စစ်ကောင်စီတပ်က ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာက နေအိမ်တွေကို ဖောက်ထွင်းကာ ပစ္စည်းတွေကိုယူဆောင်ပြီး နေအိမ်တွေကိုလည်း ဖျက်ဆီးနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ အခုရက်ပိုင်းအတွင်းမှာ နောင်ပိန်ကျေးရွာက နေအိမ်တွေနဲ့ စျေးဆိုင်ခန်းတွေကို ဖောက်ထွင်းကာ တန်ဖိုးရှိတဲ့ပစ္စည်းတွေကို ယူဆောင်နေတာဖြစ်တယ်လို့ ရှမ်းမြောက်က ဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။
“ဈေးဆိုင်နဲ့ လူနေအိမ်ကြီးအိမ်ကောင်းတွေက ပစ္စည်းတွေကိုယူတယ်ပါဗျ။ ပြီးတော့ အချို့အိမ်တွေကိုလည်း ချိုးဖျက် ဖျက်ဆီးခဲ့တာရှိပါတယ်။ တန်ဖိုးရှိတဲ့ ပစ္စည်းမှန်သမျှကိုလည်း အကုန်လုံးသယ်သွားပါတယ်”
လို့ ရှမ်းမြောက်က ဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ နောင်ပိန်ကျေးရွာကို ပြီးခဲ့တဲ့ သြဂုတ်လ ၂၆ ရက်နေ့က ထိန်းချုပ်လိုက်တာဖြစ်ပြီး ဒေသခံတွေကိုလည်း နောင်ပိန်ကျေးရွာကို ဝင်ခွင့်မပြုဘူးလို့လည်း သိရပါတယ်။
အလားတူ နောင်ပိန်ကျေးရွာအတွင်းမှာ ပိတ်မိနေကြတဲ့ ဒေသခံတွေကိုလည်း လုံးဝထွက်ခွာခွင့်မပြုဘဲ ကျေးရွာထဲမှာ ပိတ်လှောင်ထားပြီး စားဝတ်နေရေး အခက်အခဲတွေ ဖြစ်နေကြတယ်လို့လည်း သိရပါတယ်။
” စစ်ကောင်စီတပ်က နောင်ပိန်ကျေးရွာက ဒေသခံတွေအကုန်လုံးကို အပြင်ထွက်ခွာခွင့်မပြုဘဲ ပိတ်လှောင်ထားပါတယ်။ ပိတ်မိနေကြတဲ့သေခံတွေမှာ စားဝတ်နေရေးအခက်အခဲ ရှိနေကြပါတယ်။ အပြင်က ဒေသခံတွေကိုလည်း ကျေးရွာထဲကို ဝင်ခွင့်မပြုဘူးလို့သိရပါတယ်”
လို့ ကျောက်မဲမြို့နယ်က ဒေသခံတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ နောင်ပိန်ကျေးရွာကနေ ကျောက်မဲမြို့ကို အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးမှုတွေပြုလုပ်နေတာဖြစ်ပြီး လက်ရှိမှာ ကျောက်မဲမြို့နဲ့ ၈ မိုင်အကွာ ခိုက်တုန်ဟုန်းကျေးရွာအနီးကို ရောက်ရှိလာကာ တအာင်းတပ် TNLA နဲ့ တိုက်ပွဲတွေပြင်းထန်နေကြတယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီတပ်ဟာ နောင်ပိန်ကျေးရွာအတွင်းမှာ အင်အား ၂၀၀ ကျော်နဲ့ ခံစစ်အခိုင်အမာပြုလုပ်နေပြီး ကျောက်မဲ၊ မိုးကုတ်နဲ့ မိုင်းလုံမြို့နယ်တွေကိုလည်း ထိုးစစ်ဆင်ဖို့အတွက် ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။
ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာဟာ မန္တလေး – လားရှိုး လမ်းမကြီးဘေးမှာ တည်ရှိနေတာဖြစ်ပြီး ရှမ်းတောင်နဲ့ ရှမ်းမြောက်ကို ဆက်သွယ်ရေးမှာ အဓိကအချက်အချာကျတဲ့ ကျေးရွာကြီးတစ်ရွာလည်း ဖြစ်ပါတယ်။