်ရွေးခဲ့ရပြီး အခြားတစ်

ယောက်ကိုတော့ မိသားစုက ၂ရက်အကြာလောက်မှသာ သိတာကြောင့် မင်းဘူးအထိ ပိုက်ဆံ(၅၁)သိန်းဖြင့် သွားရွေးခဲ့ရတယ်လို့လည်း အဆိုပါဒေသခံမှ ဆက်ပြောပါတယ်။

“2ယောက်ကို တစ်ယောက်က မိမိချင်းရွေးတာ ည၇နာရီကျော်မှာလွတ်လာတယ်၊ 35သိန်းပေးရတယ်ဗျ၊ နောက်တစ်ယောက်က 51သိန်းနဲ့ပြန်ရွေးလာတာဗျ၊ သူကျ မင်းဘူးကျော်ပီးမှကျောက်ပန်းတောင်းကိုပြန်ခေါ်လာရတာ၊ ဘယ်တပ်ကိုသွားပို့တာလဲတော့မသိဘူး၊ “

အဆိုပါဖြစ်စဥ်တွေသာမက ပုပ္ပားနယ်အတွင်းမှာ စက်တင်ဘာလ ပထမအပတ်အတွင်းကလဲ ကျောက်ပန်းတောင်းမှ ပုပ္ပားကိုသွားမဲ့ ခရီးသည်တင်ကားပေါ်က ဒေသခံလူငယ်(၂)ဦးကို စစ်တပ်က ပေါ်တာဆွဲခဲ့သေးတာကြောင့် ပိုက်ဆံနဲ့ပြန်ရွေးခဲ့ရတဲ့ ဖြစ်စဥ်တွေ ရှိခဲ့တယ်လို့လည်း ဒေသခံတွေထံမှ သိရပါတယ်။

စစ်ကောင်စီအနေနဲ့ စစ်မှုထမ်းအပတ်စဥ်(၁၇)သင်တန်းကိုမကြာခင်မှာဖွင့်လှစ်တော့မှာဖြစ်ပြီး အဆိုပါသင်တန်းမစတင်မှီမှာပါ ပုပ္ပား၊ကျောက်ပန်းတောင်းဒေသတွေမှာသာမက အခြား၎င်းတို့ကြီးစိုးရာဒေသတွေမှာပါ ပေါ်တာဆွဲစုဆောင်းတာတွေပိုမိုပြုလုပ်တာတွေရှိနေတယ်လို့လည်း သိရပါတယ်။

Photo-ပုံဟောင်း

Leave a Comment

Latest Post

Latest Post