ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA ) ဥက္ကဋ္ဌ၊ အာရက္ခတပ်တော် (AA) ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ မွတ်ဆလင် အသိုင်းအဝန်းခေါင်ဆောင်တွေဟာ မောင်တောမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပြီး ရခိုင်ပြည်တည်ဆောက်ရေးမှာ အကုန်လုံးပူးပေါင်းပါဝင်ဖို့ ပြောကြားခဲ့တာတွေရှိတယ်လို့ သိရပါတယ်။
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၃၀ ရက်နေ့၊ မောင်တောမြို့က မွတ်ဆလင် အသိုင်းအဝန်းခေါင်းဆောင်တွေ၊ ဒေသခံပြည်သူတွေနဲ့ တိုက်ရိုက်တွေ့ဆုံကာ ဒေသအတွင်းတည်ငြိမ်အေးချမ်းရေး၊ ရခိုင်ပြည်တည်ဆောက်ရေးနဲ့ နောက်လာမဲ့အနာဂတ် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်တွေကို တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒီတွေ့ဆုံမှုမှာ မွတ်ဆလင်ဘာသာရေး ခေါင်းဆောင်တွေကလည်း ၁၃ နှစ်ကြာ ပိတ်ပင်ထားခဲ့ရတဲ့ မောင်တောမြို့မ ဂျာမေဗလီကြီးကို ပြန်လည်ဖွင့်လှစ်ပေးဖို့ အာရက္ခတပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။
မောင်တောမြို့မ ဂျာမေဗလီကြီးကို ဖွင့်ပေးဖို့ မွတ်ဆလင်ဘာသာရေး အကြီးအကဲတွေရဲ့တောင်းဆိုမှုကြောင့် အာရက္ခတပ်တော် AA က ဦးစီးကာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၂ ရက်နေ့မှာ AA က တာဝန်ရှိသူတွေ၊ မွတ်ဆလင်အကြီးအကဲတွေ၊ အခြားလူမျိုးစုတွေအပါအဝင် လူပေါင်း ၃၀၀ ကျော်နဲ့ ပြန်လည်ဖွင့်လှစ်ပေးခဲ့တယ်လို့ သိရပါတယ်။
“၈ လပိုင်း ၃၀ ရက်နေ့က ကျနော်တို့ ဗိုလ်ချုပ်ရောက်လာပါတယ်။ ဗိုလ်ချုပ်ရောက်တဲ့အခါ ကျနော်တို့ ဗလီကြီးကို ဖွင့်ဖို့အတွက် တင်ပြပါတယ်။ တင်ပြလိုက်တဲ့ ကြိုးစားချက်ပေါ့ စက်တင်ဘာလ ၁၂ ရက်နေ့မှာ ဗလီကြီးကို ဖွင့်ပေးပါတယ်။ အခုလို ဖွင့်ပေးတာကို အထူးကျေးဇူးတင်ပါတယ်။ ဝမ်းလည်းဝမ်းသာပါတယ် ”
လို့ မောင်တောခရိုင်မွတ်ဆလင်ရေးရာ ကော်မတီ ဥက္ကဌ ဦးမောင်မောင်အေးက ရခိုအခြေစိုက် အာရက္ခမင်းသမီးမီဒီယာ (APM) ကို ဖြေဆိထားပါတယ်။ အာရက္ခတပ်တော် AA စစ်ဦးစီးချုပ် အခုလို မြေပြင်ကွင်းဆင်းပြီးတော့ တိုက်ရိုက် မွတ်ဆလင်အကြီးအကဲတွေနဲ့ တွေ့ဆုံတာဟာ လူမျိုးနှစ်ခုကြားမှာ အဓိကသဟဇာတဖြစ်ရေး၊ ငြိမ်းချမ်းစွာအတူနေထိုင်ရေးကို အလေးပေးဆောင်ရွက်နေတာ ဖြစ်တယ်လို့ ရခိုင်လူငယ်အမျိုးသမီးတစ်ဦးက BBM ကိုပြောပါတယ်။
“ဗိုလ်ချုပ်က မြေပြင်မှာ ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေကို သွားပြီးတော့ မွတ်ဆလင်လူမျိုးတွေနဲ့ တွေ့ဆုံခဲ့တာရှိပါတယ်။ ကျမအမြင်မှာကျတော့ လူမျိုးတစ်မျိုးနဲ့ တစ်မျိုး အဓိကသဟဇာတဖြစ်ရေးနဲ့ ငြိမ်းချမ်းစွာနေထိုင်ရေးကို ဗိုလ်ချုပ်အနေနဲ့ ဦးစားပေးလုပ်ဆောင်တယ်လို့ မြင်ပါတယ် “
လို့ အဆိုပါ အမျိုးသမီးက ပြောပါတယ်။ စစ်ကောင်စီဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀ ကျော်က ရခိုင်ပြည်မှာ လူမျိုးအချင်းချင်းကို ကြိုက်သလို ခွဲခြားအုပ်ချုပ်ခဲ့တာကြောင့် အခွင့်အရေးတွေမှာလည်း များစွာဆုံးရှုံးခဲ့ရပြီး စစ်ကောင်စီတပ်က အုပ်ချုပ်ခဲ့တဲ့ အတိတ်က သင်ခန်းစာတွေကိုလည်း ယူကြပြီးတော့ ရခိုင်ပြည်သစ်တစ်ခု တည်ဆောက်သွားဖို့အတွက် အကုန်လုံးမှာ တာဝန်ရှိတယ်လို့လည်း ဗလီကြီးဖွင့်ပွဲအခမ်းအနားမှာ ဂျုရီအကြီးအကဲ ဗာဆဲလ်က ရခိုင်ပြည်အခြေစိုက် အာရက္ခမင်းသမီးမီဒီယာကို ပြောဆိုထားပါတယ်။
“စစ်ကောင်စီဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ကျော်က ရခိုင်ပြည်မှာ လူမျိုးအချင်းချင်းကို ကြိုက်သလို ခွဲခြားအုပ်ချုပ်ခဲ့ပါတယ်။ သူတို့ကတော့ ရခိုင်ကိုတစ်မျိုး၊ မွတ်ဆလင်ကိုတစ်မျိုး၊ ဟိန္ဒူကိုတစ်မျိုး အဲဒီလိုခွဲခြားအုပ်ချုပ်ခဲ့တာပါ။ ရခိုင်မှာ လူမျိုးအချင်းချင်း သင့်မြတ်တာကိုလည်း သူတို့က မလိုလားကြဘူး။ အဲတာတွေကို သင်ခန်းစာယူကြပြီးတော့ အာရက္ခပြည်သစ်တစ်ခု တည်ဆောက်သွားဖို့အတွက် အကုန်မှာ တာဝန်ရှိပါတယ်။ ဒါကြောင့် အတိတ်ကအကြောင်းတွေကို သင်ခန်းစာ ယူကြပြီးတော့ အနာဂတ်တိုင်းပြည်တည်ဆောက်ရေးမှာ ပူးပေါင်းပါဝင်ဖို့အတွက် အကုန်လုံးကို တိုက်တွန်းပါတယ်”
လို့ သူကဆက်ပြောပါတယ်။ မောင်တောမြို့မ ဂျာမေဗလီကြီးကို ၂၀၁၂ ခုနှစ်၊ ဦးသိန်းစိန်အစိုးရလက်ထပ်က လူမျိုးရေး ပဋိပက္ခအရေးအခင်းကြောင့် ပိတ်ပင်ထားခဲ့တာဖြစ်ပြီး လက်ရှိ ၁၃ နှစ်အကြာမှာ အာရက္ခတပ်တော် (AA)နဲ့ မွတ်ဆလင်ခေါင်းဆောင်တွေက တွေ့ဆုံကာ ပြန်လည်ဖွင့်လှစ်ခဲ့တာလည်း ဖြစ်ပါတယ်။