Monday, December 22, 2025
Home » ဝက်လက်မြို့နယ်နဲ့ စစ်ကိုင်းမြို့နယ်ကို ၄ လ ကြာ စစ်ကြောင်းထိုးခဲ့တဲ့ စစ်ကောင်စီတပ်ဟာ သံဃာတော်တွေ အပါအဝင် ပြည်သူ ၂၇ ဦးကို သတ်ဖြတ်ခဲ့

ဝက်လက်မြို့နယ်နဲ့ စစ်ကိုင်းမြို့နယ်ကို ၄ လ ကြာ စစ်ကြောင်းထိုးခဲ့တဲ့ စစ်ကောင်စီတပ်ဟာ သံဃာတော်တွေ အပါအဝင် ပြည်သူ ၂၇ ဦးကို သတ်ဖြတ်ခဲ့

0 17
17

စစ်ကိုင်းတိုင်း၊ ဝလက်လက်မြို့နယ်နဲ့ စစ်ကိုင်းမြို့နယ်တွေကို ၄ လ အကြာ စစ်ကြောင်းထိုးခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ကျေးရွာတွေက သံဃာတော်တွေအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ ၂၇ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ Wetlet Informational Network က တာဝန်ရှိသူတစ်ဦးက BBM ကို ပြောပါတယ်။

စစ်ကောင်စီဟာ မေလ ၂၈ ရက်နေ့က စတင်ကာ ဝက်လက်မြို့နယ်နဲ့ စစ်ကိုင်းမြို့နယ်အစပ်က စဉ့်ကိုင်(တောင်ရွာမြောက်ရွာ)၊ တလိုင်းရွာ၊ ခက်ခရွာ(အရှေ့/အနောက်)၊ မိုးကြိုး၊ ရွာတန်းရှည်၊ သဲကျွန်း၊ ငါးရယ်၊ တိုက်ရွာ(အောက်ရွာ အထက်ရွာ)၊ စမွန်းရွာ၊ ကြခတ်ရွာ၊ လင်းယဉ်ရွာသစ်ရွာ၊ လင်းယဉ်ရွာ၊ မိုးသောက်ရွာ၊ ရှမ်းကုန်းရွာ၊ ကုန်းကြီးရွာ၊ ညောင်းကုန်းရွာ၊ ရေတွင်းဂါစတဲ့ ကျေးရွာတွေကို ဝင်ရောက်စီးနင်းခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုပါကျေးရွာတွေကို ဝင်ရောက်စီးနင်းခဲ့စဉ့်အတွင်းမှာ စစ်ကောင်စီဟာ မေလ ၂၈ ရက်နေ့ကနေ စက်တင်ဘာလ ၁၆ ရက်နေ့အထိ ကင်းကျေးရွာက ဘုန်းတော်ကြီး ၁ ပါးနဲ့ ပြည်သူ ၂ ဦး၊ ချောင်းမကြီးကျေးရွာက ပြည်သူ ၁ ဦး၊ မယ်ဇလီချောင်းကျေးရွာက ပြည်သူ ၁ ဦး၊ ရှိမ်းမကားကျေးရွာနဲ့ ငါးရယ်ကျေးရွာက ပြည်သူ ၃ ဦး၊ ရွာတန်းရှည်ကျေးရွာက ပြည်သူ ၃ ဦး၊ သဲကျွန်းကျေးရွာက ပြည်သူ ၄ ဦး၊ အောက်တိုက်ကျေးရွာက ပြည်သူ ၁ ဦး၊ တလိုင်းကျေးရွာက ပြည်သူ ၄ ဦးနဲ့ စစ်ဘေးရှောင်ပြည်သူ ၅ ဦး၊ ခက်ခကျေးရွာက ပြည်သူ ၁ ဦး ဘုန်းတော်ကြီး ၁ ပါးတို့ကို ဖမ်းဆီးသတ်ဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။

အခုလို့ စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်တာကို ခံခဲ့ရတဲ့ကျေးရွာသားတွေရဲ့ သေဆုံးစာရင်းဟာ Wetlet Informational Network အဖွဲ့က ကောက်ယူထားတဲ့ စာရင်းတွေသာဖြစ်ပြီး မြေပြင်မှာ အခုထက်ပိုများနိုင်တယ်လို့လည်း Wetlet Informational Network အဖွဲ့ရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က အပြစ်မဲ့ ပြည်သူတွေကို သတ်ဖြတ်ခဲ့တဲ့အထဲမှာ ပြည်သူ့စစ်မှုထမ်း (ပစ) တွေ အများဆုံးပါဝင်နေတာဖြစ်ပြီး တပ်မ ၃၃၊ တပ်မ ၇၇ နဲ့ တပ်မ ၂၂ တပ်ရင်းတွေက အဓိကစစ်ကြောင်း ထိုးလာခဲ့ကြတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီ စစ်ကြောင်းကတော့ စစ်ကိုင်းမြို့နယ်၊ မဲကုန်းကနေ ၅ လပိုင်း ၂၈ ရက်နေ့က စပြီးထိုးတာဗျ။ အဲဒီမှာစပြီးတော့ ပြည်သူတွေကို သတ်ဖြတ်တာဖြစ်ပါတယ်။ စစ်ကြောင်းမှာ ပါဝင်တဲ့သူတွေက ပြည်သူ့စစ် (ပစ) တွေများပါတယ်။ သူတို့ဘတ်တံဆိပ်တွေ ကပ်ထားတာကျတော့ တပ်မ ၃၃၊ တပ်မ ၇၇၊ တပ်မ ၂၂ တို့ကဖြစ်ပါတယ်။ ဖမ်းဆီးခံခဲ့ရပြီး လွတ်မြောက်လာတဲ့ ပြည်သူတွေ ပြောပြချက်အရသိရတာပါ လို့ Wetlet Informational Network အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက BBM ကို ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ဝလက်လက်မြို့နယ်နဲ့ စစ်ကိုင်းမြို့နယ်တွေကို စစ်ကောင်စီတပ်က စစ်ကြောင်း ၂ ကြောင်းထိုးနေတာဖြစ်ပြီး နှစ်ကြောင်းလုံးမှာ အင်အား ရာနဲ့ချီပါဝင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ စစ်ကြောင်းတွေဟာ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာတွေကိုဝင်ရောက်ပြီး ကျေးရွာအတွင်း နေထိုင်တဲ့နေကြတဲ့ အရပ်သားပြည်သူတွေကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ကာ ရှေ့ကနေသွားခိုင်းတာ၊ PDF အဖွဲ့ဝင်ဖြစ်တယ်ဆိုပြီးတော့ သတ်ဖြတ်တာမျိုးတွေနဲ့ ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ပျက်စီးခဲ့တာတွေ ပြုလုပ်ခဲ့တယ်လို့လည်း Wetlet Informational Network အဖွဲ့ရဲ့ တာဝန်ရှိသူ ဆက်ပြောပါတယ်။

ဒီစစ်ကြောင်းက အရပ်သားပြည်သူတွေ အကုန်လုံးကို ဓားစာခံအနေနဲ့ ခေါ်ပါတယ်။ ခေါ်ပြီးတော့ ရှေ့ကနေ သွားခိုင်းတာမျိုး ရှိပါတယ်။ ဒီစစ်ကြောင်းဟာ အရပ်သားတွေကို PDF လို့ စွပ်စွဲပြီးတော့ သတ်ဖြတ်ထားတဲ့ ဗီဒီယိုဖိုင်မှတ်တမ်းတွေလည်း ရှိပါတယ်။

“အဲဒီစစ်ကြောင်းဟာ အခုအချိန်မှာ ထွက်သွားတာဖြစ်တာကြောင့် ပြည်သူတွေက ပြန်ဝင်ပြီးတော့ နယ်မြေရှင်းလင်းရေးတွေ စပြီးလုပ်ဆောင်နေရတာဆိုတော့ ဘယ်နှစ်အိမ် ဘယ်လောက်ပျက်စီးသွားတယ်ဆိုတာကိုတော့ မသိရသေးဘူး။ တစ်ချို့ရွာတွေကို စစ်ကြောင်းဝင်တဲ့အခါ ပြည်သူပိုင်ကားတွေကို မီးရှို့ပျက်စီးတယ်။ နေအိမ်တွေကို မီးရှို့ပျက်စီးခဲ့တာရှိပါတယ်” လို့ အဆိုပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။

အဲဒီစစ်ကောင်စီ စစ်ကြောင်းဟာ လက်ရှိအချိန်မှာ စစ်ကိုင်းမြို့နယ်၊ မုံညှင်းချောင်းကျေးရွာနဲ့ ညောင်းကုန်းကျေးရွာတွေကို ဆက်လက်စစ်ကြောင်းထိုးနေပြီး အဆိုပါကျေးရွာတွေက ဒေသခံပြည်သူတွေဟာ သတ္တိရှိရှိနေကြဖို့နဲ့ စစ်ကြောင်းအနီးသွားလာခွင့်မပြုကြဖို့ လိုအပ်တယ်လို့လည်း Wetlet Informational Network အဖွဲ့က တိုက်တွန်းထားပါတယ်။

အဆိုပါ စစ်ကောင်စီ စစ်ကြောင်းတပ်စွဲခဲ့တဲ့ ၄ လကျော်ကာလအတွင်းမှာ စစ်ကိုင်းမြို့နယ်၊ မဲဇလီချောင်းကျေးရွာက နွားကျောင်းနေတဲ့ အရပ်သားပြည်သူတစ်ဦးကို PDF အဖွဲ့ဝင်လို့ စွပ်စွဲပြီး ခေါင်းဖြတ်ကာ သတ်ဖြတ်ထားတဲ့ ဗီဒီယိုဖိုင်ကိုလည်း တွေ့ရှိရပါတယ်။

ပုံစာ – စစ်ကောင်စီတပ်သားများ စစ်ကြောင်းထိုးလာတာ တွေ့ရစဥ်။

#BBM#News#UpdateNews#Junta

Leave a Comment

Latest Post

Latest Post