Tuesday, September 16, 2025
Home » ခလရ(၂၃၆)တပ်ရင်းနေရာအချို့ကို ခေတ္တလက်လွှတ်

ခလရ(၂၃၆)တပ်ရင်းနေရာအချို့ကို ခေတ္တလက်လွှတ်

0 1
1

🟥စစ်တပ်က သံချပ်ကာတပ်ရင်းမှတဆင့် ဗန်းမော်ခလရ(၄၇)တစ်ဝိုက်ထိ ဆက်သွယ်ရေးလမ်းဖောက်ရန်ပြင်ဆင်နေ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး KIA ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတွေဘက်မှ ဗန်းမော်မြို့တွင်းရှိ သိမ်းပိုက်ထားတဲ့ သံချပ်ကာတပ်ရင်းအပါ နေရာအချို့ကို ခေတ္တလက်လွှတ်လိုက်ရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ(၁၂)ရက်နေ့က ဗန်းမော်မြို့တွင်းကတော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထားတဲ့ အမှတ်(၅၀၁၄)တင့်ကားတပ်ရင်းနဲ့ ခလရ(၂၃၆)တပ်ရင်းနေရာအချို့ကို စစ်တပ်မှပြန်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ၎င်းတို့ လက်အောက်ခံ သတင်းမီဒီယာတွေမှ တဆင့်ကြေငြာခဲ့သလို တော်လှန်ရေးတပ်ဖွဲ့တွေဘက်မှလည်း အတည်ပြုပြောကြားခဲ့ပါတယ်။

“ဟုတ်ကဲ့ပါ တိုက်ပွဲကတော့ နေ့တိုင်းပြင်းထန်ပါတယ်၊ သံချပ်ကာနဲ့ ခလရ(၂၃၆)ဘက်တွေကိုတော့ ကျွန်တော်တို့ဘက်က နောက်ဆုတ်ပေးထားရတာတွေရှိပါတယ်”ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးမှ BBM ကိုပြောပါတယ်။

ဗန်းမော်မြို့တိုက်ပွဲကို KIAဦးဆောင်တဲ့တော်လှန်ရေးအင်အားစုတွေက ၂၀၂၄ခုနှစ် ဒီဇင်ဘာလက စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ရင်းအတော်များများအပါအဝင် ဗန်းမော်လေယာဥ်ကွင်းတို့ကိုပါတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အဲ့ဒီနောက် စစ်ကောင်စီဘက်မှ ပြီးခဲ့တဲ့ သြဂုတ်လမှစတင်ကာ မန္တလေးမြို့ဂေါဝိန်ဆိပ်ကမ်းမှတဆင့် ဗန်းမော်ကို စစ်သင်္ဘောများဖြင့် လူ၊လက်နက်အင်အားများ ဖြည့်တင်းပြီးတဲ့နောက် တော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ရာနေရာကို ပြန်လည် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်တပ်အနေနဲ့ ၎င်းတို့ပြန်လည်သိမ်းပိုက်နိုင်ခဲ့တဲ့ တပ်ရင်းတွေမှတဆင့် ခလရ(၄၇)နယ်မြေတွေအထိ ဆက်သွယ်ရေးလမ်းဖောက်ရန် ဆောင်ရွက်နေတာတွေလည်း ရှိနေတယ်လို့ ၎င်းသတင်းရင်းမြစ်မှ ဆက်ပြောပါတယ်။

“သူတို့ကအခု သံချပ်ကာတပ်ရင်းကနေ ဟိုးဘက် ခလရ(၄၇)၊ ဆေးတပ်၊ထောက်ပို့တပ် အဲ့ဘက်မှာ လမ်းဖောက်ဖို့လုပ်နေတယ်”

ဗန်းမော်မြို့ဟာ ကချင်ပြည်နယ်ရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး မြို့သိမ်းပိုက်ရေးတိုက်ပွဲအတွင်း တော်လှန်ရေးအင်အားစုတွေဘက်မှ KIA၊ KPDFအပါအဝင် အညာဒေသမှ တော်လှန်ရေးအင်အားစုတွေပါဝင်တိုက်ခိုက်နေသလို၊ စစ်ကောင်စီဘက်မှလည်း စကခ(၂၁)လက်အောက်ခံတပ်တွေအပြင် စစ်ကူအင်အားအမြောက်အများနဲ့ ခုခံနေတယ်လို့ သိရပါတယ်။

Photo-ပုံဟောင်း

အမှားပြင်ဆင်ချက်

🟥အမှတ်(၇၀၀၆)သံချပ်ကာတပ်ရင်းကို အမှတ်(၅၀၁၄)တင့်ကားတပ်ရင်းဟု ပြောင်းလဲပြင်ဆင်ထားပါတယ်။

Leave a Comment

Latest Post

Latest Post