Monday, December 22, 2025
Home » ဗန်းမောက်မြို့ဟာ စစ်ကောင်စီအတွက် ဘယ်လောက်အထိ အရေးပါသလဲ

ဗန်းမောက်မြို့ဟာ စစ်ကောင်စီအတွက် ဘယ်လောက်အထိ အရေးပါသလဲ

0 14
14

ကချင်ပြည်နယ်အစပ် စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့ကို တော်လှန်ရေပူးပေါင်းတပ်ဖွဲ့တွေက ၆ ရက်အကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် မြို့ပေါ်တစ်ခုလုံးကို မနေ့က စက်တင်ဘာလ ၂၀ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး ဖြစ်တယ်လို့ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ ရက်နေ့၊ နေလယ် ၁ နာရီကျော်အချိန်က ဗန်းမောက်မြို့ကို တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့ဝင်တွေက စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီနေ့မှာပဲ ဗန်းမောက်မြို့အဝင်က မြစ်သေးချင်းရွာက ကာကင်းကုန်း (၁)နဲ့ (၂)၊ တာဝါတိုင်ကုန်း ကာကင်းစခန်း၊ AGBT ကာကင်းစခန်း၊ ကျွဲကောကုန်း ကာကင်းစခန်းနဲ့ စက်တောကုန်း ကာကင်းစခန်း ၆ ခုထက်မနည်းကို သိမ်းပိုက်ရရှိခဲ့တာလည်း ဖြစ်ပါ တယ်။

ဗန်းမောက်မြို့ရှိ စစ်ကောင်စီတပ်တွေကို ဗျူဟာမှူး ရဉ်ထွန်းက ဦးဆောင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ် အပါဝင် ရှမ်းနီပြည်သူ့စစ် (SNA) တပ်တွေကလည်း မြို့ပေါ်မကျရေးအတွက် အင်အားအများအပြားနဲ့ ပူး ပေါင်း ခုခံခဲ့တယ်လို့လည်း ဗန်းမောက်မြို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောဆိုပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေရဲ့ တိုက်ခိုက်ခိုက်မှုကြောင့် အကျအဆုံးများခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ ရှမ်းနီပြည်သူ့စစ် (SNA) တို့ဟာ လက်ရှိမှာတော့ မြို့ပေါ်ကနေ ဗန်းမောက်မြို့ အရှေ့ဖက် ကို ဆုတ်ခွာထွက်ပြေးသွားကြတယ်လို့လည်း သိရပါတယ်။

“စစ်ကောင်စီတပ်နဲ့ ရှမ်းနီတပ်ဖွဲ့တွေက အင်အားမမျှတာကြောင့် ဗန်းမောက်မြို့ကနေ နောက်ဆုတ်ပေး လိုက်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက သိမ်းသွားပြီးလို့သိရပါတယ်။ ဗန်းမောက်မြို့အရှေ့ဖက်ကို ဆုတ်သွားကြတယ်ဆိုပြီးတော့လည်း သိရပါတယ်”

လို့ ဗန်းမောက်မြို့စစ်ရေးသတင်းရင်းမြစ်တစ်ဦးက BBM ကို ပြောပါတယ်။ ဗန်းမောက်မြို့သိမ်းတိုက်ပွဲအတွင်းမှာ မြို့ခံ ၂၀၀၀ ကျော်မှာလည်း ပိတ်မိနေခဲ့တာဖြစ်ပြီး လက်ရှိမှာတော်လှန် ရေးတပ်ဖွဲ့ဝင်တွေက ကယ်ထုတ်နိုင်ခဲ့ပြီးဖြစ်တယ်လို့လည်း သိရပါတယ်။

ဗန်းမောက်မြို့ဟာ စစ်ကောင်စီတပ်နဲ့ ရှမ်းနီတပ်တွေအတွက် အရေးပါအချက်အချာကျတဲ့ မြို့ငယ်လေး တစ်ခုဖြစ်ပြီး ရွှေလုပ်ကွက်တွေ၊ ဘိန်းနဲ့ လောင်းကစားလုပ်ငန်းတွေ၊ သစ်ထုတ်လုပ်မှု မှောင်ခိုတွေနဲ့ ဓာတ်ဆီမှောင်ခိုဈေးကွက်တွေ များပြားတဲ့မြို့တစ်ခုလည်း ဖြစ်ပါတယ်။

လက်ရှိ ဆုတ်ပေးလိုက်ရတဲ့ ဗန်းမောက်မြို့ကို စစ်ကောင်စီတပ်နဲ့ ပူးပေါင်းတပ် ရှမ်းနီပြည်သူ့စစ် (SNA) အဖွဲ့တွေဟာ မြို့ပေါ်နဲ့ ၂ မိုင်လောက်အကွာဝေးမှာ အင်အားပြန်လည်ဖြည့်တင်းကာ မြို့ပေါ်ကို ပြန် လည်ထိုးစစ်ဆင်တိုက်ခိုက်ဖို့ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။

အဆိုပါနေရာကို ဟုမ္မလင်းမြို့နယ်ရှိ ခြေလျင်တပ်တွေ၊ တပ်မ (၇၇) တပ်ရင်းတွေက စစ်ကူပို့ပေးနေတာတွေ ရှိတယ်လို့လည်း စစ်ရေးသတင်းရင်းမြစ် တွေဆီက သိရပါတယ်။

စစ်ကောင်စီဟာ မုံရွာအလုံတပ်နယ်က ရဟတ်ယာဉ် ၂ စီး၊ ဟုမ္မလင်း လေတပ်ကိုလည်း Y 8 နဲ့ အင်အား ၁၀၀ ကျော်၊ အလုံတပ်နယ်မှာလည်း အင်အား ၅၀၀ ခန့် အင်အားဖြည့်စုဖွဲ့ထားကာ ဗန်းမောက်မြို့ကို ပြန်လည်တိုက်ခိုက်မဲ့ အနေအထားမျိုး ဖြစ်တယ်လို့ CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်ပါတယ်။

“ဗန်းမောက်ကိုသာ ရလိုက်ရင် စစ်ကိုင်းတိုင်း အထက်ပိုင်းနဲ့ ကချင်ပြည်နယ်ကို ဖြတ်တောက်ထားနိုင်တဲ့ အနေအထားမှာ နောက်တစ်ပေါက်ကို ပိတ်ထားနိုင်တာလည်း ဖြစ်ပါတယ်။ ပထမကတော့ အင်းတော်နဲ့ ပင်လည်ဘူးဖက်တွေကို ပိတ်ထားပြီးသားဖြစ်ပါတယ်။ ဗန်းမောက်ကိုသာ ရပြီးဆိုရင်တော့ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းကို လုံးဝထပ်ခြမ်း ခြမ်းလိုက်တဲ့အနေအထားမျိုးလို့ ပြောလို့ရပါတယ်”

လို့ CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်ပါတယ်။ စစ်ကိုင်းတိုင်းထဲမှာ တော်လှန်ရေးပူးပေါင်းတပ်တွေက ဗန်းမောက်မြို့အပါဝင် ရွှေပြည်သာ၊ ပင်လည်ဘူး၊ မော်လူး၊ မြိုသစ်၊ ခမ်းပါတ်နဲ့ အင်းတော်မြို့ ၇ မြို့ သိမ်းပိုက်ထိန်းချုပ်ထားပြီးလည်း ဖြစ်ပါတယ်။

လက်ရှိ စစ်ကိုင်းတိုင်းထဲမှာတော့ အထက်ပိုင်းက မြို့နယ်တွေဖြစ်ကြတဲ့ လဟယ်၊ လေရှီးစတဲ့မြို့နယ်တွေသာ ကျန်တော့မှာဖြစ်ပြီး ဧရာဝတီမြစ်ဝှမ်းတစ်လျှောက်ကိုလည်း တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်ထိန်းချုပ်ထားတဲ့ အနေအထားလည်း ဖြစ်ပါတယ်။

စစ်ကောင်စီဟာ ဧရာဝတီမြစ်အရှေ့ဘက်ကနေ ကချင်ပြည်နယ်၊ ဗန်းမော် မြို့ကို စစ်ကူတွေအများအပြားပို့ဆောင်နေတာဖြစ်ပြီး လိုင်ဇာဖက်တွေကိုပါ ဖိအားပေး တိုက်ခိုက်လာနိုင်တဲ့အတွက် KIA နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေဟာ ဧရာဝတီမြစ် အနောက်ဖက်ဒေသက ဗန်းမောက်မြို့ကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ ရက်နေ့ စတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

ဗန်းမောက်မြို့သိမ်းတိုက်ပွဲကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA အပါအဝင် အမှတ် (၁) စစ်ဒေသ၊ ကသာခရိုင် ကွပ်ကဲရေးမှူး ဦးဆောင်မှုနဲ့ ကသာခရိုင်တပ်ရင်း (၂၊ ၄၊ ၅)တပ်ရင်းတွေ၊ အမှတ် (၁) စစ်ဒေသစစ်ကြောင်းတွေ၊ အထူးလှုပ်ရှားတပ်ရင်းတွေ၊ ကသာခရိုင်ပကဖလှုပ်ရှားရေးအဖွဲ့တွေ၊ ကသာခရိုင်လက်နက်ကြီး အဖွဲ့တွေ၊ ဗန်းမောက်မြို့နယ်ရှိ ဒေသခံတပ်ရင်းတွေ၊ အင်းတော် အခြေစိုက် PDF အဖွဲ့တွေ၊ ကသာ၊ ထီးချိုင့် အခြေစိုက်တပ်ရင်းတွေနဲ့ ကဒူးကာကွယ်ရေးတပ်ရင်းတွေ ပူးပေါင်းပါဝင် တိုက်ခိုက်နေတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဗန်းမောက်မြို့ဟာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ အင်းတော်၊ မော်လူး၊ ပင်လည်ဘူးမြို့တွေ ဝိုင်းရံထားတဲ့ နေရာတွေမှာတည်ရှိနေတာဖြစ်ပြီး အင်းတော်နဲ့ ကားလမ်းအတိုင်းဆိုရင် မိုင် ၃၀ ၊ မော်လူးနဲ့ဆိုရင် မိုင် ၅၀၊ ပင်လည်ဘူးမြို့နဲ့ဆိုရင် မိုင် ၆၀ ကျော်အကွာမှာ တည်ရှိနေတာလည်း ဖြစ်ပါတယ်။

#BBM#News#UpdateNews#junta#Peopledefenseforce#ဗန်းမောက်

Leave a Comment

Latest Post

Latest Post