Sunday, December 21, 2025
Home » ကျောက်မဲတိုက်ပွဲပြင်းထန်ကာ စစ်တပ်က ကျောက်မဲမြို့အဝင် ပတ်ချာလည်အထိ ရောက်ရှိလာနေ

ကျောက်မဲတိုက်ပွဲပြင်းထန်ကာ စစ်တပ်က ကျောက်မဲမြို့အဝင် ပတ်ချာလည်အထိ ရောက်ရှိလာနေ

0 15
15

🟥 ကျောက်မဲမြို့ကို ပြည်ထောင်စုလမ်းမကြီးအပြင် မိုင်းတင်းလမ်းခွဲဘက်ကပါ စစ်တပ်မှထိုးစစ်ဆင်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့တိုက်ပွဲမှာ ပြင်းထန်နေပြီး စစ်တပ်ဘက်မှ TNLAနဲ့တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ နေရာအချို့ကို သိမ်းပိုက်ကာကျောက်မဲမြို့အဝင် ပတ်ချာလည်အထိ ရောက်ရှိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၂ ရက်နေ့က စစ်ကောင်စီ ထိန်းချုပ်ထားရာ နောင်ပိန်ရွာနဲ့ကျောက်မဲမြို့ကြားရှိ ခိုက်တုန်ဟုန်ကျေးရွာကို စစ်တပ်ဘက်မှ သိမ်းပိုက်နိုင်ခဲ့ပြီး အဆိုပါကျေးရွာဟာ TNLA သိမ်းပိုက်ထားတဲ့ ကျောက်မဲမြို့နဲ့ နီးကပ်နေပြီဟုလည်း သိရပါတယ်။

စစ်ကောင်စီအနေနဲ့ ဂုတ်ထိပ်တစ်ဖက်ကမ်းမှာရှိတဲ့ ကျောက်မဲမြို့နယ်ထဲက နောင်ပိန်ကျေးရွာကို သြဂုတ်လ နောက်ဆုံးအပတ်မှစတင်ကာတိုက်ခိုက်သိမ်းပိုက်ခဲ့တာ ဖြစ်ပြီး ထိုမှတဆင့် ကျောက်မဲမြို့ကို ဆက်လက်ထိုးစစ်ဆင်လာတာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကျောက်မဲမြို့ကို ထိုးစစ်ဆင်ရာမှာ နောင်ချိုမြို့နဲ့ နောင်ပိန်ကျေးရွာတို့ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တုန်းကကဲ့သို့ပင် လက်နက်ကြီးနဲ့ဒရုန်းကို ဦးစွာပထမ အသုံးပြုပြီးမှသာ မြေပြင်စစ်ကြောင်းတွေက တဖြည်းဖြည်းတိုးလာနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေထံမှ သိရပါတယ်။

“ခိုက်တုန်ဟုန်း မှာတော့ စကစရသွားတဲ့အတွက် ကျောက်မဲနဲ့ဆို ၈မိုင်ပတ်ချာလည်မှာ စကစ စိုးမိုးသွားပါပြီ၊ ကျောက်မဲလည်းနောင်ချိုနဲ့အလားသဏ္ဍန်တူတယ်ခင်ဗျ၊ ဒရုန်းချ လက်နက်ကြီးပစ်၊ ရှေ့တိုး၊ ဒီလိုပဲ လုပ်လာကြတာဗျ”

ဟု ဒေသခံပြည်သူတစ်ဦးမှ BBM ကိုပြောပါတယ်။ ကျောက်မဲမြို့ကို ထိုးနေတဲ့ စစ်ကောင်စီစစ်ကြောင်းတစ်ခုကို ပြီးခဲ့တဲ့၁၄ရက်နေ့က ၎င်းတို့လေတပ်မှပင် မှားယွင်းဗုံးကြဲတာတွေပြုလုပ်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား (၂၀)ကျော်သေဆုံးခဲ့ရသေးတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင်စစ်ကောင်စီစစ်ကြောင်းတွေဟာ ခိုက်တုန်ဟုန်ကျေးရွာအကျော်က တောင်ဆေးလိပ်ရွာကိုလည်း လေကြောင်းတိုက်ခိုက်မှုအချို့ပြုလုပ်ပြီး စစ်ကြောင်းတိုးတာတွေ စတင်ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။

ဒါတင်မက စစ်ကောင်စီစစ်ကြောင်းတွေဟာ ကျောက်မဲမြို့ကို ပြည်ထောင်စုလမ်းမကြီးဘက်က စစ်ကြောင်းတွေအပြင် မိုင်းတင်ကျေးရွာဘက်ကပါ နှစ်ဖက်ညှပ်ဖိအားပေးလိုဟန်ရှိပြီး အဆိုပါမိုင်းတင်းကျေးရွာကိုသွားရာလမ်းတစ်လျှောက် တိုက်ပွဲဖြစ်ပွါးနေတယ်လို့လည်း သိရပါတယ်။

မိုင်းတင်းကျေးရွာဟာ ကျောက်မဲမြို့နဲ့ မိုင်းလုံမြို့ကြားမှာရှိတဲ့ ဗျူဟာအရ အရေးပါတဲ့ ကျေးရွာတစ်ရွာဖြစ်ပြီး အဆိုပါကျေးရွာကိုစစ်ကောင်စီဘက်က ရရှိသွားမယ်ဆိုပါက ကျောက်မဲမြို့နဲ့ မိုင်းလုံမြို့တို့မှာရှိနေတဲ့ တော်လှန်ရေးအင်အားစုတွေအတွက် စစ်ရေးအရ ပိုမို ဖိအားပေးခံရနိုင်ချေရှိတယ်လို့လည်း ၎င်းမှဆက်ပြောပါတယ်။

” မိုင်းတင်းဘက်ကိုလည်း စစ်တပ်ကတောက် လျှောက်တိုးနေပြီး တိုက်ပွဲလည်တောက်လျှောက် ဖြစ်နေတယ်ခင်ဗျာ၊ စကစ ရှေ့ပြေးတပ်အချို့က စခန်းသာ(မိုင်းတင်းလမ်းခွဲ)အနီးရောက်တယ်လို့ကြားနေရပါပြီခင်ဗျာ (အတည်ပြုဖို့ဆက်သွယ်ထားဆဲ)ပါ”

အဆိုပါမိုင်းတင်းကျေးရွာကို စစ်ကောင်စီနဲ့တိုက်ပွဲဖြစ်ပွါးခြင်းမရှိတဲ့ ရှမ်းမြောက်လက်နက် ကိုင်တပ်ဖွဲ့SSPPမှ ထိန်းချုပ်ထားပြီး အဆိုပါကျေးရွာလမ်းတစ်လျှောက်ကတိုက်ပွဲတွေနဲ့ပတ်သတ်ကာ TNLAမှ အရာရှိတစ်ဦးကို BBM မှဆက်သွယ်မေးမြန်းရာမှာတော့

” အဲ့တာကတော့ ပြောဖို့ တစ်စုံတစ်ရာမရှိပါဘူး ၊ အဓိက ကတော့ ဒီ တော်လှန်ရေးဘက်မှာပဲ ကိုယ်လုပ်စရာရှိတဲ့အလုပ်ကိုပဲ တစိုက်မက်မက်လုပ်နေရတဲ့အခြေအနေပါ”

ဟု ပြောပါတယ်။ စစ်ကောင်စီအနေနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက ရွေးကောက်ပွဲပြုလုပ်မဲ့ မြို့နယ်တွေကိုထုတ်ပြန်ကြေငြာရာမှာ TNLAထိန်းချုပ်ရာယခုတိုက်ပွဲပြင်းထန်နေတဲ့ ကျောက်မဲမြို့အပြင် မိုးကုတ်မြို့တို့ကိုပါထည့်သွင်းကြေငြာသွားတာကြောင့် အဆိုပါမြို့နယ်တွေအတွင်း ဆက်လက်တိုက်ပွဲပြင်းထန်လာနိုင်ချေရှိတယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောဆိုမှုတွေရှိနေပါတယ်။

Photo-ပုံဟောင်း

Leave a Comment

Latest Post

Latest Post